သတင်းစကားများ သန့်ရှင်းစင်ကြယ်ပြီး မှန်ကန်ရန် အရေးကြီးဟု တပ်ချုပ်ဆို

သတင်းစကားများ သန့်ရှင်းစင်ကြယ်ပြီး မှန်ကန်ရန် အရေးကြီးဟု တပ်ချုပ်ဆို

ရန်ကုန် ၊ မေ ၃ ။      ။ လူသားများ နေ့စဉ်မှီဝဲသည့် သတင်းစကားတိုင်းသည် သန့်ရှင်းစင်ကြယ်ပြီး မူလအတိုင်း မှန်မှန်ကန်ကန်ဖြစ်ရန် အရေးကြီးသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နေ့ သို့ ပေးပို့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်းရေးသားထားခြင်းလည်း ဖြစ်သည်။

“သတင်းစကားဆိုသည်မှ ကျွနု်ပ်တို့ လူသားအားလုံး၏ အသိအမြင် ၊ အတွေးအခေါ်၊ ဉာဏ်ပညာတို့အပေါ် သက်ရောက် စိုးမိုးမှုရှိသော အင်အားတစ်ရပ်ဖြစ်၍ နေ့စဉ်မှီဝဲသင့်သည့် အသိအမြင် အာဟာရတစ်မျိုးဟု မှတ်ယူနိုင်ပါသည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁၉)အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်ဟု ဆိုသော်လည်း  အပိုဒ်(၂၉)တွင် အခြားသူများ၏ အခွင့်အရေး ၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေး တို့အတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ကို သတိပြုကြရမည်ဟုလည်း ၄င်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်တို့ကို ပြဋ္ဌာန်း ထားသော်လည်း အဆိုပါအခွင့်အရေးအား ရယူကျင့်သုံးရာတွင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ့်ကျင့်တရားအတွက် ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ရန်လည်း တိုက်တွန်းထားသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာတွင် ရေးသားထားသည်။

ယင်းအတွက်ကြောင့် စတုတ္ထမဏ္ဍိုင် ဖြစ်သောသတင်းမီဒီယာများသည် လွတ်လပ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊ ဥပဒေအရ ညီညွတ်မှုရှိသည့် သတင်းစကားများအတွက် ပြည်သူလူထုက အားကိုးအားထားပြုနိုင်သော သတင်း မီဒီယာများအဖြစ် ရပ်တည်ရန် ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့သည်။

လတ်ရှိတွင် ဧရာဝတီသတင်းဌာန နှင့် RFA သတင်းဌာနတို့အား တပ်မတော်မှ တရားစွဲဆိုမှုများ ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly