ရက်လွန်နေသော ငါး ပုစွန်စာ ရောင်းချမှုများရှိနေ

ရက်လွန်နေသော ငါး ပုစွန်စာ ရောင်းချမှုများရှိနေ
ဓာတ်ပုံ - ဖူးအိအိနွယ်

မေ ၄၊ ရန်ကုန် ။     ။ ပြည်တွင်းတွင် ရက်လွန်နေသော ငါးပုစွန်စာရောင်းချမှုများ ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

" မြန်မာပြည်မှကကျတော့ အစာကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းက စက်ရုံ နည်းတယ်။ နည်းတော့ မလောက်တဲ့ အခါကျတော့ အစာကို ပြည်ပကနေ သွင်းရတယ်။ သွင်းရတော့ ရက်လွန်တဲ့ အပိုင်းက နှစ်ပိုင်း ရှိတယ်။ တစ်ပိုင်းက မသွင်းခင်တည်းက ရက်လွန်တာလား။ ဒါက စစ်ဆေးတဲ့အပိုင်းမှာ တာဝန်ရှိတယ်။ ရက်လွန်အစာ ဆိုတာ လုံးဝသွင်းခွင့် မရှိဘူး။ သတ်မှတ်ရက်နဲ့ ကိုက်ညီတဲ့ အစာပဲ သွင်းခွင့် ရှိတယ်။ ဒါက စစ်ဆေးတဲ့ အပိုင်း တာဝန်ရှိတယ်။ တစ်ချို့အစာတွေကျတော့ ဒီရောက်ပြီးမှ မရောင်းရဘူး။ ရက်ကြာပြီး ထပ်ရက်လွန်တာ ရှိတယ်။ အဲ့ဒါဆိုရင်လည်း ရောင်းတဲ့ ကုမ္ပဏီတာဝန်ရှိတာပေါ့။ သူသွင်းလာပြီး မရောင်းရလို့ ကြာသွားတယ်၊ ရက်လွန် သွားတယ်ဆို သူစျေးကွက်ထဲမှာ မရောင်းသင့်တော့ဘူး" ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်နေသော အစာများကို အသုံးပြုခြင်းကြောင့် ငါးပုစွန်များအတွက် အစာအဟာရ လျော့ကျခြင်း ၊ အကောင်ကြီးထွားနှုန်းများ ကျဆင်းလာခြင်း အပါအဝင် Side Effect များစွာ ရှိနိုင်ကြောင်းလည်း သိရသည်။

"ဒီလို ရက်လွန်အစာတွေကို သုံးမယ့် ငါးပုစွန်တွေအတွက်ကတော့ အာဟာရဓာတ်တွေ လျော့သွားတာ ရှိမယ်။ သူ့မှာ မှိုတက်တာတို့၊ တစ်ခြား ဘေးအန္တရာယ်ဖြစ်မယ့် အဆိပ်အတောက်တွေ ဖြစ်လာရင် သူတို့ရဲ့ ကြီးထွား နှုန်းတို့၊ ကျန်းမာရေးတို့ ထိခိုက်နိုင်တာပေါ့။ ဒါအဓိကပဲ။ ဒါကလည်း ထပ်ပြီး စစ်ဆေးသင့်တာပေါ့နော်။ အမှန် ကတော့ ရက်လွန်တဲ့ အစားအသောက်ဆိုတာကတော့ ဆေးဝါးပဲ ဖြစ်စေ၊ အစားအသောက်ပဲ ဖြစ်စေ မစားတာ၊ မသုံးတာ အကောင်းဆုံးပဲ။ စားရင်၊ သုံးရင်တော့ သူ့မှာ Side Effect တွေတော့ အများကြီး ရှိတာပေါ့" ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ဆက်ပြောသည်။

အစာပြိုင်ဆိုင်မှုကြီးမားသော နိုင်ငံများတွင် ပြည်တွင်းအသုံးပြုရန်နှင့် ပြည်ပသို့ရောင်းချရန် အစာထုတ်လုပ်ပြီး ရက်လွန်ငါးပုစွန်စားများကို အသုံးမပြုဘဲ ဖျက်စီးလေ့ရှိကြောင်း ရက်လွန်စာများကို စျေးကွက်အတွင်း ရောင်းချမှု မရှိစေရေးအတွက် ပြည်ပမှ အစာတင်သွင်းသော ကုမ္ပဏီ၊ ရောင်းချသော ကုမ္ပဏီများတွင် တာဝန် ရှိပြီး စီစစ်ကြပ်မတ်မှုများ လုပ်ဆောင်ရန်အတွက်လည်း စစ်ဆေးသည့် အပိုင်းတွင် တာဝန်ရှိကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required