ရသေ့တောင်၊ ကျောက်တန်းရွာမှ ထိခိုက်ဒဏ်ရာရသူ (၈) ဦးကို ဆေးရုံသို့ ပို့ဆောင် 

ရသေ့တောင်၊ ကျောက်တန်းရွာမှ ထိခိုက်ဒဏ်ရာရသူ (၈) ဦးကို ဆေးရုံသို့ ပို့ဆောင် 
ဓာတ်ပုံ - ညွှန့်ဝင်း/အီးပီအေ

မေ ၂ ရက် ၊ စစ်တွေ ။       ။ ထိခိုက်ဒဏ်ရာရထားသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ လူ ၈ ဦးကို မေ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

ဒဏ်ရာရသူ ၈ ဦးအနက် ဒဏ်ရာအခြေအနေ စိုးရိမ်ရသည့် ၃ ဦးကို ရှပ်ပြေးအမြန်မော်တော်ရေယာဉ် (စပိဘုတ်) ဖြင့် တင်ဆောင်လာခဲ့ပြီး ဒဏ်ရာ မပြင်းထန်သည့် ၅ ဦးကို ဇက်သင်္ဘာဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

“စစ်တွေကို ယူဆောင်လာတာကတော့ လူ ၈ ယောက်ပါပါတယ်။ ၈ ယောက်မှာ စပီးဘုတ်နဲ့ သုံးယောက် ယူပါတယ်။ ကျနော်တို့ ဇက်နဲ့ ၅ ယောက်ယူလာပါတယ်။ စပီးဘုတ်နဲ့ပါသွားတဲ့ အထဲမှာတော့ တော်တော် ပြင်းပြင်း ထန်ထန် စစ်တွေရောက်ရင်တောင် သေနိုင်လောက်တဲ့ အနေအထား တစ်ယောက် ပါပါတယ်။ နောက်နှစ်ယောက်ကတော့ ပြင်းရင်လည်း စစ်တွေရောက်ရင်တော့ ခွဲစိတ်ကုသလို့ ရနိုင်တဲ့ အနေအထား ပေါ့နော်။”ဟု လူနာများနှင့် အတူလိုက်ပါလာသည့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားများအား ထိန်းသိမ်းစစ်ဆေးနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အန္တရာယ်ပြုလာ၍ ပစ်ခတ်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မေ ၂ ရက် ညနေပိုင်းတွင် မဇ္ဈိမသို့ ပြောထားသည်။

ယင်းအပေါ် ဦးဦးသန်းနိုင်က စစ်ဆေးခံနေရသည့်အထဲမှ စိတ်မနှံ့သူတစ်ဦးက ထအော်ခြင်းကြောင့် ကျန်လူများ ရုန်းရင်းဆန်ခတ် ဖြစ်သွားခြင်း ဖြစ်ကြောင်း ၎င်းလွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။ 

အဆိုပါ ပစ်ခတ်မှုတွင် ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မဇ္ဈိမသို့ အတည်ပြုပြောဆိုထားသည်။

ဧပြီ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းကျေးရွာမှ အသက် ၁၅ နှစ် မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တ ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆောင်ရွက်နေကြောင်း တပ်မတော်ဘက်မှ မေလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required