လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးမှုကို အရေးယူပေးရန် ANP ပါတီ မှ နိုင်ငံအကြီးအကဲများအား အိတ်ဖွင့်ပေးစာပေးပို့

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးမှုကို အရေးယူပေးရန် ANP ပါတီ မှ နိုင်ငံအကြီးအကဲများအား အိတ်ဖွင့်ပေးစာပေးပို့

ရန်ကုန် ၊ မေ ၂ ။      ။ ရခိုင်ပြည်နယ်အတွင်း၌ စစ်ဆင်ရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးမှုများအား အရေးယူပေးရန် ရခိုင်အမျိုးသားပါတီ(ANP) က နိုင်ငံတော်အကြီးအကဲ များထံ အိတ်ဖွင့်ပေးစာ တစ်စောင်ကို မေလ ၂ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ယင်းအိတ်ဖွင့် ပေးစာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ လိပ်မူပေးပို့ထားခြင်း ဖြစ်သည်။

“အဖြစ်မှန်တစ်ခုဆိုတာကတော့ နှစ်ဖက်ပြောတာကို နားထောင်ပြီးတော့မှ မျှမျှတတ ဆုံးဖြတ်တာ အကောင်း ဆုံး ဖြစ်မယ်လို့ ထင်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္စျိမသို့ အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်းနှင့်ပတ်သက်ပြီး ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦး ၊ မင်းပြား ၊ ရသေ့တောင် ၊ ဘူးသီးတောင် စသည့် မြို့နယ်များရှိ ဒေသခံများသည် စစ်ဆင်ရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်တချို့၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ရှိနေခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ၏ ပေးစာတွင် ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှ ဒေသခံများအား တပ်မတော်မှ ခေါ်ယူစစ်ဆေးနေစဉ် သေဆုံးခဲ့သည့် ပြည်သူများလည်း ရှိနေခဲ့သည်။

အနီးစပ်ဆုံးဖြစ်ရပ်အနေဖြင့် မေလ ၁ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာရှိ ရွာသား ၂၇၅ ဦးအား တပ်မတော်မှ စစ်ဆေးမေးမြန်းနေစဉ် ၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိခဲ့သူများလည်း ရှိနေခဲ့သည်။

ယင်းဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်အား လုယူခဲ့ခြင်းကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု တပ်မတော်မှ ဖြေရှင်းထားသည်။

“အပြစ်မဲ့ ရပ်သူ/ရွာသားများအား ထိခိုက်သေဆုံး ဒဏ်ရာရမှု ဖြစ်စဉ်များ နောက်ထပ်မဖြစ်ပွားစေရန် ကျူးလွန်သူများကို ဥပဒေအရ အရေးယူအပြစ်ပေးရန် တောင်းဆိုကြောင်း” ANP ရခိုင်အမျိုးသားပါတီ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required