တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှုတွင် ဖမ်းဆီးရမိသူမှာ ဆွေမျိုးတော်စပ်သူဖြစ်

တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှုတွင် ဖမ်းဆီးရမိသူမှာ ဆွေမျိုးတော်စပ်သူဖြစ်
ဓာတ်ပုံ-ရဲဇာနည်

မေ ၁ ။       ။ ဧပြီ ၂၇ ရက်ညပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး  တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ကွင်းဆက်ရရှိကာ ဧပြီ ၂၉ ရက်နေ့တွင် ဆွေမျိုးတော်စပ်သူအား ကနဦး ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ကန်သာယာရပ်ကွက် မင်္ဂလာလမ်း အမှတ် ၁၁၈ နေ  မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်ပိုင်ရှင်၏ သမီး၊ သားမက်၊ မြေး လသားအရွယ်ကလေးတစ်ဦး၊ အိမ်အကူ အမျိုးသမီး အပါအဝင် လူ ၄ ဦးအား သတ်ခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှု ဖြစ်ပွားပြီးနောက် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မသင်္ကာသူကို သတင်းကွင်းဆက်ရရှိပြီး အခင်းဖြစ်အရပ်၌ ကျန်ရှိသည့် သဲလွန်စပစ္စည်းများနှင့် ဆက်စပ်အတည်ပြုဖော်ထုတ်ကာ  ဧပြီ ၂၉ ရက် ၊ နံနက် ၇ နာရီခန့်တွင် ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ) အိုက်အုံးအား ကျောက်မဲမြို့နယ် အထက်မြင်းကွင်းကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ထို့နောက် စစ်ဆေးချက်အရ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ  တစ်ပိဿာနီးပါးခန့်နှင့် ငွေကျပ် ၇ သိန်းကျော်တို့ကို ယနေ့ မေ ၁ ရက်နေ့တွင် အထူးအမှုစစ်အဖွဲ့မှ ရှာဖွေဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည်။

ကနဦး စစ်ကြောချက်အရ ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ) အိုက်အုံးသည် မူးယစ်ဆေးဝါးစွဲနေပြီး မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနှင့် မောင်နှမ ဝမ်းကွဲတော်စပ်သည်။ ဒေါ်အေးရွှေ၏ ခင်ပွန်းမှာ ကွယ်လွန်သွားပြီ ဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံမှာ သားသမီးထွန်းကားမှု မရှိသဖြင့် တင်အုန်း (ခ) အိုက်အုံး၏ ပထမ အိမ်ထောင်နှင့် ရရှိထားသူ သားတစ်ဦးကို မွေးစားထားခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါသားမှာ အိမ်ထောင် ကျကာ အိမ်ခွဲ၍ သီးခြား နေထိုင်ကြောင်း၊ ဒေါ်အေးရွှေက မနန်းခမ်းလှိုင်ကို လွန်ခဲ့သော နှစ် ၂၀ ကျော်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကြောင်း၊ မနန်းခမ်းလှိုင်မှာ ဒေါ်အေးရွှေနှင့်အတူ နေထိုင်ပြီး ဆေးတိုက်လုပ်ငန်းကိုလည်း ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေသူဖြစ်သဖြင့်  အမွေခွဲမှုများ ရှိလာပါက တင်အုန်း (ခ) အိုက်အုံး၏သား အမွေအရနည်းမည်ကို စိုးရိမ်မှု ၊ မိမိ၏ ငွေကြေးလိုအပ်မှုတို့ကို အခြေခံကာ အခြားသူနှင့် ပူးပေါင်း၍ ၎င်းက အဓိက စီမံ ဦးဆောင်ကြိုးကိုင်ပြီး သေဆုံးသူ မိသားစုအား သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါအမှုတွင် လူ ၄ ဦး သေဆုံးခဲ့ပြီး  ဆေးတိုက်နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၅ မျိုး၊ ငွေကျပ် သိန်း ၄၀ အပါအဝင် စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်း ၁၅၅၀ ကျော် ပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု အမှုတိုင်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ကျန်ရှိသည့်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ကျန်ရှိသော သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိရေး  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required