ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက

ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နေရောင်ခြည်ကနေပဲအများဆုံးရရှိနိုင်တယ်ဆိုတဲ့ ဗီတာမင်ဒီရဲ့ ကောင်းကျိုးတွေအကြောင်း၊ ဗီတာမင်ဒီ ချို့တဲ့ရင်ဖြစ်လာနိုင်တဲ့ ပြဿနာတွေအကြောင်း လူသိများလာတဲ့အခါ ဗီတာမင်ဒီကို ဖြည့်စွက်အားဆေးအဖြစ်သောက်သုံးတာခေတ်စားလာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပမာဏမှန်ကန်အောင်သောက်သုံးတာဘာမှမဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အားဆေးတွေသောက်ကြတဲ့အခါ ကွိုင်တက်ပါတော့တယ်။ ဘာလို့ဆို ဗီတာမင်ဒီဟာ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို အတိအကျသက်သေပြတဲ့ဓာတ်ဖြစ်နေလို့ပါပဲ။

တစ်နေ့တာ ရရှိသင့်တဲ့ ပမာဏထက်ကျော်လွန်သွားရင် ဒါမှမဟုတ် ကျော်လွန်တာကြာနေရင် ခန္ဓာကိုယ်မှာ ဆိုးကျိုးအန္တရာယ်ပိုများနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ဗီတာမင် ဒီအားဆေးကိုတစ်နေ့တစ်လုံး သောက်နေတယ်ထား၊ အရိုးအားဆေး၊ မာလ်တီဗိုက်တာမင်အားဆေး၊ အသည်းအားဆေး စသည်ဖြင့် အမည်တပ်တပ်ပြီး ဗီတာမင်အစုံပါတဲ့တခြားအားဆေးတွေ(ဗီတာမင်ဒီအပါအဝင်)ကို နှစ်မျိုးလောက်ထပ်သောက်လိုက်ရင်ပဲ ဗီတာမင်နဲ့သတ္တုဓာတ်တွေလိုတာထက်ပိုတော့မှာပါ။ ဒီဓာတ်တွေအကုန်လုံးဟာ ခန္ဓာကိုယ်ကြီးလည်ပတ်ရှင်သန်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်ပေမယ့် လိုအပ်တဲ့ပမာဏထက် မလွန်ကဲနေသင့်ပါဘူး။ ဗီတာမင် ဒီလွန်ကဲရင် အရင်ဆုံးပျက်စီးမှာ ကျောက်ကပ်ပါပဲ။

လတ်တလောအဖြစ်ဆုံးသာဓကတစ်ခုကိုပြရရင် ကနေဒါအမျိုးသားတစ်ယောက်ဟာ တစ်နေ့တာသောက်သုံးသင့်တဲ့ ဗီတာမင် ဒီပမာဏထက် ၁၂ ဆ ပိုသောက်မိလို့ ကျောက်ကပ်ပျက်စီးခဲ့ရပါတယ်။ သူဟာ သဘာဝကုထုံးပညာရှင်တစ်ယောက်ရဲ့အကြံပြုချက်နဲ့ ဗီတာမင်ဒီ ပမာဏအများကြီးကို နေ့တိုင်းသောက်ခဲ့တာ နှစ်နှစ်ခွဲရှိခဲ့ပါပြီတဲ့။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဒီရဖို့ နှစ်ပတ်တာအားလပ်ရက်မှာ တစ်နေ့ကို ၈ နာရီလောက် နေပူစာလှုံခဲ့ပြီးနောက် ကျန်းမာရေးဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။

ဆေးစစ်ချက်တွေအရ သူ့ရဲ့သွေးထဲမှာ creatinine ပမာဏမြင့်တက်လျက်ရှိတာတွေ့ရပြီး ဒါဟာ ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့လက္ခဏာတစ်ခုဖြစ်နေပါတယ်။

သွေးတွင်း ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ပမာဏက အန္တရာယ်ရှိတဲ့အဆင့်အထိ မြင့်တက်နေတာကြောင့် ကျောက်ကပ်လုပ်ဆောင်ချက်တွေပျက်ယွင်းကုန်တာ ဆရာဝန်တွေက သိရှိခဲ့ပါတယ်။

ဒီလူနာကို ကျန်းမာရေးပြန်ကောင်းလာအောင် အချိန်တစ်နှစ်လောက် ကြိုးစားကုသခဲ့ရတာတောင် နောက်ဆုံးမှာ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ကျန်ခဲ့ပြီး ကျောက်ကပ်ဆေးနေရတဲ့အဖြစ်ကိုရောက်ရတော့မှာပါ။

သူ့မှာ အရိုးပါးတဲ့ ဒါမှမဟုတ် ဗီတာမင်ဒီချို့တဲ့တာ လိုမျိုး ရောဂါရာဇဝင်မရှိခဲ့ဘဲ တစ်နေ့ကို ဗီတာမင်ဒီ 8,000 ကနေ 12,000IU အား သောက်သုံးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးအကြံပြုချက်တွေအရ ပုံမှန်ဆို ဗီတာမင်ဒီကို တစ်နေ့ 1000IU အထိပဲ အများဆုံးသောက်သုံးလို့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့လိုပဲ တခြားလူတွေအသိအမြင်တွေမှားနေကြမှာကို Toronto General Hospital က ဆရာဝန်တွေက စိုးရိမ်ခဲ့ကြပါတယ်။

“ ဗီတာမင်အားဆေးတွေကတော့ ဘေးမဖြစ်နိုင်ဘူးလို့ သူတစ်ထစ်ချထင်ထားပုံရတယ်။ သူ့အတွေးအရဆိုရင် ဗီတာမင်ဒီကို ပိုသောက်လေ၊ အရိုးပိုကြံ့ခိုင်လေပဲ။” လို့ လူနာရဲ့အသိအမြင်မှားအကြောင်း ဒေါက်တာBourne Auguste ကရှင်းပြပါတယ်။

သူက သဘာဝပစ္စည်းတွေနဲ့ကုသပေးတယ်လို့ဆိုတဲ့ homeopathy  ကုထုံးပညာရှင်တစ်ဦးနဲ့တွေ့ဆုံခဲ့ဖူးတယ်။ အဲဒီပညာရှင်က တစ်စက်မှာ ဗီတာမင်ဒီ 500IU  ပါတဲ့ အစက်ချဆေးအမှတ်တံဆိပ်တစ်မျိုးကို တစ်နေ့ ၈ စက် သောက်ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို ကနေဒါ ကျန်းမာရေးဂျာနယ် Medical Association Journal မှာဖော်ပြထားတာပါ။

ဒီဆေးနဲ့တင် တစ်နေ့ကို ဗီတာမင်ဒီ 4,000IU  ဖြစ်နေပြီကို မသိနားမလည်ခဲ့တဲ့ အဲဒီအမျိုးသားဟာ တစ်စက်ကို 1,000IU ပါတဲ့တခြား ဗီတာမင်ဒီဆေးတစ်မျိုးကို ထပ်ဝယ်ခဲ့ပါသေးတယ်။ အားလပ်ရက်ခရီးစဉ်ကပြန်လာပြီးတဲ့နောက်တော့ သူဆရာဝန်ပြခဲ့ရပါတော့တယ်။

အစကတော့ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် အပူလျှပ်တာလို့ ဆရာဝန်ကယူဆခဲ့လို့ သွေးကျဆေးနဲ့ဆီးဆေးတွေကို ရပ်စေခဲ့ပါတယ်။ သွေးစစ်ချက်အရ သိရတော့မှ ကျောက်ကပ်အထူးကုကိုဆက်ပြခဲ့ရတာပါ။

အဲဒီတော့မှ သူသောက်နေတဲ့အားဆေးတွေနဲ့ သူစားနေတဲ့ကယ်လ်စီယမ်ကြွယ် အစားအစာတွေကိုရပ်ခိုင်းရပါတယ်။ ဗီတာမင်ဒီအဆိပ်သင့်မှုအတွက် ရောဂါကုသစောင့်ရှောက်မှုတစ်နှစ်နီးပါးရှိတော့မှ သူ့ရဲ့ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီပမာဏက ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့မှာ နာတာရှည်ကျောက်ကပ်ရောဂါ အဆင့် ၃ ဖြစ်နေခဲ့ပါပြီ။

တကယ်တော့ နေရောင်ခြည် ဒါမှမဟုတ် အစားအသောက်ကရတဲ့ ဗီတာမင်ဒီပမာဏက ခန္ဓာကိုယ်အတွက်အန္တရာယ်မရှိနိုင်ပါဘူး။ လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးရင်လည်း ဘေးမရှိစေပါဘူး။ အပေါ်မှာပြောခဲ့သလို ကိုယ့်သဘောနဲ့ကိုယ် သို့မဟုတ် သူများအပြောကြောင့် သောက်သုံးနည်းလွဲမှားရင်တော့ အန္တရာယ်ရှိပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly