လွှတ်တော်တွင် မေးခွန်းများဖြေကြားရာ၌ ဖြစ်ပျက်နေသည့် အနေအထားအမှန်ကို တင်ပြကြရန် လွှတ်တော်ဥက္ကဋ္ဌ ပြော

လွှတ်တော်တွင် မေးခွန်းများဖြေကြားရာ၌ ဖြစ်ပျက်နေသည့် အနေအထားအမှန်ကို တင်ပြကြရန် လွှတ်တော်ဥက္ကဋ္ဌ ပြော

နေပြည်တော်၊ မေလ ၄ ။     ။ လွှတ်တော်၌ မေးမြန်းသော မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဖြေကြားရာတွင် အနေအထား ဖြစ်ပျက်နေသည့် အနေအထားအမှန်ကို တင်ပြရန်လိုသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး မေးမြန်းခဲ့သည့် “ဖွံ့ဖြိုးမှု နောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသော ဒေသများသို့ ဝန်ထမ်းများ စေလွှတ်သည့်အခါ ဆေးပင်စင်ယူခါနီး ဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင် ယူခါနီးဝန်ထမ်းများစေလွှတ်ခြင်း၊ အကြောင်း တစ်စုံ တရာကြောင့် ဌာနပြစ်ချက်ဖြင့်ဝန်ထမ်းများစေလွှတ်ခြင်းတို့သည် အစဉ်အလာတစ်ခုဖြစ်နေခြင်းအပေါ်” သိရှိလိုခြင်းမေးခွန်းအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖြေကြားမှုအပြီးတွင် လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးမြန်းတဲ့ နေရာမှာ သူတို့ ဖြစ်ပျက်နေတဲ့ အနေအထားလေးတွေကို အဖြစ်အမှန်အပေါ်မှာ အခြေခံပြီး မေးမြန်းထားတာဖြစ်ပါတယ်။ ဒီလိုမေးမြန်းတဲ့အချက် တွေအပေါ်မှာ ပြည် ထောင်စု ရာထူးဝန်အဖွဲ့အနေနဲ့ကတော့ မိမိတာဝန်ရှိတဲ့ အပိုင်းကို ဖြေကြားရသလိုပဲ မိမိတာဝန်ခံတဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးကိုလည်း ဒါတွေကို တင်ပြပေးဖို့လိုပါလိမ့်မယ်။ ဒါတွေကတော့ ဒီလိုလာဖြေရုံနဲ့ ပြီးစတမ်းဆိုလို့ရှိရင် မိမိတို့လွှတ်တော်မှာ အပြန်အလှန်ထိန်းကျောင်းရေးဆိုတဲ့ အခန်းကဏ္ဍလည်း မှေးမှိန် သွားနိုင်ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနဲ့ လာရောက်ဖြေဆိုတဲ့ နေရာမှာ ထိထိမိမိနဲ့ ဖြစ်ပျက်နေတဲ့ အနေအထားလေးအမှန်ကိုတင်ပြဖို့ပါလိမ့်မယ်”ဟု ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

အစိုးရဝန်ကြီး ဌာန များကမူ အဆိုပါ ဒေသများသို့ ဌာနပြစ်ချက်နှင့် ဝန်ထမ်းများ၊ လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများ၊ ဆေးပင်စင်ယူခါနီးဝန်ထမ်းများကို ထိုနေရာများသို့ စေလွှတ်ခြင်းမရှိကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်ဖြင့် ဒေသပြောင်းရွှေ့ပေးရန် လိုအပ်ချက် ဖြစ်ပေါ်လာပါက ဝန်ထမ်း၏ တာဝန်ထမ်းဆောင်နိုင်မှုအပေါ် သုံးသပ်၍ သင့်လျော်သည့် ဒေသသို့ ပြောင်းရွှေ့ပေးခြင်းကို မူဝါဒနှင့် အညီ ဆောင်ရွက်နေသည်ဟု ဝန်ကြီးဌာန အချို့၏ ဖြေကြားချက်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဦးဗယ်လင်တိုင်းက ပြောကြားခဲ့သည်။
 

“ကောင်းမွန်တဲ့ နိုင်ငံကို တည်ဆောက်နိုင်ဖို့ ဆိုလို့ရှိရင် ပြည်တွင်းပြည်ပ ပညာရှင်နဲ့ ပူးပေါင်းပြီး အဖြေရှာ သင့်ပါတယ်။ အခုကျွန်မတို့ တကယ် ရင်ဆိုင်နေရတာပါ။ ခုနတုန်းကဝန်ကြီးဖြေသွားတာက ဝန်ကြီးဌာန အသီးသီးကနေပြီးတော့ တင်ပြလာတဲ့ သူတို့ရဲ့ မူဝါဒ တွေပဲ ဖြစ်ပါတယ်။ အမှန်တကယ်ပြသနာကို ဘယ်လို အဖြေရှာမလဲ ဘယ်လိုမူဝါဒတွေ အသုံးပြုပြီးမှ ဒီလိုအမှန်တကယ် ရင်ဆိုင်နေရတဲ့ ဒီဒေသတွေအတွက် ဘယ်လို မူဝါဒအသစ်တွေ ချမှတ် အဖြေရှာမလဲဆိုတဲ့ အဖြေကို ကျွန်မက လို ချင်တာဖြစ်ပါတယ်”ဟု ဒေါ်နန်းမိုး က ဆက်စပ်မေးခွန်းကို ဆက်မေးခဲ့သည်။

ယင်းဆက်စပ်မေးခွန်းကို ဖြေကြားရာတွင် ဝန်ကြီးဌာနပေါင်းစုံမှ ရရှိသည့်ဖြေကြားချက်များ တူညီသည့် အချက်သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအပေါ်တွင်သာ မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုနည်းလမ်းအတိုင်းဆောင်ရွက်ခြင်းမရှိကြလျှင် သက်ဆိုင်ရာဌာနများ၏ စီမံခန့်ခွဲမှု အဖွဲ့၏ တာဝန်သာ ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဦးဗယ်လင်တိုင်းက ပြောကြားသည်။

“ဒါကြောင့်မို့ အတတ်နိုင်ဆုံး သက်ဆိုင်ရာဌာနကို အားလုံးသိတဲ့အတိုင်း နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သတ်တဲ့ စီမံချက်လည်း ရေးဆွဲထားတာရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁ရခုနှစ်ဇူလိုင်လ ၁ဝရက်နေ့က ဖြစ်ပါတယ်။ အဲ့အပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်စရာများလည်း ဆောင်ရွက်နေတာရှိပါတယ်။ အခုလည်း ပြည်သူတွေဆီကနေပြီးတော့ ကျွန်တော်တို့ ဒီဝန်ထမ်းအပေါ်မှာ ဘယ်လို အမြင်ရှိလဲဆိုတာ လည်း လိုက်လံ ကောက်ခံလျက်ရှိပါတယ်။ မေလအလယ်လောက်မှာဆိုရင်ပြီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆက်လက် ညှိုနှိုင်းဆောင်ရွက်သွားမှာ”ဟု ဦးစောဗယ်လင်တိုင်း ကပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly