ဖေါင်ပေါ်အိမ်မိသားစုများ သို့မဟုတ် ဆည်ကြီးထဲက ဂျစ်ပစီများ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်ပါး ၇ )

ဖေါင်ပေါ်အိမ်မိသားစုများ သို့မဟုတ် ဆည်ကြီးထဲက ဂျစ်ပစီများ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်ပါး ၇ )

ကျနော်တို့စက်လေက ဖေါင်ပေါ်အိမ်တစ်ခုဘေးကို အသာအယာတိုးကပ်ပြီးဆိုက်လိုက်ပါတယ်။ ၀ါးပိုးဝါးကြီးများ ထူထဲသိပ်သည်းစွာ ကွပ်ညှပ်ထား ဝန်းရံထားတာဖြစ်လို့ စက်လှေကို ထိုးကပ်စရာနေရာ သေသေချာချာရွေးပြီးမှ စက်သပ်လိုက်ရပါတယ်။

ကျနော်တို့စက်လှေ ဖေါင်ဆီကိုဦးတည်လာနေတဲ့အချိန်က တဲဝင်ပေါက်မှာ လူတစ်ယောက် မတ်တတ်ရပ်ကြည့်နေတာတွေ့ရပြီး စက်လှေနဲ့ဖေါင်နီးလာသောအခါ စက်လှေမောင်းသူ ကိုထွန်းခင်နဲ့ ဖေါင်ပေါ်ကလူက အပြန်အလှန်နှုတ်ဆက်ကြပါတယ်။

ကျနော်တို့လူစု ပေါ်တက်ကြတော့ ဖေါင်ပေါ်အိမ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ အသက် လေးဆယ်ကျော် ငါဆယ်နီးပါးရှိမယ်ထင်ရတဲ့ အသားညိုညိုအမျိုးသမီးတစ်ဦးက ကျနော်တို့စက်လှေထိပ်မှာရပ်ပြီး စက်လှေဦးကို ကိုင်ပေးထားပါတယ်။ ကျနော်တို့လူစု ဖေါင်ပေါ်အကုန်လုံးတက်လိုက်တဲ့အခါ ခွေးတစ်ကောင်နဲ့ ကြောင်တစ်ကောင်ကိုလည်း တဲလိုလို အိမ်လိုလိုရဲ့အပေါက်ဝမှာ ခေါင်းတပြူပြူလုပ်နေကြပါတယ်။ ခွေးက လူစိမ်းတွေကို မာန်ဖီတဲ့အသံပေးပါတယ်။ တဲရှင်အမျိုးသားက တစ်ချက်ငေါက်လိုက် ဟန့်လိုက်တော့လည်း ခေါင်းကိုကြမ်းပြင်ပေါ်ပြန်ချပြီး ငြိမ်သွားပါတော့တယ်။

“ ခတ်လှမ်းလှမ်းကကြည့်တော့ ကျနော်က ဟိုကောင်တွေအောက်မေ့နေတာဗျ”လို့ ဖေါင်ပေါ်အိမ်ပိုင်ရှင်က ခရီးဦးကြိုရင်း ပြောပါတယ်။ လာမယ်ဆိုရင် ကြိုပြောမှပေါ့ တယ်လီဖုန်းလည်း လက်လှမ်းမီတာပဲဟာ လို့လည်းတဆက်တည်းပြောပါတယ်။ သူက ကျနော်တို့ကို ဆည်ကြီးထဲ မကြာမကြာရောက်လာတတ်တဲ့ အဖွဲ့ပေါင်းစုံကလူတွေဖြစ်မယ်လို့ ထင်နေတာပါ။ ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက ဒီရက်ပိုင်းအတွင်း တောခေါင်းနဲ့ရဲတွေ လာစစ်ကြလိမ့်မယ်ဆိုတဲ့ ပါးစပ်သတင်းရထားတာမို့ ကျနော်တို့ကိုလည်း အဲဒီလူတွေလို့ သူထင်မိတာဖြစ်ကြောင်း ရယ်မောပြီးပြောပါတယ်။ တကယ်လို့ ကြားထားတဲ့သူတွေရောက်လာရင်လည်း ပိုက်ဆံနည်းနည်းပါးပါးပေးဖို့ ပြင်ဆင်ထားတဲ့အကြောင်း၊ ဒီလူတွေက မီးသွေးဖိုသေးသေးလေးလည်း ပုံကြီးချဲ့ချင်ချဲ့တဲ့အကြောင်း ကုန်းကျဉ်းကျဉ်းလေးပေါ် အပင်ကလေးဘာလေးစိုက်တာလည်း ပြဿနာရှာတာပဲဗျလို့လည်း ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့က သူတို့အတွက် ဆေးဖိုးဝါးဖိုးမက ပေးနေကြတာမို့လည်း ပါးစပ်ကသာ မာမာတင်းတင်း ဖိပြောနေပေမယ့် ပိုက်ဆံလေးထုတ်ပြလိုက်ရင်တော့ ချက်ချင်းမျက်နှာချိဳးပြောင်းပြီး နေကြနေကြပါ ရပါတယ်ရပါတယ်ဆိုပြီး ပိုက်ဆံယူပြီး ပြန်သွားကြတာချည်းပါ်ပဲလို့လည်း သူ့ဖါသာရယ်မောရင်း သဘောကျနေပါသေးတယ်။

