သည်းခံမှုမှာ အတိုင်းအတာရှိတယ်လို့ တပ်မတော် ပြော

သည်းခံမှုမှာ အတိုင်းအတာရှိတယ်လို့ တပ်မတော် ပြော
Photo- HEIN HTET/EPA

နေပြည်တော်(ဧပြီ ၃ဝရက်၊ ၂၀၁၉ခုနှစ်)။    ။ သတင်းမီဒီယာများ အပါအဝင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အချို့ကို တပ်မတော်ဘက်က တရားစွဲဆိုမှုများ ပြုလုပ်ရခြင်းမှာ သည်းခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သော ကြောင့် ဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားလိုက်သည်။

“သည်းခံသင့်တဲ့ အတိုင်းအတာကို သည်းခံတာပဲ ကောင်းတယ်” ဟု ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ဧရာဝတီနှင့် RFA သတင်းဌာနတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ကို အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲဆိုမှုများ ခပ်စိပ်စိတ်ပြုလုပ်လာသည့်အပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“သည်းခံတာများလာရင် ပိုပြီးတော့ ရောင့်တက်လာတာပဲ ရှိတယ်။ နောက်ဆုံး ပြောရရင်တော့ ရှိသမျှ ခေါင်းမွေး ပြောင်ဖို့ပဲ ရှိတယ်။ ကိုယ့်ခေါင်းမွေးကို တစ်ပင်ချင်း လာနုတ်နေတာတော့ တစ်ပင်ချင်းနုတ်ရင် သည်းခံမယ်ဗျာ။ နှစ်ပင်နုတ်ရင် သည်းခံမယ်။ သုံးလေးပင်ပေါင်းပြီး နုတ်ပြီဆိုရင်တော့ ပြန်ပြီးတော့ ဆော်ဖို့ပဲ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

 နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဧပြီလ ၃ဝရက်နေ့က တတိယအကြိမ် ပြုလုပ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် သတင်းမီဒီယာများ၏ မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နား ချိန်တွင် တပ်မတော်ဘက်က တရားစွဲဆိုမှုများနှင့််ပတ်သက်၍ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည့် “မြောက်ဦးမှတ်တမ်း” ဆောင်းပါးပါ အချက်အလက်များနှင့် RFA သတင်းဌာန၏ ရခိုင်ပြည်နယ်နှင့်သက်ဆိုင်သည့် သတင်းတစ်ပုဒ်နှင့်ပတ်သက်ပြီး အဆိုပါ သတင်းဌာနများ၏ တာဝန်ရှိသူများကို တပ်မတော်ဘက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အသီးသီး တရားစွဲဆို ထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်(AA)တို့အကြား မြောက်ဦးမြို့တွင်း ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်း ဌာန၏ မြောက်ဦးမှတ်တမ်း ဆောင်းပါး ဖော်ပြချိန်သည် ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်ဘက်က သတင်း စာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ထိုဆောင်းပါးတွင် တစ်ဖက်သတ်အမြင်ဖြင့်သာ ရေးသားခြင်းဖြစ် သဖြင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“တစ်ဖက်သတ်အမြင်နဲ့ ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သတင်းမီဒီယာသမားများရဲ့ ထုတ်ပြန် ပြောဆိုချက်က သာမန်ပြည်သူ ထုတ်ပြန်ပြောဆိုချက်ထက် ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် ဒီအကျိုးဆက် တွေကတော့ များပါတယ်။ ဒီလို အကျိုးဆက်များတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မီဒီယာသမားများကို တည်ဆဲဥပဒေဖြစ်သည့် သတင်းမီဒီယာဥပဒေဖြင့် တရားမစွဲဘဲ အခြားပုဒ်မများဖြင့် အဘယ်ကြောင့် တရားစွဲဆိုရသနည်းဟု မီဒီယာသမားတစ်ဦး၏ မေးမြန်းမှုကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အောက်ပါအတို်င်း တုံ့ပြန်ခဲ့သည်။

“သတင်းမီဒီယာဥပဒေမှာ ပြ႒ာန်းထားတာသည် ခံစားရတဲ့သူ ကျေနပ်ဖို့၊ မကျေနပ်ဖို့ပဲ အရေးကြီးတယ်။ သတင်းမီဒီယာဥပဒေမှာ ပြ႒ာန်းထားတာသည် အများဆုံးက ငွေဒဏ် ၁ဝသိန်း၊အနည်းဆုံးက  ငွေသုံးသိန်း၊ ခင်ဗျားကို ကျွန်တော်က ရိုက်ပြီးတော့ ခင်ဗျားကို ကြိုက်သလို ဆဲပြီးတော့ ငွေသုံးသိန်း လျော်ပေးမယ်။ ခင်ဗျား ခံမလား။ ဒါပဲ ရှင်းရှင်းလေးရယ်။ ခင်ဗျား အမေကိုလည်း ဆဲမယ်။ ခင်ဗျားအဖေကိုလည်း ဆဲမယ်။ ခင်ဗျား မျိုးရိုးကိုလည်း ဆဲမယ်။ ခင်ဗျားကိုလည်း ဆဲမယ်။ ဆဲပြီးရင် ခင်ဗျားကို ငွေသုံးသိန်း လျော်ပေးမယ်ဆိုရင် ခင်ဗျား ခံမလား” ဟု ၎င်းက ပြန်လည် မေးခွန်းထုတ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကလည်း မီဒီယာသမားများသည် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော် လည်း အကန့်အသတ်များရှိသဖြင့် ထိုအကန့်အသတ်ကို ကျော်လွန်ပြီး တစ်စုံတစ်ယောက်၏ လွတ်လပ်မှုနှင့် တည်ဆဲဥပဒေများကို ထိခိုက်ပါက တရားစွဲဆို၊ အရေးယူခံရမှုများ ရှိသဖြင့် အကန့်အသတ် မကျော်လွန်ရန် လိုအပ်သည်ဟု မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောစဉ် ထည့်သွင်း ပြောကြားသည်။

“မီဒီယာများရဲ့ကြံ့ခိုင်မှုကတော့ မိမိရဲ့ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို သူ့အကန့်အသတ် ဘောင်ထဲမှာ ဘယ်အတိုင်းအတာအထိ လုပ်ကိုင်နိုင်သလဲဆိုတဲ့အပေါ် မူတည်တယ်။ အဲ့ဒီ အကန့်အသတ်တွေ မကျော်လွန်ဖို့နဲ့ နောက်တစ်ခု ပိုပြီး ကြံ့ခိုင်ဖိုလိုတာက မီဒီယာကျင့်ဝတ်ပေါ့” ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း တပ်မတော်နှင့် သတင်းမီဒီယာများအကြား ယုံကြည်မှု တည်ဆောက် နိုင်ရန်မှာ အပြန်အလှန် နားလည်မှုရှိရန် လိုအပ်ပြီး အမြဲတမ်း ထိတွေ့နေမှသာ အပြန်အလှန် နားလည်မှု ရရှိမည်ဟု ပြောကြားသည်။

လက်ရှိ အစိုးရလက်ထက်တွင် သတင်းသမားများအပေါ် တရားစွဲဆိုထားသော အမှုပေါင်း (၃၁)မှု အထိရှိနေပြီး သတင်းသမား (၄၇)ဦး တရားရင်ဆိုင်နေရသည်ဟု အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့) က ဧပြီလ ၂၃ရက်က ထုတ်ပြန်ထားသည်။

အဆိုပါ ၃၁မှုတွင် အစိုးရဝန်ထမ်းများက တရားစွဲထားသည့်အမှု ၁၈မှုနှင့် တပ်မတော်က တရားစွဲဆိုထားသော အမှု ၄မှု ရှိသည်။ သတင်းသမားများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်းဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝဝနှင့် ၅၀၅(ခ) နှင့် သတင်းမီဒီယာဥပဒေ စသည်တို့ ဖြစ်သည်။

ထို့အပြင် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသား (၅)ဦးကို တပ်မတော်ဘက်က တရားစွဲဆိုရခြင်းနှင့်ပတ်သက်၍လည်း “သူတို့ပြောတဲ့စကားတွေ၊ သူတို့လုပ်တဲ့ ဟိုဟာတွေမှာ ပြန်ကြည့်လိုက်ပါ။ ပြန်ကြည့်လိုက်ရင် ဘာ့ကြောင့် တရားစွဲတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကတော့ တစ်ခါတလေမှာ အငှားခံစားကြည့်လိုက်ရင် ပိုပြီး သိသာပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly