“လက်နက်ဝင်လုမယ့်ပုံစံမျိုးအထိ ဖြစ်လာတော့ မလွှဲမရှောင်သာပဲ ပစ်ခတ်ထိန်းသိမ်းလိုက်ရတာ”- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း 

“လက်နက်ဝင်လုမယ့်ပုံစံမျိုးအထိ ဖြစ်လာတော့ မလွှဲမရှောင်သာပဲ ပစ်ခတ်ထိန်းသိမ်းလိုက်ရတာ”- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း 
Photo: Hein Htet /EPA

နေပြည်တော်(မေလ ၃ရက်၊ ၂၀၁၉ခုနှစ်) ။     ။ ရက္ခိုင့်တပ်(အေအေ)နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာက အသက် ၁၅နှစ်ကနေ အသက် ၅ဝအတွင်း အမျိုးသား ၂၇၅ယောက်ကို တပ်မတော်ဘက်က ဖမ်းဆီးပြီး စစ်ကြောရေးတွေ လုပ်နေစဉ်မှာ အဖမ်းခံရတဲ့သူတွေထဲက သေနတ်ဝင်လုမယ့် အခြေအနေထိ ဖြစ်လာတာကြောင့် ပစ်ခတ်ထိန်းသိမ်းခဲ့ရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အခင်းဖြစ်ပြီး နောက်တစ်ရက်မှာ ရှင်းလင်းပြောကြားလိုက်ပါတယ်။ 

မေလ ၂ရက်နေ့၊ မနက် ၂နာရီမှာ ဖြစ်ခဲ့တဲ့ အဲ့ဒီဖြစ်စဉ်မှာ တပ်မတော်ဘက်က ပစ်ခတ်မှုကြောင့် ၆ယောက် သေဆုံးပြီး ၈ယောက် ဒဏ်ရာရခဲ့သလို ၄ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ နေပြည်တော်စစ်သမိုင်းပြတိုက်မှာ မေလ ၃ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ပထမဦးဆုံး ဟန့်တားတယ်။ ဟန့်တားတယ်ဆိုတာတော့ အော်ဟစ်ပြီးတော့ တားဆီးတယ်။ မရဘူးဆိုတော့ သေနတ်မိုးပေါ်ထောင်ပြီးတော့ လူစုခွဲဖို့ ခြောက်လှန့်ပစ်ခတ်တယ်။ လူစုမခွဲတဲ့အပြင် အဲ့အထဲက တချို့တွေက လက်နက်ဝင်လုမယ့်ပုံစံမျိုးအထိ ဖြစ်လာတော့ မလွှဲမရှာင်သာပဲ ပစ်ခတ်ထိန်းသိိမ်းလိုက်ရတာ” လို့ မဇ္ဈိမက မေးမြန်းတဲ့ ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့တာပါ။

ဧပြီလ ၂၈ရက်နဲ့ ၂၉ရက်တို့မှာ အခင်းဖြစ်ပွားတဲ့ ကျောက်တန်းကျေးရွာရဲ့ မြောက်ဘက်မှာရှိတဲ့ အေအေရဲ့ စခန်းတွေကို သိမ်းပိုက်ရခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပြီး အဲ့ဒီနောက် ကျောက်တန်းရွာနဲ့ စေတီတောင်ရွာဘက််တွေမှာ စခန်းတွေက ပြေးလာတဲ့ အေအေ အဖွဲ့ဝင်တွေ ခိုအောင်းနေတယ်ဆိုတဲ့ သတင်းအရ ကျောက်တန်းရွာမှာ ရှိနေတဲ့ အမျိုးသား ၂၇၅ဦးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အဲ့ဒီရွာမှာရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။ 

စစ်ဆေးပုံ

ကျောက်တန်းရွာမှာ ဖမ်းဆီးစစ်ဆေးခဲ့တဲ့ အမျိုးသား ၂၇၅ယောက်ကို အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တို့ကို အခြေခံပြီး တိုက်ဆိုင်စစ်ဆေးရာမှာ ရွာသားတွေ၊ ရွာနီးချုပ်စပ်ကလူတွေနဲ့ ရွာသားမဟုတ်တဲ့ အဝေးတစ်နယ်က လူတွေကို သပ်သပ်စီ ခွဲထုတ်ပြီး စစ်ကြောရေး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အေအေ အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ အခိုင်အမာ ပြော

အဲ့လို ခွဲထုတ်ပြီး စစ်ဆေးတဲ့အခါမှာ အေအေကို အားပေး၊ ထောက်ခံသူ ဟုတ်၊ မဟုတ်ကိုသာ ခွဲခြားရခက်ခဲပြီး တချို့လူတွေကိုတော့ အများကြီးစစ်ဆေးစရာမလိုဘဲ အေအေဆိုတာ ပေါ်လွင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ 

“အခုဖော်ထုတ်ရတဲ့အထဲမှာ အေအေလို့ ပြောနိုင်တဲ့သူတွေ ရှိပါတယ်။ အရေအတွက်တော့ ကျွန်တော် ပြောလို့မရသေးပါဘူး။ ရှိတယ်လို့ ခိုင်ခိုင်မာမာ ပြောလိုတယ်။ အားပေးထောက်ခံတဲ့လူတွေ၊ အမာခံလို့ ခိုင်ခိုင်မာမာ ပြောလို့ရတဲ့လူတွေ ရှိပါတယ်။ သံသယစာရင်းနဲ့ ရှိနေတဲ့သူတွေ ရှိပါတယ်” လို့ ၎င်းက ဆိုပါတယ်။ 

ဖမ်းထားသူတွေအနက် ၁၂၆ယောက်ကို ပြန်လွှတ်

သံသယရှိနေသေးတဲ့ ၁၃၁ယောက်ကိုတော့ စစ်ကြော၊ မေးမြန်းတာတွေ ဆက်လုပ်နေသလို တစ်ဖက်မှာလည်း အေအေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ဖမ်းဆီးထားသူတွေထဲက ၁၂၆ယောက်ကို မေလ ၂ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲ ဒဏ်ရာရရှိသူ ၈ဦးဟာ ဆေးကုသမှု ခံယူလျက်ရှိသလို ဆက်လက်ပြီး ဖမ်းထားသူတွေထဲမှာတော့ ဒဏ်ရာရထားတဲ့သူတွေ မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမကို ပြောပါတယ်။ 

အေအေဆိုရင် ဘာလုပ်မှာလဲ 

“အဲ့တော့ ဆက်လုပ်သွားမယ့် လုပ်ငန်းစဉ်က အေအေ ဖြစ််ခဲ့တယ်။ အေအေ အမာခံ ဖြစ်ခဲ့တယ်ဆိုရင် တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားပါမယ်။ ရဲအရေးပိုင်တဲ့အမှု ရှိတယ်။ ရဲအရေးမပိုင်တဲ့အမှု ရှိတယ်။ ရဲအရေးပိုင်တဲ့မှုခင်း၊ အရေးမပိုင်တဲ့ မှုခင်းတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းပဲ ရဲစခန်းမှာ အမှုဖွင့်တာတွေ ရှိမယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး အမှုဖွင့်တာတွေ ရှိမယ်။ နောက် ကျွန်တော်တို့ သံသယမရှိတဲ့လူတွေ၊ ကင်းစင်တဲ့လူတွေကို ပြန်လွတ်ပေးဖို့ ရှိပါတယ်” လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အေအေ အမာခံဆိုတာ ဘယ်လို လူမျိုးလဲ

အေအေကို ထောက်ပံ့သူတိုင်းကို အရေးမယူပေမယ့် အေအေရဲ့ အမာခံလို့ တပ်မတော်ဘက်က သတ်မှတ်ထားသူတွေနဲ့ပတ်သက်လို့တော့ ဧပြီလ ၉ရက်ညက မြောက်ဦးမြို့၊ ရဲတပ်ရင်း ၃၁ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို ဥပမာပေးပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီသတင်းဌာနရဲ့ မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားပါတယ်။ 

“အဲ့မှာ ဘယ်လိုတိုက်သွားလည်းဆိုတော့ လူ ၅ယောက်စီ ဖွဲ့ပြီး တိုက်သွားတယ်။ လူ ၁၊ ၂၊ ၃ က သေနတ်ကိုင်ထားတယ်။ ၄ယောက်မြောက်လူက ဓါးနဲ့ တူရွင်းနဲ့ဖြစ်ဖြစ် ကိုင်ထားတယ်။ နံပါတ် ၅ယောက်မြောက်လူက ပစ္စည်းထည့်ဖို့အိတ်ပါတယ်။ လူထမ်းသွားဖို့အတွက် ပါတယ်။ အဲ့တော့ ၁၊ ၂၊ ၃ကို အေအေလို့ သတ်မှတ်ရင် ၄၊ ၅ကို အမာခံလို့ သတ်မှတ်တယ်” လို့ ၎င်းက ဆိုပါတယ်။ 

စစ်ကြောရေးအတွင်း လက်လွန်သေဆုံးမှု မရှိဘူးလို့ဆို

အေအေနဲ့ ပတ်သက်၊ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး စစ်ဆေးတဲ့အခါမှာ လက်လွန်ပြီး သေဆုံးတဲ့ဖြစ်စဉ်မျိုးတွေ မရှိဘူးလို့လည်း RFA သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့ပါတယ်။ 

“မေခွန်းမျိုးစုံ မေးတဲ့နည်း၊ ထပ်ခါထပ်ခါမေးတဲ့ နည်းပဲ သုံးပါတယ်။ ညှဉ်းပမ်းနှိပ်တဲ့နည်းကို ခွင့်ပြုမထားဘူး။ သုံးလည်း မသုံးဘူး” လို့ ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required