တန့်ယန်းတွင် သေနတ်များ၊ ကျည်ဆန်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

တန့်ယန်းတွင် သေနတ်များ၊ ကျည်ဆန်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၃ ။     ။ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၊ တန့်ယန်း- လားရှိုးကားလမ်း မြို့ဝင်ဆိုင်းဘုတ်အနီး၌ ကားတစ်စီးအား ရပ်တန့် စစ်ဆေးရာမှ M 22 သေနတ် ၁ လက်၊ ပွိုင့် ၂၂ အမျိုးအစား GSG5 ဆိုင်လင်ဆာ/ ကျည်အိမ်တပ်လျက် သေနတ် ၁ လက်အပါအဝင် ကျည်ဆန်များနှင့် ဆက်စပ်ပစ္စည်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ သေနတ်များနှင့် ကျည်ဆန်များအား လားရှိုးမြို့၊ ၈ ရပ်ကွက်တွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် ဖုန်စုဖေဆိုသူ မောင်းနှင်လာသောTOYOTA HILUX VIGO အနက်ရောင်ယာဉ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ မေလ ၃ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ယာဉ်၏ ယာဘက် ရှေ့တံခါးပေါက်အတွင်းမှ M 22 သေနတ်(၁)လက်၊ ယာဉ်၏ ဝဲဘက်ရှေ့တံခါးအတွင်း RONI GI တံဆိပ်ပါ ပစ္စတို ကျည်ထည့်ပစ်သည့် သေနတ်ကိုယ် ထည်(၁)ခု၊ ယာဉ်၏ ဝဲဘက် EXTRA တံခါးအတွင်း ပွိုင့် ၂၂ အမျိုးအစား GSG5 ဆိုင်လင်ဆာ/ ကျည်အိမ်တပ်လျက် သေနတ်(၁)လက်တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင်  SELLIER BELLOT စက္ကူအပြာဘူးဖြင့် ထည့်လျက် ပွိုင့်(၂၂)ခဲထိပ်ဖူးကျည်(၅၀)စီပါ (၄၅)ဘူး၊ MILI-MG-22 LR တံဆိပ်ပါ ပလတ်စတစ်ဘူး အကြည် ဖြင့် ထည့်လျက် ကြေးထိပ်ဖူးကျည်(၁၀၀)စီပါ(၄)ဘူး စုစုပေါင်း ပွိုင့် ၂၂ ကျည်(၂၆၅၀)တောင့် တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

 ယာဉ်၏ ယာဘက်ခြမ်း EXTRA တံခါး၊ ထိုင်ခုံအောက်နှင့် နောက်ပိတ်တံခါးအတွင်းမှ WARRIOR BULLET MASTER Co.Ltd 9 MM Para တံဆိပ်ပါ စက္ကူ ဘူးဖြင့် ထည့်လျက် 9 MM ကျည်(၅၀)တောင့်စီပါ(၁၈၂)ဘူး၊ M 22 ကျည်အိမ်အရှည်(၄)ခုနှင့် အတို(၁)ခု၊ 9MM ကျည်အိမ် အရှည်(၃)ခုတို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

အဆိုပါ လက်နက်များနှင့် ကျည်ဆန်များကို မေလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ တန့်ယန်းမြို့၊ တန့်ယန်း- လားရှိုးကား လမ်း မြို့ဝင်ဆိုင်းဘုတ်အနီး၌ တန့်ယန်းမြို့ဘက်မှ လားရှိုးမြို့ ဘက်သို့ ဖုန်စုဖေဆိုသူ မောင်းနှင်လာသော ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာမှ ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် လက်နက်များနှင့်အတူ ဖမ်းမိခဲ့သည့် ဖုန်စုဖေ အား တန့်ယန်းမြို့မရဲစခန်းတွင်  (ပ)၂၈/ ၂၀၁၉၊ ရှမ်းလက်နက်အက်ဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly