စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၄ ။              ။ စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဒုတိယဥက္ကဋ္ဌ ဦးစောထွန်းကြည်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည် တို့ကို အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများခင်ဗျာ -

အားလုံးမင်္ဂလာပါ။

ကျွန်တော်ကတော့ ကရင်ပြည်နယ်မှ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (K. U.D.P) ဒုတိယဥက္ကဋ္ဌ ဦးစောထွန်းကြည်ဖြစ်ပါတယ်။ စည်းလုံးညီညွတ်သောကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီရဲ့ရည်ရွယ်ချက်၊သဘောထားများ၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို အကျဉ်းချုပ်တင်ပြသွားပါမယ်။

(၁) စည်းလုံးညီညွတ်သော ကရင်ပြည်သူများအတွင်း တရားမျှတသော၊လွတ်လပ်သော၊ ညီညွတ်သော၊ လောကပါလတရားများ ထွန်းကားစေ၍ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန် နိုင်ငံသား၊ တိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်မည်။

(၂) ကမ္ဘာ့ငြိမ်းချမ်းရေးကိုရည်စူးပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးဆောင်ရွက်၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေး၊ လူ့အခွင့် အရေးများကို စောင့်ထိန်းရန် ကြိုးပမ်းမည်။

(၃) နိုင်ငံတော်တွင်း အတူနေတိုင်းရင်းသားလူမျိုးတို့၏ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မိတ်ဝတ်မပျက် ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့ကို လေးစား၍ကရင်လူမျိုးတို့၏စကား၊ စာပေ၊ စာပေအနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်မည်။

(၄) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာများကို အများနှင့်အတူ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရာတွင် တရားသေဝါဒ ကျင့်သုံးစွဲကိုင်ထားမှုမရှိဘဲ ကရင်လူမျိုးများအတွက် တိုင်းရင်းသားပြည်သူများနှင့် အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်။

(၅) လူမျိုးရေး တန်းတူညီမျှမှုကို ရယူလျက် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုခိုင်မြဲစွာ မွေးမြူ၍ ထာဝစဉ်စည်းလုံးညီညွတ်သော တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီး ကိုနိုင်ငံသား တိုင်းရင်းသားလူမျိုး များအားလုံးနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုတဲ့ သဘောထား (၅)ရပ်ထားရှိပြီး ရည်ရွယ်ချက်ကို ဆက်လက်တင်ပြသွားပါမယ်။

ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော ကရင်မျိုးနွယ်စုအားလုံး သွေးစည်းညီညွတ်သော မျိုးချစ်စိတ်ဓာတ် ရှင်သန်ကြီးထွားပြီး နိုင်ငံတော် အဓွန့်ရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးအပြည့်အဝတန်းတူရရှိရေးနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ထွန်းကားရေးတို့ကို အခြေခံ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဆက်လက် တည်ဆောက်သွားရန်။

တိုင်းရင်းသားလူမျိုးများ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်း၊ အခြားဘာသာ၊ သာသနာကိုမထိခိုက်စေဘဲ ဥပဒေနှင့်အညီမိမိတို့၏ ရှိပြီး စကား ၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်၊ အနုပညာ၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာကိုးကွယ် ပြုစုပျိုးထောင်ဆောင်ရွက်နိုင်ပိုင်ခွင့်ရှိစေရန် ရည်ရွယ်ချက်ထားရှိကြောင်း တင်ပြ အပ်ပါတယ်ခင်ဗျား။

ပြည်ထောင်စုဖွားညီနောင်တိုင်းရင်းသားများ ခင်ဗျား -

ဆက်လက်ပြီး စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လယ်သမားနှင့် အလုပ်သမားအရေး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအရေး၊ ဒီမိုကရေစီနှင့် တိုင်းရင်းသားပါတီများအရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တပ်မတော်အခန်းကဏ္ဍများကို တင်ပြသွားပါမယ်။

နိုင်ငံရေးမူဝါဒအနေနဲ့ တိုင်းရင်းသားလူမျိုးများ၏ တန်းတူညီမျှမှု အခွင့်အရေးများကိုရယူပြီး ခိုင်မာသော၊ စည်းလုံးညီညွတ်သော၊ စစ်မှန်သော ပြည်ထောင်စုစနစ်ဆီသို့ ကူးပြောင်းသွားရန်။

စီးပွားရေးမူဝါဒကတော့ စစ်မှန်သောဈေးကွက်စီးပွားရေးစနစ်ကို လက်ခံ၍လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားခြင်းကို နိုင်ငံတော်က သတ်မှတ်ထားသည့် ဥပဒေနှင့် အညီ ကာကွယ်မည်။

ပညာရေးမူဝါဒ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သော ဘက်စုံအတွေးခေါ် အယူအဆ မှန်ကန် ရေးတို့အတွက် ဆောင်ရွက်မည်။

လယ်သမားနှင့် အလုပ်သမားအခွင့်အရေး လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်ရှိစေရမယ်၊ လယ်လုပ်သူ လယ်ပိုင်ခွင့်ရရှိစေရမယ်ဟူသော မူဝါဒနှင့် လုံးဝခြားနားသည့်အကြောင်းမှာ လယ်လုပ်သူလယ်ပိုင် ခွင့်ကြောင့် ကြေးရတတ်များကသာလယ်ပိုင်ရှင်ဖြစ်သွားကြပြီး လယ်ယာလုပ်သားများက မြေမဲ့ယာမဲ့ဘ၀ ရောက်ခဲ့ရသည့် သာဓကများရှိခဲ့ပြီးဖြစ်သည်။

နိုင်ငံအတွက်လိုအပ်သော ဈေးကွက်ဝင်သီးနှံများကို တောင်သူလယ်သမားများက ထုတ်လုပ်စေပြီး ထုတ်လုပ်ရန်လိုအပ်သော စိုက်ပျိုးစရိတ်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးကို ကြိုးပမ်းဆောင်ရွက်ပေးမည့် လယ်လုပ်ပိုင်ခွင့်နှင့် အကျိုးခံစားခွင့်ကို ဥပဒေနှင့်အညီ ခံစားနိုင်အောင် အာမခံမည်။ တောင်သူလယ်သမားများက လူမှုစီးပွားရေးဘ၀ တိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်သည့် စနစ်၊ ခေတ်မီတိုးတက်ရေးကို အားပေးကူညီသွားမည်။

အလုပ်သမားများ၏ အလုပ်လုပ်ပိုင်ခွင့်၊ အလုပ်ခွင်တည်မြဲနိုင်ခွင့်၊ အားလပ်ချိန် ရပိုင်ခွင့်၊ မီးဖွားခွင့်၊ လျော်ကြေးရပိုင်ခွင့် စသည့်ခံစားပိုင်ခွင့်များ အလုပ်သမားများ လူမှုဖူလုံရေးစနစ် ခံစားခွင့်ရရှိအောင် ဆောင်ရွက်သွားမည်။ အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးမည်။ အလုပ်သမားလစာသတ်မှတ်ပြဋ္ဌာန်း၍ လူနေမှုစရိတ်နှင့်သဟဇာတ သင့်တင့်မျှတစွာ လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်မည်။

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအရေး နိုင်ငံအတွင်းရှိ အခြားသော ညီနောင်တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ ယဉ်ကျေးမှုအမွေအနှစ်ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာ၍ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းကူညီဆောင်ရွက်သွားမည်။ ကရင်အမျိုးသားတို့၏ ရှေးဘိုးဘွားအစဉ်အဆက်မှ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေ အနှစ်ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။

ဒီမိုကရေစီအင်အားနှင့် ပတ်သက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မည့် ပြည်နယ်တွင်းရှိ ဒီမိုကရေစီအင်အားစုပါတီများနှင့် အပြုသဘောထိတွေ့ဆက်ဆံပြီး မတူခြားနားသည်များကို ဘေးဖယ်၍ဦးတည်ချက်၊ ရည်ရွယ်ချက်တူညီမှုများရှိလျှင်လက်တွဲပြီး မတူညီမှုများရှိခဲ့လျှင် ခွဲခြားလုပ်ဆောင်သွားမည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ နိုင်ငံတော်ပိုင် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်၊ သယံဇာတများကိုလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်မပျက်စီးအောင် ပြည်သူများနှင့်အတူ အားသွန်ခွန်စိုက် ဆောင်ရွက်မည်။

ဆက်လက်ပြီး တပ်မတော်အခန်းကဏ္ဍနှင့်ပတ်သက်လို့ တင်ပြသွားပါမယ်။နိုင်ငံတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်းပြည်ပရန် ကာကွယ်ရေး၊နိုင်ငံတော်ကို အန္တရာယ်ပြုထိပါးလာနိုင်သည့် လုပ်ရပ်မှန်သမျှကို အဓိကဏ္ဍ ဟန့်တားစေပြီး စည်းကမ်းပြည့်ဝသော " ဒီမိုကရေစီနိုင်ငံတော်''  ဆီသို့ စိတ်ရင်း စေတနာကောင်းစွာဖြင့် ကူညီဆောင်ရွက်ပေးမည်။ တစ်ခုတည်းသော တပ်မတော်ကိ လက်ခံသည်လို့ မူဝါဒလမ်းစသ်(၇) ရပ် ချမှတ်ထားကြောင်း တင်ပြအပ်ပါတယ် ခင်ဗျာ။

ပြည်ထောင်စုဖွားညီနောင်တိုင်းရင်းသား ပြည်သူများခင်ဗျာ-

ခင်ဗျာမြန်မာနိုင်ငံအတွင်း ပျံ့နှံ့စွာ မှီတင်း နေထိုင်ကြတဲ့ ကရင်လူမျိုးတွေဟာ မျိုးနွယ်စု များပြားလှပါတယ်။ မျိုးနွယ် စုများပြားလှတဲ့ ကရင်လူမျိုးတွေဟာတစ်စုနှင့်တစ်စု မတူကွဲပြား ခြားနားကြပေမယ့်လည်း လူမျိုးအပေါ်မှာ၊ပြည်နယ်အပေါ်မှာ၊ နိုင်ငံအပေါ်မှာ၊ကြတဲ့ စေတနာတွေကတော့ အတူတူပဲဖြစ်ပါတယ်။

ကျွန်တော်တို့ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး သာမကနိုင်ငံသားတိုင်းရဲ့ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကို ကျွန်တော်တို့ပါတီအနေနဲ့ အပြည့်အဝခံယူပါတယ်။

ဒါကြောင့် တောင်ပေါ်မြေပြန့် တိုင်းရင်းသားများအားလုံး လိုလားတောင့်တနေသော စစ်မှန်တဲ့ ဒီမိုကရေစီနှင့် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကသာ ခေတ်မီဖွံ့ဖြိုးသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မယ်လို့ကျွန်တော်တို့ပါတီအနေနဲ့ အပြည့်အဝခံယူယုံကြည်ပြီး ပါတီရဲ့ရည်မှန်းချက်အဖြစ် လည်း ခံယူပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး လိုလားတောင့်တနေတဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိစေပြီး အေးချမ်းသာယာတဲ့ လူ့ဘောင်လူ့လောက တည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ ကျရာကဏ္ဍမှ တတ်နိုင်သမျှ အပြည့်အ၀ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။

ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားမဲဆန္ဒရှင်များ ခင်ဗျာ-

ကျွန်တော်တို့စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် နိုင်ငံနဲ့ ပြည်သူများ၊ ကရင်လူမျိုးများအတွက် ကောင်းအောင်ကြိုးစားမယ့်ကရင်လူမျိုးတွေပဲ ဖြစ်ကြပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးဖြစ်အောင် ပြည်သူတွေနဲ့အတူ ပါဝင်ပြီး ဆန္ဒကို ပယောဂမပါဘဲ ဖော်ထုတ်ကြဖို့ မိမိပေးမယ့် '' မဲတစ်ပြား'' အကျိုးများအောင် ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်ကို အလံမကြည့် ပါတီမကြည့်ဘဲ ရွေးချယ်သွားကြဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ နိုင်ငံနှင့်လူမျိုးအတွက် အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်ပြီးအမြင်တူ၊ ခံစားချက်တူ၊ ခံယူချက်တူသူများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကရင်လူမျိုးများနှင့် တိုင်းရင်းသားပေါင်းစုံတို့၏အရေးကို မနိုင်ဝန်မထမ်းဘဲ လက်လှမ်းမီသရွေ့ ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိပြုတင်ပြအပ်ပါတယ်။

နိုင်ငံရေးပါတီတိုင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တိုးတက်အောင်၊ ပြောင်းလဲပြုပြင်နိုင်အောင် ကောင်းတဲ့မူဝါဒ လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များထားရှိ ပြီး ခေတ်မီတိုးတက်စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ဖို့ အာသီသ ပြင်းထန်ကြပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွေ့ကျကျ

ဆောင်ရွက်နိုင်စွမ်းရှိတဲ့ လူတွေဖြစ်ဖို့ အရေးကြီးပါတယ်။

လူရိုးလူဖြောင့် လူကောင်းလူတော် သစ္စာသမာဓိရှိကြဖို့တော့ လိုပါတယ်။ ပါတီကိုကြည့် လူကိုလည်းကြည့်ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်တဲ့လူမျိုး ပုဂ္ဂိုလ်မျိုးကိုသာ ရွေးချယ်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် တိုင်းပြည်အကျိုး ပြည်နယ်အကျိုးကရင်လူမျိုးအကျိုးကို အပြော နှင့်အလုပ်ညီကြသည့် ပုဂ္ဂိုလ်မျိုးအရည်အချင်းပြည့်ဝသူများကို သတိသမ္ပဇဉ်ဉာဏ်နှင့်ယှဉ်ကာ ရွေးချယ်မဲပေးကြဖို့ ပန်ကြားရင်း နိဂုံးချုပ်အပ်ပါသည်။

အားလုံးပြည့်စုံကြပါစေ။

စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  KAYIN UNITY DEMOCRATIC PARTY (K.U.D.P)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၁.၁.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦလှကြိုင်ပါ(၁၉) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဝင်းမြင့်ကျော်၊ ဦးမြတ်စိုး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၀.၅.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၇.၅.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၇.၆.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၈)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ကရင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  ဗိုလ်ချုပ်လမ်း၊ ရတနာဒီပအမှတ် (၉) ရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၅၈-၂၁၈၄၂ ( ဦးမြတ်စိုး)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly