ကိုကိုတို့ ကြွက်သားတက်မြန်စေမယ့် နည်းလမ်းကောင်းတွေ

ကိုကိုတို့ ကြွက်သားတက်မြန်စေမယ့် နည်းလမ်းကောင်းတွေ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ပြောင်းလဲချင်စိတ်သာရှိရင် ဝနေတဲ့သူတစ်ယောက်က ပိန်ဖို့ လွယ်ကူပေမယ့် နဂိုပိန်နေတဲ့သူတွေဆိုတာ ဝဖို့ တော်တော်လေးခက်ပါတယ်။ အဝလွန်တာမှ မဟုတ်ပါဘူး၊ ပိန်လွန်းတယ်ဆိုတာလည်း ကျန်းမာရေးအတွက် ရေရှည်မှာ ဒုက္ခဖြစ်စေနိုင်တဲ့ ကိစ္စပါပဲ။
ဘာကြောင့် တချို့အမျိုးသားတွေဟာ ပိန်လွန်းတာလဲ။

လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်အောက် ရောက်နေတဲ့သူတွေမှာ အစာစားချိန် ပုံမှန်မဟုတ်တာ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ မစားတာ၊ ကိုယ်ခန္ဓာ ကြွက်သားထုတက်စေမယ့် ပရိုတင်း၊ ကစီဓာတ်တွေ စားသုံးမှုနည်းတာ၊ သိုင်းရွိုက်ဂလန်းမှာ ပြဿနာဖြစ်နေတာ၊ အမျိုးအစား (၁) ဆီးချိုရောဂါ၊ တချို့သော ကင်ဆာရောဂါတွေ၊ ကပ်ပါးပိုးတွယ်ခြင်း၊ တီဘီရောဂါ၊ HIV ပိုးကူးစက်ခံရတာတွေကြောင့် ကိုယ်အလေးချိန် လွန်စွာကျဆင်းနိုင်ပါတယ်။
အမျိုးသားတွေ ပိန်လွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ။

ပိန်လွန်းတဲ့အမျိုးသားတွေဟာ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် နှလုံးကြွက်သားမကောင်းဘူး။ သက်လုံမကောင်းဘူး၊ အမောမခံနိုင်ဘူး၊ အပင်ပန်းလည်း မခံနိုင်ပါဘူး။ ဒါ့အပြင် ကြွက်သားနဲ့ အရိုးအဆစ်တွေ အားနည်းတယ်။ ကိုယ်ခံအားစနစ်ကလည်း ပျော့တဲ့အတွက် တခြားရောဂါတွေ ကိုယ်ခန္ဓာထဲ ကူးစက်ဝင်ရောက်လာဖို့ ပိုမိုလွယ်ကူတယ်။ မျိုးမအောင်တာ၊ မြုံတာ၊ စိတ်ကျန်းမာရေးပြဿနာတွေအပြင် ရုတ်တရက် သေဆုံးနိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။

ဒီနေ့ဆောင်းပါးမှာ ပိန်လွန်းတဲ့သူတွေ မြန်မြန်ဝချင်တာ၊ ကြွက်သားထု လျင်မြန်စွာ တက်စေဖို့ နည်းလမ်းကောင်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
ကြွက်သားမြန်မြန်တက်စေဖို့ နေထိုင်စားသောက်မှု ပုံစံကို ဘယ်လိုပြင်ဆင်မလဲ။

ဝတဲ့သူဖြစ်စေ၊ ပိန်တဲ့သူဖြစ်စေ ကျန်းမာကြံ့ခိုင်ပြီး တောင့်တင်းသန်မာတဲ့ ကိုယ်ခန္ဓာကို ရဖို့အတွက် နေ့စဉ် စားသုံးနေတဲ့ အစာအာဟာရကို သေချာ ဂရုစိုက်ဖို့ လိုအပ်တဲ့အပြင် လေ့ကျင့်ခန်းကိုလည်း မှန်မှန်လုပ်ဖို့ အရေးကြီးပါတယ်။
၁။ ပရိုတင်း များများစားပါ။

ကြွက်သားထု တည်ဆောက်ဖို့အတွက် မရှိမဖြစ် အာဟာရဓာတ်ကို ပြောပါဆိုရင် ပရိုတင်းဓာတ်လို့ပဲဆိုရမှာပါ။ အမျိုးသားတွေအတွက် နေ့စဉ် ပရိုတင်းပမာဏ များများစားပေးဖို့ လိုပါတယ်။ ပရိုတင်းဟာ ကြွက်သားထုအတွက်သာမက ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။ အားအင်ဖြစ်စေတယ်။ အမောခံနိုင်စေလို့ အားကစားလုပ်တဲ့နေရာမှာလည်း ပိုပြီး အားအင်စိုက်ထုတ်နိုင်စေပါတယ်။
၂။ ကယ်လိုရီတွေ စားပေးပါ။

ကယ်လိုရီဆိုတာ ဝနေတဲ့သူတွေအတွက်တော့ မကောင်းတာမှန်ပေမယ့် ပိန်တဲ့သူတွေအတွက်တော့ လိုအပ်ပါတယ်။ အများကြီး စားပေးဖို့တော့ မလိုပါဘူး။ တစ်နေ့တာမှာ ကယ်လိုရီပမာဏ အနည်းငယ်လောက် ပါအောင် စားပေးရင် လုံလောက်ပါတယ်။
၃။ ကစီဓာတ်ကိုလည်း စားပေးရပါမယ်။

ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားနေရင် ကစီဓာတ်ကို ရှောင်စရာမလိုပါဘူး။ ကစီဓာတ်က ကိုယ်ခန္ဓာတွင်း အားအင်ဖြစ်စေတယ်။ ကုန်ဆုံးသွားတဲ့ အားအင်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ တစ်ကြိမ်ထဲနဲ့ အများကြီးစားတာထက် ပမာဏနည်းနည်းစီကို အကြိမ်ရေများများ နေ့စဉ်စားပေးနိုင်ရင် ပိုကောင်းပါတယ်။
၄။ အားအင်မြှင့်အစားအစာတွေကို များများစားပါ။

အခွံမာသီး၊ အခြောက်လှန်းထားတဲ့ အသီးတွေ၊ အဆီမဖယ်ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ၊ ကျန်းမာရေးအတွက်ကောင်းတဲ့ မပြည့်ဝဆီ၊ ဆန်လုံးညို၊ ပရိုတင်းဓာတ် အများအပြား ပါဝင်တဲ့ အသားတွေ၊ အာလူး၊ ကန်စွန်းဥ အစရှိတဲ့ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ၊ ချောကလက်အနက်၊ ထောပတ်သီး၊ မြေပဲထောပတ် အစရှိတာတွေကို များများစားပေးဖို့ လိုပါတယ်။
၅။ အလေးမ ပါ။

အလေးမတယ်ဆိုတာ အမျိုးသားတိုင်းအတွက် အရေးပါတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို အဓိက သန်မာစေပြီး အရိုးအဆစ်တွေ ကြံ့ခိုင်စေတယ်။ အမောလည်း ခံနိုင်စေပြီး လေ့ကျင့်ခန်းလုပ်ဖို့ အားပိုသုံးနိုင်တယ်။ ကိုယ်ခန္ဓာက အလေးမတာကို ကျင့်သားရလာတဲ့အခါ တဖြည်းဖြည်းနဲ့ အလေးပမာဏကို မြှင့်ပေးသင့်ပါတယ်။
ကြွက်သားထု တည်ဆောက်ဖို့အတွက် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ။

ဒီအချက်တွေကို လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်ပြီးနဲ့ အစာစားတဲ့အချိန်မှာ သေချာလိုက်နာဖို့ လိုပါတယ်။

၁။ အစာမစားခင် ရေမသောက်ပါနဲ့။ ဗိုက်ပြည့်သွားပြီး အစာစားချင်စိတ်ကို နည်းသွားစေနိုင်တော့ ကိုယ်ခန္ဓာက ရသင့်တဲ့ အာဟာရဓာတ်တွေ နည်းသွားနိုင်ပါတယ်။

၂။ မကြာခဏ အစာစားပါ။ စားတဲ့အခါမှာလည်း အဓိက ပရိုတင်း၊ ကစီဓာတ်၊ ကယ်လ်စီယမ်နဲ့ ကယ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေကို များများစားပေးပါ။

၃။ ပရိုတင်းနဲ့ ကယ်လ်စီယမ်ဓာတ်၊ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ သဘာဝနွားနို့ကို တစ်နေ့ တစ်ခွက်စီ ပုံမှန်သောက်ပေးသင့်ပါတယ်။

၄။ လိုအပ်ရင် ပရိုတင်းဖြည့်စွက်စာ သောက်ပေးပါ။ ကိုယ်က နေ့စဉ်ပရိုတင်းပမာဏ လုံလောက်စွာ မရဘူးလို့ ခံစားရတယ်ဆိုရင် ဖြည့်စွက်စာကို ရေ သို့မဟုတ် နွားနို့နဲ့ ရောပြီး လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးမှာ သောက်ပေးသင့်ပါတယ်။

၅။ များများစားပါ။ ပိန်နေတဲ့သူတွေအတွက်တော့ ပမာဏနည်းနည်း စားတာက အစာစားချင်စိတ်ကို ပိုပြီး နည်းသွားစေနိုင်တဲ့အတွက် တစ်ခါစားရင် ပမာဏများများ အစာစားပေးတာ ပိုကောင်းပါတယ်။

၆။ အိပ်ချိန်ပြည့်ဝမှုဟာ ကြွက်သားထုတည်ဆောက်နေတဲ့ အမျိုးသားတွေအတွက် အလွန်အရေးကြီးပါတယ်။ အိပ်ရေးဝမှ နောက်နေ့မှာ ကိုယ်ခန္ဓာက အားအင်ပြည့်ဝနေပြီး လေ့ကျင့်ခန်း ကောင်းကောင်းလုုပ်နိုင်မှာပေါ့။

၇။ အစာစားတဲ့အခါ ပရိုတင်းကို အရင်စားပါ။ များများစားပေးပါ။ ဟင်းသီးဟင်းရွက်တွေကိုလည်း မမေ့ထားပါနဲ့။

၈။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှလည်း မဖြစ်စေသလို ကိုယ်ခန္ဓာကြွက်သားထုကို ဆုံးရှုံးသွားစေနိုင်တာကြောင့် ဒီမကောင်းတဲ့အကျင့်ကို ခုကတည်းက ဖျောက်ထားဖို့တော့ လိုမယ်နော်။

ဒီနည်းလမ်းတွေဟာ လျင်မြန်စွာ ကိုယ်အလေးချိန်တက်စေမယ့် နည်းလမ်းတွေဖြစ်ပေမယ့် အမြဲတမ်းလုပ်ပေးသွားဖို့တော့ လိုအပ်ပါတယ်။ ကိုယ်က ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်၊ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါ အားကျတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ကို ငေးကြည့်တာ၊ အားကျနေတာ လိုချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို သေချာလိုက်လုပ်ကြည့်ဖို့တော့ လိုမယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required