ကိုထွန်းခင်က ကျနော်တို့လာရခြင်း ရည်ရွယ်ရင်းကို ရှင်းပြပါတယ်။ ဖေါင်တွေပေါ်အိမ်ဆောက်နေပြီး နေရာရွေ့ပြောင်းနေထိုင်ကြပြီး ငါးလုပ်ငန်းနဲ့ ရပ်တည်ကြတဲ့သူတွေအကြောင်း လေ့လာချင်လို့ လာခဲ့ကြတာဖြစ်ကြောင်း ရှင်းပြပါတယ်။ ကျနော်တို့က တစ်ဦးချင်းစီ နာမည်ပြောပြီး မိတ်ဆက်ကြပါတယ်။

ကျနော်တို့က ဖေါင်ကိုဘယ်လို သစ်တွေဝါးတွေနဲ့ ဖေါင်ဖွဲ့ရသလဲ၊ မိသားစု အခြေအနေနဲ့ ဝင်ငွေထွက်ငွေအခြေအနေများကို အကြမ်းပျင်းသဘောမေးကြပါတယ်။ အထူးသဖြင့် ဒီနေရာမှာလာရောက်နေထိုင်တဲ့အတွက် လုံခြုံရေးနဲ့ ကျန်းမာရေးကိစ္စများ အခက်အခဲရှိနိုင်မလားလို့လည်း ထင်ကြေးပေးကြပါတယ်။

ကျနော်တို့လူစုက အိမ်ပေါ်ဧည့်ခန်းမှာ ၀ိုင်းစုထိုင်ရင်း  ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောနေကြတဲ့အချိန် တခြားစက်လှေသုံးလေးစီးက တမန်ကြီးထဲ သွားနေတာ လှမ်းမြင်လိုက်ကြပါတယ်။ တမန်ကြီးပေါ်ဖြတ်လာတဲ့ လေကလည်း အင်မတန်လမ်းဆတ်သန့်ရှင်းလွန်းတာ သိသာလွန်းပါတယ်။ ဆည်ရေပြင်ကြီးပေါ်ကျေ်ာပြီး ငှက်တစ်အုပ်ဖြတ်ပျံကြတာကိုလည်း မြင်လိုက်ရပါတယ်။

ဖေါင်ရဲ့တောင့်တင်းမှုကို ဖေါင်ပေါ်ရောက်ကာမှပဲ ကျနော်တို့အားလုံးသတိပြုကြပါတယ်။ ဒီဖေါင်ကို အောက်ဆုံးက ၀ါးပိုးဝါးအလုံးလိုက်စီးပြီး နှစ်တန်းထပ်ပြီး အောက်ခံထားတဲ့အကြောင်း၊ အဲဒီအပေါ်မှာ တုံးတချို့ခံပြီး တုံးအခံပေါ်မှာ တဲထိုးကြတာဖြစ်ကြောင်း ဖေါင်ကော တဲကော ကုန်ကျစရိတ် ဆယ်သိန်းလောက်ကျကြောင်း၊ စက်လှေတစ်စီးနဲ့ လက်လှေတစ်စီးလည်း ရှိကြောင်း သိလာရပါတယ်။ ဒီငွေအင်အားကို သူတို့အနေနဲ့ မနိုင်တဲ့အကြောင်း မြို့က ငါးဒိုင်သူဌေးဆီမှာ ငွေကြိုထုတ်ပြီး ရတဲ့ငါး ပြန်သွင်းပြန်ဆပ်ကြရတဲ့အကြောင်း၊ ငါးအပြင် ကုန်းပေါ်မှာ မီးသွေးဖုတ်တဲ့အကြောင်း၊ ဝက်ကလေးလည်း မွေးထားတဲ့အကြောင်း ရှင်းပြပါတယ်။ ပဲခူးကွင်းဘက် သနပ်ပင်ဘက်လာနေကြတာဖြစ်ကြောင်းနဲ့ ရွာမှာ ဆယ်တန်းကျောင်းသူသမီးတစ်ယောက်ကို ဒီကရတဲ့ငွေနဲ့ ကျောင်းဆက်ထားကြတဲ့အကြောင်းလည်း သိလာရပါတယ်။

