ရန်ကုန်နှင့် ပြည်နယ်/တိုင်းအချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

ရန်ကုန်နှင့် ပြည်နယ်/တိုင်းအချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

ရန်ကုန် ၊ ဧပြီ ၂၈ ။     ။ စံချိန်တင် အပူရှိန်မြင့်မားမှုနှင့် တွေ့ကြုံနေရသော မြန်မာနိုင်ငံတစ်ဝန်းတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၂၉ ရက်နေ့၌ ရန်ကုန်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းရန် ရာခိုင်နှုန်း ၈၀ ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်များတွင်မူ နေရာကျဲကျဲရွာသွန်းနိုင်သည်ဟု ဧပြီ ၂၈ ရက်နေ့ ညနေ ၄ နာရီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်း တိုင်းနှင့် ပြည်နယ်များမှအပ ကျန်ဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်းကမူ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသနှင့် မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းများတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခဲ့ပြီး ကျန် တိုင်းနှင့် ပြည်နယ်များ တွင် တိမ်အသင့်တင့် ဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသည်ဟု ဧပြီ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

လက်ရှိတွင် နိုင်ငံတဝန်းလုံး အပူချိန်များ မြင့်တက်လျက်ရှိနေပြီး နေ့အပူချိန်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက် ပိုင်းနှင့် တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ် မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ချင်းပြည်နယ်တွင် ဧပြီလ၏ ပုံမှန်အပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဧပြီလ၏ ပုံမှန် အပူချိန်ခန့်သာ ရှိခဲ့သည်ဟု မိုးဇလမှ သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင်မူ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေ ခန့် ရှိနိုင်သည်ဟု ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်နှင့် အနီးတဝိုက်အတွက်  ဧပြီ ၂၉ ရက်နေ့ ခန့်မှန်းချက်တွင်မူ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly