စိတ်ရှည်စွာဖြင့် အားပေးရန် မြန်မာဘောလုံး ပရိသတ်များကို ဂတ်ဇီဆီ တောင်းဆို

စိတ်ရှည်စွာဖြင့် အားပေးရန် မြန်မာဘောလုံး ပရိသတ်များကို ဂတ်ဇီဆီ တောင်းဆို
မြန်မာအသင်းနှင့် ဟောင်ကောင် အသင်းတို့ပွဲတွင် ကွင်းအတွင်းသို့ ပရိသတ်တစ်ဦး ဝင်ရောက်လာစဉ်။ ဓာတ်ပုံ - ရွှေဘုတ်

မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် ပွဲချိန် ၇၃ မိနစ် ၌ ကွင်းအတွင်းသို့ ပရိသတ်တစ်ဦး ဝင်ရောက်ကာ ပွဲရပ်နားမှု ဖြစ်ခဲ့ရသည့် အတွက် မြန်မာဘောလုံး ပရိသတ်များကို စိတ်ရှည်စွာဖြင့် အားပေးရန် မြန်မာ ယူ-၁၉ နည်းပြချုပ် ဂတ်ဇီဆီက တောင်းဆိုလိုက်သည်။

အဆိုပါ ပွဲတွင် ဟောင်ကောင်အသင်း ဦးဆောင်ဂိုး သွင်းပြီးချိန်၌ ပရိသတ်တစ်ဦး ကွင်းထဲ ပြေးဝင်လာမှု ဖြစ်ပွားခဲ့သည့် အပြင် ပွဲချိန် အတွင်း၌ ပရိသတ်အချို့ ကွင်းအတွင်းသို့ အရာဝတ္ထုဖြင့် ပစ်ပေါက်မှုများလည်း ဖြစ်ပွားခဲ့သည်။

မြန်မာဘောလုံး ပရိသတ်များနှင့် ပတ်သက်၍ "မြန်မာအသင်း ပရိသတ်အချို့က ဘာကြောင့်များ အေးအေး ဆေးဆေး အားမပေးနိုင်ကြတာလဲလို့ မေးချင်ပါတယ်။ အခု လုပ်ရပ်ဟာ အသင်းအတွက် ဘာမှ အထောက်အကူ မဖြစ်ပါဘူး။ အရင်တစ်ခေါက်က ဒီလို လုပ်ခဲ့လို့ ပြီးခဲ့တဲ့ ဘရူနိုင်းနဲ့ပွဲမှာ ပရိသတ်မပါပဲ ကွင်းပိတ် ကစားခဲ့ရပြီးပါပြီ။ ဒါမျိုး နောက်တစ်ကြိမ် မကြုံချင်တော့ပါဘူး။

ဒီပရိသတ်တွေရဲ့ အပြုအမူက အဖွဲ့ချုပ်ကိုလည်း ရိုက်ခတ်မှု ရှိမှာပါ။ ကွင်းထဲကို ပြေးဝင်လာရုံနဲ့တော့ ကျွန်တော်တို့ ဂိုးတစ်ဂိုး ရမသွားနိုင်ပါဘူး။ အသင်းကို စိတ်ရှည်ရှည် စောင့်ကြည့်ပေး ဖို့ ပြောချင် ပါတယ်" ဟု ဂတ်ဇီဆီက သူ့အမြင်ကို ပြောသည်။

မြန်မာဘောလုံး ပရိသတ်များအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အာရှ ယူ-၁၉ ချန်ပီရှစ်ပြိုင်ပွဲ မြန်မာအသင်းနှင့် ယူအေအီးတို့ ပွဲအပြီးတွင် ကွင်းအတွင်းသို့ ဝင်ရောက် အောင်ပွဲခံခဲ့သည့်အတွက် အာရှဘောလုံး အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေနှင့် ကွင်းပိတ်ပြစ်ဒဏ် တစ်ပွဲ ချမှတ်ခဲ့ခြင်းကြောင့် မြန်မာ ယူ-၁၉ အသင်းအနေဖြင့် စက်တင်ဘာ ၃၀ ရက်က ဘရူနိုင်း ယူ-၁၉ အသင်းနှင့် ခြေစစ်ပွဲကို ပရိသတ်မပါပဲ ယှဉ်ပြိုင် ကစားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly