မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဝမ်းကွဲအစ်ကို လုပ်ကြံမှုမှ သံသယတရားခံ ဗီယက်နမ်အမျိုးသမီး လွတ်မြောက်

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဝမ်းကွဲအစ်ကို လုပ်ကြံမှုမှ သံသယတရားခံ ဗီယက်နမ်အမျိုးသမီး လွတ်မြောက်
Photo: AFP

ကွာလာလမ်ပူ၊ မေ ၃ ။       ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲဆိုခံရတဲ့ သံသယတရားခံ ဗီယက်နမ်အမျိုးသမီးကို မေ ၃ ရက်မှာ အကျဉ်းထောင်ကနေ ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်အမျိုးသမီး ဒေါင်သီဟောင်းကို ကင်ဂျုံးနမ်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ တရားစွဲဆို စီရင်မှုတွေ အဆုံးသတ်ပြီး ခုလို ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ကင်ဂျုံးနမ်ကို လုပ်ကြံသတ်ဖြတ်မှုမှာ တကယ့် တရားခံအစစ်အမှန်ကို တရားရုံးတင် စွဲဆိုနိုင်ခြင်း မရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လအတော်အတန်ကြာအောင် တရားရုံးစစ်ဆေးကြားနာပြီးနောက်မှာ ၂၀၁၇ ခုနှစ်အတွင်းက ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံးနမ်ကို လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး ဒေါင်သီဟောင်းက သူဟာ ထိခိုက်အနာတရ ဖြစ်အောင်သာ ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ အပြစ်ဝန်ခံခဲ့ပါတယ်။

ဒီအတွက် ဒေါင်သီဟောင်းကို လူသတ်မှုနဲ့ ထောင်ဒဏ်အပြစ်ပေးခဲ့တာဖြစ်ပြီး အဲဒီ သတင်းဟာ ကမ္ဘာ့အနှံ့က မီဒီယာတွေမှာ ခေါင်းကြီးသတင်း ဖြစ်ခဲ့ပါတယ်။

လေဆိပ်အတွင်းမှာ အာရုံကြော ဓာတုအဆိပ်နဲ့ ကင်ဂျုံးနမ်ကို လုပ်ကြံခဲ့မှုမှာ အင်ဒိုနီးရှား အမျိုးသမီး ဆစ်တီအစ်ဆိုင်ယက်ရှ်ကိုလည်း အစောပိုင်းက သံသယတရားခံစာရင်းသွင်းပြီး စစ်ဆေးကြားနာခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်အတန်ကြာမှာတော့ ဆစ်တီကို လူသတ်မှုကနေ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

၎င်းအမျိုးသမီးစလုံးဟာ ကင်ဂျုံးနမ်ကို လုပ်ကြံသတ်ဖြတ်မှု မကျူးလွန်ကြောင်း ငြင်းဆန်ကြပြီး ၎င်းတို့ကို လူတစ်စုက ရုပ်သံ ဟာသအစီအစဉ်အတွက် ငွေပေးခိုင်းလို့ ကင်ဂျုံးနမ်ရဲ့ မျက်နှာကို မှုတ်ဆေးနဲ့ ပက်ဖျန်းခဲ့တာပဲ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို မှုတ်ဆေးနဲ့ ပက်ဖျက်ခံရပြီးနောက်မှာ ကင်ဂျုံးနမ်ဟာ သတိလစ်မေ့မျောပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုကို မြောက်ကိုရီးယားနိုင်ငံက အကွက်ချကျူးလွန်ခဲ့တာလို့ စွပ်စွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required