ဦးဝီရသူဟောပြောပွဲတွင် ကန့်ကွက်သူနှစ်ဦးကို ရဲက အမှုဖွင့်

ဦးဝီရသူဟောပြောပွဲတွင် ကန့်ကွက်သူနှစ်ဦးကို ရဲက အမှုဖွင့်
ကိုအောင်မြင့်အား ရဲတပ်ဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားစဉ် နောက်မှ ပြေးလိုက်ပြီး ရန်ပြုသူတချို့ ရှိခဲ့သည် (ဓာတ်ပုံ - MPA)

ယမန်နေ့ညနေက ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး လူစုလူဝေးပွဲတွင် အမျိုးသားရေးဘုန်းကြီး  ဦးဝီရသူ ဟောပြောနေစဉ် ၎င်း၏ပြောဆိုချက်ကို လူအုပ်ထဲမှ ဆန့်ကျင် မှတ်ချက်ပေးခဲ့သည်ဟု စွပ်စွဲခံရသူ နှစ်ဦးအား ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်လိုက်သည်။

ဦးဝီရသူက တပ်မတော်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်တွင်း ဦးဆောင် ကြိုးပမ်းနေမှုများ၊ ထိုကြိုးပမ်းမှုများအား ထောက်ခံနေသူများကို ၎င်း၏ ဟောပြောမှုတွင် မေးခွန်းများ ထုတ်ခဲ့သည်။ 

ဒီမိုကရေစီ ပြည့်ဝတာတွေ၊ စံမှီတာတွေကော ပြည့်စုံသွားပြီလား။ ကိုယ့်ဘက်ကတော့ ဘာမှ မပြည့်စုံဘူး သက်မဲ့စာအုပ်ကြီးကိုပဲ လက်ညိုးထိုးနေရင် ဦးဇင်းတို့ကတော့ ဒါ လမ်းလွဲနေပြီလို့ ဦးဇင်းတို့က ပြောရမယ် ဟု  ဦးဝီရသူက ဆိုသည်။

လမ်းလွဲနေပြီဟု ၎င်းက ပြောလိုက်စဉ် ဟောပြောစင်ရှေ့ရှိ လူအုပ်ထဲမှ မလွဲပါဘူး ဟူသော အသံ ထွက်ပေါ်လာသည်။ မကြာမီ ရုန်းရင်းဆန်ခတ် ဖြစ်သွားရာ ထိုသို့ ကန့်ကွက်စကားသံ ထွက်သည့် နေရာမှ  လူငယ်နှစ်ဦး ဝိုင်းဝန်း ထိုးကြိတ်ခံကြရကြောင်း မျက်မြင်သက်သေတချို့က ဆိုသည်။

မျက်မြင်သက်သေတစ်ဦးမှာ ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ ကိုအောင်မြင့် ဖြစ်သည်။

ကောင်လေးတစ်ယောက်ကို အမျိုးသမီးတစ်ဦးက ပါးရိုက်တယ်၊ ကျန်တဲ့ အမျိုးသားတွေက ဝိုင်းထိုးတယ်။ နောက် သူကော၊ သူနဲ့ပါလာတဲ့ တစ်ယောက်ကော အသက်လု ထွက်ပြေးကြတယ်။ ဝိုင်းရိုက်နေတဲ့အချိန် ကျွန်တော်က ရဲတပ်ဖွဲ့ဝင်တွေလည်း ရှိနေတာပဲ၊ မလုပ်ကြပါနဲ့၊ ဥပဒေနဲ့အညီ လုပ်ကြပါ ဆိုပြီး ဝင်တားတယ်။ အဲဒီလိုတားလို့ ကျွန်တော့်ကိုပါ ဝိုင်းထိုးကြတယ် ဟု ကိုအောင်မြင့်က ရှင်းပြသည်။

ကိုအောင်မြင့်သည် ဦးဝီရသူဟောပြောချက်အား ဖီလာဆန့်ကျင်ပြောသည့် တောင်ဒဂုံမြို့နယ်မှ  ကိုအောင်ကိုသက်၊  ကြည့်မြင်တိုင်မြို့နယ်မှ ကိုပြည့်ဖြိုးထွန်းတို့နှင့် အတူ အဖမ်းခံလိုက်ရသည်။

ကျောက်တံတားမြို့နယ်ရဲစခန်းက ကိုပြည့်ဖြိုးထွန်း၊  ကိုအောင်ကိုသက်တို့ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ချိုးဖောက်မှုဖြင့် အမှုဖွင့်ခဲ့ပြီး ည ၁၁ နာရီတွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးသည်။

သူတို့နှစ်ယောက်ကတော့ (စုဝေးဟောပြောနေတာကို) နှောက်ယှက်တဲ့အတွက် အမှု ဖွင့်လိုက်ရတာပါ ဟု ကျောက်တံတားမြို့နယ်မှုး ရဲမှူး မျိုးသက်က ဆိုသည်။

 

အခင်းဖြစ်စဉ်တွင် ဝင်ရောက်ဖြန်ဖြေရန် ကြိုးပမ်းသည့် ကိုအောင်မြင့်ကိုလည်း အမှုမဖွင့်ဘဲ တစ်ချိန်တည်း ပြန်လွှတ်ပေးခဲ့သည်။

ကိုပြည့်ဖြိုးထွန်း ထိုးနှက်ခံရမှုကြောင့် နဖူးတွင် ဖူးရောင်ဒဏ်ရာ အနည်းငယ် ရရှိထားပြီး၊ ကိုအောင်ကိုသက်၏ နဖူးလည်း အနည်းငယ် ပေါက်ပြဲနေသည်ကို  Myanmar Now က ရဲစခန်းတွင် တွေ့ခဲ့ရသည်။ ၎င်းတို့နှစ်ဦးမှာ ဒဂုံမြို့နယ်ရှိ လျှပ်စစ်ဌာန ဝန်ထမ်းများ ဖြစ်ကြောင်း၊ ရုံးအပြန် ဘတ်စ်ကားဂိတ်တွင် စောင့်နေစဉ် အခင်းဖြစ်ပွားခြင်းဖြစ်ကြောင်း ဆိုသည်။

ကျွန်တော်တို့က နည်းနည်းလည်း မူးနေတာ။ ဘယ်နှစ်ချက်ထိုးခံရလည်းတောင် မသိတော့ဘူး ဟု ကိုပြည့်ဖြိုးထွန်းက ဆိုသည်။

မျက်မြင်သက်သေတစ်ဦးဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်သည်ကို ဖြန်ဖြေရန် ကြိုးပမ်းခဲ့သည့် ကိုအောင်မြင့်သည် ကျောက်တံတားမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။    ရဲတပ်ဖွဲ့ဝင်များသည် ဦးဝီရသူတို့ ဘက်မှ ဝင်ရောက်ထိုးနှက်သူများကို ထိထိရောက်ရောက် တားဆီးမှု မရှိခဲ့ဟု သူက  ဝေဖန်သည်။

ကျွန်တော်ကိုယ်တိုင်တောင်မှ ရဲက လက်ထိပ်နဲ့ဖမ်းသွားလို့ လိုက်သွားတဲ့အချိန်မှာ နောက်ကနေ ဝင်ကန်ခံရသေးတယ်။ သူတို့က ဖိဖိစီးစီးနဲ့ လုပ်မယ်ဆို အနားတောင် ဘယ်ကပ်ရမလဲ ဟု ၎င်းက ဆိုသည်။

ကျောက်တံတားမြို့နယ်ရဲမှူး မျိုးသက်ကမူ ရုန်းရင်းဆန်ခတ်ဖြစ်သည့် နေရာတွင် လူအများအပြား ရှိနေသည့်အတွက် ဝင်ရောက် ထိုးနှက်သူများ မည်သူမည်ဝါ ဆိုသည်ကို မသိရှိရဟု ဆိုသည်။

ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ ဖောက်ဖျက်သူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်၊ ငွေဒဏ်တို့ ချမှန်နိုင်ကြောင်း ဥပဒေ ပြဋ္ဌာန်းထားသည်။

ကိုပြည့်ဖြိုးထွန်း၊ ကိုအောင်ကိုသက်တို့ကို   ကျောက်တံတား တရားရုံးတွင် ရုံးတင် စစ်ဆေးသွားမည်ဖြစ်သည်။

ဦးဝီရသူ ဟောပြောနေစဉ် လူအုပ်ထဲမှ နေပြီး ဆန့်ကျင် မှတ်ချက်ပေးခဲ့သည်ဟု စွပ်စွဲခံရသူ  ပြည့်ဖြိုးထွန်းကို ရဲတပ်ဖွဲ့ဝင်များ ခေါ်ဆောင်လာစဉ်  (ဓာတ်ပုံ - MPA)

ရှပ်အင်္ကျီပြာ ဝတ်ဆင်ထားသူ ကိုအောင်မြင့်က ရုန်းရင်းဆတ်ခတ်မှုတွင် ဝင်ရောက်ဖြေရှင်းရာ ယာယီ အထိန်းသိမ်းခံလိုက်ရသည်  (ဓာတ်ပုံ - MPA)

##

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required