စစ်ရေးလျော့ချနိုင်ရန် အစိုးရကိုယ်စားလှယ်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ မူဆယ်တွင် တွေ့မည်

စစ်ရေးလျော့ချနိုင်ရန် အစိုးရကိုယ်စားလှယ်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ မူဆယ်တွင် တွေ့မည်

ရန်ကုန်၊ ဧပြီ ၂၉။                  ။ စစ်ရေးတင်းမာမှုများကိုလျော့ချနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် မြောက်ပိုင်းလေးဖွဲ့မှ တာဝန်ရှိသူတို့ ဧပြီလ ၃၀ ရက်နေ့၌ မူဆယ်တွင်တွေ့ဆုံရန်ရှိနေသည်။

“အဓိကတော့ စစ်ရေးရပ်စဲအောင်ဘယ်လိုလုပ်မလဲ အဲ့ကိစ္စကတော့ တစ်ချက်ဆွေးနွေးမှာပေါ့နော်။ ဒါပေမယ့် အသေးစိတ်ကတော့ မသိရ သေးဘူး။ ဆွေးနွေးပွဲအခြေအနေပေါ်မူတည်ပြီးဆက်သွားမယ်လို့ထင်တာပဲ” ဟု တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(TNLA) မှ ဗိုလ်မှူးတာအိုက်ကျော်ကပြောသည်။

ရခိုင်ဒေသအပြင် လက်ရှိစစ်ရေးအခြေအနေကြုံတွေ့နေရသည့် တိုင်းရင်းသားဒေသများတွင် တင်းမာမှုများ လျော့ချရန်နှင့် စစ်ဘေးရှောင်အခြေအနေများကို ဦးစားပေးဆွေးနွေးကြရန်ရှိကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါမြောက်ပိုင်းလေးဖွဲ့သည် အစိုး၏ တပ်မတော်နှင့် အဓိကတိုက်ပွဲဖြစ်ပွားနေသည့်အဖွဲ့များလည်းဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) ၊ ရက္ခိုင့်တပ် (AA) နှင့် ကိုးကန့်တပ်ဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) တို့ဖြစ်သည်။

မြောက်ပိုင်းလေးဖွဲ့မှနေ၍ ဧပြီ ၂၅ ရက်က ရခိုင်ဒေသအတွင်း တပ်မတော်မှအင်အားသုံး တိုက်ခိုက်နေခြင်း များကိုကန့်ကွက်သည့် စာတစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

ယခုဆွေးနွေးပွဲသည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တစ်နေရာတွင်ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ ကျင်းပမည့်ကြာချိန်ကိုအတိအကျ သတ်မှတ်ထားခြင်းမျိုးမရှိဟုလည်း ဗိုလ်မှူးတာအိုက်ကျော်ကပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ပြည်တွင်းစစ်အရှည်ကြာဆုံးနှင့် လက်နက်ကိုင်အဖွဲ့ အများဆုံး ရှိနေသည့် နိုင်ငံဖြစ်သောကြောင့် အစိုးရမှပြည်တွင်းစစ်များကိုချုပ်ငြိမ်းစေရန် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို အကောင်အထည်ဖော်နေသည်မှာလည်း ပြီးခဲ့သည့်အစိုးရ သက်တမ်းထဲကဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်အထိ မြောက်ပိုင်းလေးဖွဲ့တည်ရှိနေသည့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်း အပါအဝင် အချို့သောတိုင်းရင်းသားဒေသများတွင် စစ်ရေးတင်းမာမှုများရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ဒေသ၌ တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၅၀၀၀ နီးပါးရှိနေပြီး တစ်နိုင်ငံလုံးအတိုင်း အတာအရ တိုင်းရင်းသားပြည်နယ်များတွင် စစ်ရှောင် တစ်သိန်းနီးပါး အထိ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required