စက်လှေတွေ ဖေါင်နဲ့မလှမ်းမကမ်းက စက်လှေတစ်စင်း အရှိန်နဲ့မောင်းသွားသည့်တိုင် စက်လှေက သိတ်ပြီးမလှုပ်ရှား့ပဲ ကြံ့ခိုင်တဲ့အကြောင်း ကျနော်တို့က မှတ်ချက်ပေးတော့ ဒီဖေါင်ဒီအိမ်ပေါ်မှာပဲ ပြီးခဲ့တဲ့ဆယ်ရက်က မင်္ဂလာဆောင်အခမ်းအနားလုပ်ခဲ့တဲ့အကြောင်း ပြောလာခဲ့ပါတယ်။ သူတို့လိုပဲ အနယ်နယ်အရပ်ရပ်ကရောက်လာပြီး သူတို့လိုပဲ ဖေါင်တွေနဲ့နေထိုင်ကြသူမိသားစုတွေအချင်းချင်း မင်္ဂလာဆောင်ကြတာဖြစ်ကြောင်းနဲ့ မင်္ဂလာပွဲမှာ ကော်ဖီနဲ့မုန့်ဧည့်ခံတဲ့အကြောင်း လူ ၆၀ ကျော်လာကြတဲ့အကြောင်း လူတွေအားလုံး ဖေါင်ပေါ်မှာပဲ ထိုင်ကြစားကြပေမယ့် ဖေါင်က ကောင်းကောင်းတောင့်ခံထားတဲ့အကြောင်း၊ လူတွေက အိမ်နဲ့မဆန့်လို့ အပြင်ဘက် ဖေါင်ပေါ်မှာ ထိုင်ကြရတဲ့အကြောင်း သိရတဲ့အခါ ကျနော်တို့မှာ တအံ့တသြဖြစ်ကြရပါသေးတယ်။
တဲပိုင်ရှင်လင်မယားကို နှုတ်ဆက်ပြီး စက်လှေပေါ်ပြန်တက်ကြတဲ့အခါ မရောက်လာစဖူးရောက်လာတဲ့ ဧည့်သည်တွေကိုကြည့်ပြီး ဝမ်းသာနေတဲ့ တဲပိုင်ရှင်လင်မယားကို တွေ့နေရပါတယ်။

ကျနော်က နောက်တစ်ခါလာရင် ကျနော်တို့ ဒီတဲမှာပဲ နှစ်ညလောက်အိပ် တည်းခိုလို့ရမလားလို့ စကားပစ်ကြည့်တဲ့အခါ လာမယ်ဆိုရင် တစ်ရက်နှစ်ရက်လောက်ကြိုပြောဖို့နဲ့ စျေးသွားပြီးဝယ်ခြမ်းဧည့်ခံမှာဖြစ်ကြောင်း ငါးကြော်၊ ငါးကင် ငါးဟင်းကိုတော့ အလျှံပယ်ကျွေးမယ့်အကြောင်း သူတို့ကလည်း ဝမ်းသာအားရ ပြန်ပြောကြပါတယ်။
ကျနော်တို့စက်လှေ ဖေါင်နဲ့တဖြေးဖြေးဝေးလာသည့်တိုင် ဖေါင်ပေါ်က တဲကလေးရှေ့မှာ ဖေါင်ပိုင်ရှင်လင်မယားနှစ်ယောက်စလုံး ရပ်ကြည့်နေကြသေးတာ တွေ့ခဲ့ရပါတယ်။   ။

ဆက်လက်ဖတ်ရှုပါရန်…။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly