ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း တင်ဒါအောင်ကုမ္ပဏီကို ထုတ်ပြန်သွားမည်

ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း တင်ဒါအောင်ကုမ္ပဏီကို ထုတ်ပြန်သွားမည်
ဓာတ်ပုံ - EPA

မေ ၂ ။     ။ ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချနိုင်ရန် အဓိကရည်ရွယ်သည့် ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း တည်ဆောက်ရေးနှင့် ပတ်သက်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို လာမည့် ဇူလိုင်၊ သြဂုတ်တွင် ထုတ်ပြန်သွားမည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ သိရသည်။

ယင်း စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ကို ဆက်သွယ်ပေးရန် ဖြစ်သည်။

ယင်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ စုစုပေါင်းအရှည်မှာ ၄၇.၅ ကီလိုမီတာ ဖြစ်သည်။ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း (၄)လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နှင့် အနောက် ချိတ်ဆက်ထားသော (၄)လမ်းသွား (၆)ကီလိုမီတာ ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော (၂)လမ်းသွား (၂.၅)ကီလိုမီတာ စုစုပေါင်း အရှည် (၂၇.၅)ကီလိုမီတာ ရှိသည်။

၎င်း ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို လာမည့် ၂၀၂၀ ခုနှစ် ၊ ဇူလိုင်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၃ နှစ် အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားသည်။

၂၀၁၈ ခုနှစ်၊ မေလအတွင်းက စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်ယူခဲ့ပြီး လျှောက်ထားသော လျှောက်လွှာ ၁၂ စောင် ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် အရည်အသွေးပြည့်မီမှု ကို မူတည်၍ အကဲဖြတ်ခဲ့ရာ ကုမ္ပဏီ ၁၀ ခု ကို ဒီဇင်ဘာလတွင် ဆန်ခါတင် ရွေးချယ်ခဲ့ရာတွင် တရုတ်ကုမ္ပဏီ ၆ ခုထိ ပါဝင်နေသည်။

လာမည့် မေလ ၇ ရက်မှ ၉ ရက်နေ့အထိ ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီများနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ One on One Meeting များ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့နောက် ဇွန်လတွင် တင်ဒါ ယှဉ်ပြိုင်သူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းအဆိုပြုလွှာကို တင်သွင်းရမည် ဖြစ်ပြီး ဇူလိုင်၊ သြဂုတ်တွင် တင်ဒါအောင်မြင်သည့် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီကို ထုတ်ပြန်သွားမည်လည်း ဖြစ်သည်။

အဆိုပါစီမံကိန်း ဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို လျှော့ချပေးနိုင်မည့်အပြင် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထု၏ လူမှုဘဝလည်း မြင့်မားလာမည်ဟု အစိုးရဘက်မှ ရည်ရွယ်ထားသည်။

ဆန်ခါတင် တရုတ်ကုမ္ပဏီ ၆ ခု မှာ China Communications Construction Company Ltd၊ China Ghzhouba Group.,Ltd၊ CRIG-CDL Consortium၊ Power Construction C၀operation of China, Limited  တို့ ဖြစ်ပြီး ပြင်သစ်ကုမ္ပဏီဖြစ်သည့် Vinci Highways၊ ဂျပန်မှ JFEE/Marubeni Consortium၊ ကိုရီးယားမှ Team Korea Consortium ၊ တရုတ်-မြန်မာ ဖက်စပ် Denso-CSCEC Consortium၊ ထိုင်း-တရုတ် ဖက်စပ် ITD-CSI JV၊ မြန်မာ-ဂျပန်-ထိုင်း ဖက်စပ် BSSIC Consortium တို့ ပါဝင်နေသည်။

ယနေ့ မေလ ၂ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁)၏ Pre-Bid Conference ကို Hilton Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required