မြန်မာ့ရုပ်သံမီဒီယာဖွံ့ ဖြိုးရေး

မြန်မာ့ရုပ်သံမီဒီယာဖွံ့ ဖြိုးရေး

၂၀၁၀ ခုနှစ် နောက်ပိုင်းပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများကြောင့် အသံလွှင့်လုပ်ငန်းကဏ္ဍ အပါအဝင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုများအလွန်လျင်မြန်စွာ ဖြစ်ပေါ်လာမယ်လို့ ပြည်တွင်းနှင့် နိုင်ငံတကာကပါ အလွန်အမင်းအကောင်းမြင်ခဲ့ကြပါတယ်။ ကြီးမားများပြားသော သယံဇာတများနှင့် လူသားအရင်းအမြစ်များကြောင့် ဒေသတွင်းစီးပွါးရေး အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်စွမ်းရှိသည်လို့လည်း မျှော်လင့်ခဲ့ကြပါတယ်။

အရင်က ထင်မြင်ခဲ့တဲ့အိပ်မက်ဖြစ်တဲ့ မြန်မာ့ဖွံ့ဖြိုးမှုလုပ်ငန်းများ မျှော်လင့်ထားသည့်အတိုင်း အောင်မြင်ရန်မှာ အများကြီးလုပ်ဖို့ လိုသေးတယ်ဆိုတာကို ဆယ်စုနှစ်တခုနီးပါးအကြာမှာ သိသာလာပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်း အဆောက်အအုံအတွင်း အရေးပါသော အက်ကွဲကြောင်းများရှိနေသေးပြီး အသံလွှင့်မီဒီယာလုပ်ငန်း အပါအဝင် စီးပွါးရေးဖွံ့ဖြိုးမှုတွင်လည်း အလားတူ ဖြစ်ပေါ်နေပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဘာတွေလုပ်ဖို့လိုတယ်ဆိုတာ ဒီနေ့ကျနော် အကျဉ်းချုပ် ပြောချင်ပါတယ်။ ဒီနေရာမှာ အထူးသဖြင့် အသံလွှင့်မီဒီယာအပါအဝင် တိုးတက်မှုတွေကိုပါ ဆိုလိုတာဖြစ်ပါတယ်။ မြန်မာ့အသံလွှင့် မီဒီယာ အပြည့်အဝ ထွန်းကားဖွံ့ဖြိုးနိုင်ဖို့ လည်းဖြစ်ပါတယ်။ ဒီကဏ္ဍဟာ လူထုထံကျယ်ပြန့်စွာ ရောက်ရှိနိုင်တာကြောင့် ပိုင်နိုင်စွာ ကို်င်တွယ်နိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုပေါင်းစည်းညီညွတ်မှုကို ရှေ့သို့တွန်းတင်ရာမှာ အရေးပါတဲ့အခန်းက ပါဝင်နိုင်ပါလိမ့်မယ်။

အသံလွှင့်လုပ်ငန်းအတွက် မျှတစွာယှဉ်ပြိုင်နိုင်မှုနဲ့ အခွင့်အလမ်းတူညီမှုရဲ့ အရေးပါမှုနဲ့ စတင်လိုက်ပါရစေ။ မြန်မာ့အသံလွှင့်လုပ်ငန်းမှာ ဒီအချက်တွေရှိနေပြီလား ဆိုတာကို ကိုယ့်ဘာသာ ရိုးသားစွာမေးကြည့်မယ်ဆိုရင် အဖြေကတော့ မရှိဘူးလို့ပြောရမှာဖြစ်ပါတယ်။ မျှတစွာယှဉ်ပြိုင်မှုဆိုတာ စီးပွါးရေးယှဉ်ပြိုင်ဘက်တွေအကြား မျှတ၊ ပွင့်လင်း၊ သာတူညီမျှမှုရှိတဲ့ ပြိုင်ဆိုင်မှုကို ဆိုလိုတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ယှဉ်ပြိုင်မှုဟာ တိုင်းပြည်ရဲ့ စီးပွါးရေး စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပါတယ်။ စီးပွါးရေး အခွင့်အလမ်းတွေကိုတိုးတက်စေပြီး ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ဒီကနေ့မြန်မာနိုင်ငံရဲ့ အသံလွှင့်လုပ်ငန်း အခင်းအကျင်းဟာ အလွန်လွဲချော် တဘက်စောင်းနင်း ဖြစ်နေဆဲပါပဲ။ အခြေခံအဆောက်အအုံတွေနဲ့ စျေးကွက်တွင်း ဝင်ရောက်မှုကို ထိန်းချုပ်ထားပြီး ဒီလိုချုပ်ကိုင်ထားနိုင်သူက စျေးကွက်အပေါ် ကြီးကြီးမားမား လွှမ်းမိုးထားနိုင်အောင် ယှဉ်ပြိုင်မှုတွေကို ကန့်သတ်ထိန်းချုပ်ထားပါတယ်။ စျေး ကွက်အတွင်းကို အသစ်ဝင်ရောက်လာသူတွေအတွက် စျေးကွက်အတွင်း ဝင်ရောက်နိုင်မှုနဲ့ လုပ်ငန်းနယ်ပယ် ချဲ့ထွင်ရာမှာ အလွန်ခက်ခဲအောင် အကုန်အကျများအောင် လုပ်ထားသလိုဖြစ်နေပါတယ်။ တိုတိုပြောရရင် အခွင့်အလမ်း တန်းတူမရတာဟာ မျှတတဲ့ယှဉ်ပြိုင်မှုနဲ့ ဆန့်ကျင်ဘက်ဘဲဖြစ်ပါတယ်။

ဒီအချက်တွေကိုဖြေရှင်းနိုင်ဖို့ မြန်မာ့ယှဉ်ပြိုင်မှု ဥပဒေ (၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်က ပြည်ထောင်စုလွှတ်တော်ကပြဠာန်းခဲ့) ကို အကောင်အထည်ဖေါ် အသုံးပြုပါ လို ့ကျနော် တိုက်တွန်းပါတယ်။ ဒါပေမဲ့ဒီဥပဒေဟာ ယှဉ်ပြိုင်မှုအပေါ် ထင်သာမြင်သာရှိတဲ့ ကန့်သတ်မှုတွေရှိလာရင်နဲ့ ဥပဒေကိုချိုးဖောက်မယ့် အလားအလာတွေရှိလာရင်သာ ဝင်ရောက်စွက်ဖက်ဖို့ သုံးသင့်ပါတယ်။

ကျနော် အခွင့်အလမ်းတူညီစွာ ယှဉ်ပြိုင်နိုင်မှုလို့ပြောတာဟာ ရန်ကုန်အခြေစိုက် မီဒီယာတွေနဲ့ အသံလွှင့်မီဒီယာ စျေးကွက်အတွက်သာ ပြောတာမဟုတ်ပါဘူး။ တိုင်းရင်းသား မီဒီယာတွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာလည်း အလားတူ အရေးပါတယ်လို့ ပြောချင်ပါတယ်။ ဒီမီဒီယာတွေဟာ မြန်မာ့မီဒီယာစင်မြင့်မှာ ပါဝင်အသုံးတော်ခံသင့်ပြီး သူတို့ဟာ အမျိုးသား ညီညွတ်ရေးအတွက်လည်း အစိတ်အပိုင်းတခုအနေနဲ့ လုပ်ကိုင်နိုင်စွမ်း ရှိကြသူတွေဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက ်မီဒီယာတွေက ဒေသတွင်းသတင်းတွေကို တင်ပြရာမှာ အခက်အခဲတွေ အကန့်အသတ်တွေ ကြုံနိုင်ပါတယ်။ ဒီကွက်လပ်ကို ဒီလို ဒေသတွင်းမီဒီယာတွေနဲ့ တိုင်းရင်းသား မီဒီယာတွေက ဝင်ပြီးဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒီကိစ္စမှာ တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေအများကြီးရှိပေမယ့် တိုင်းရင်းသားမီဒီယာတွေမှာ တူညီတာတခုရှိတယ်။ အဲဒါကတော့ ဆောင်ရွက်ဆဲ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ သူတို့လူမျိုးအသိုက်အဝန်းအတွက် စင်မြင့်တခုအဖြစ် ထမ်းဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား မီဒီယာတွေဟာ ပင်မရေစီးမီဒီယာတွေ ရယူဖို့ ခက်ခဲတဲ့သတင်းတွေကို ရယူနိုင်ပါတယ်။ ဥပမာ ပြောရရင် ၂၀၁၅ ကိုးကန့်တိုက်ပွဲတွေဖြစ်စဉ်က အဖြစ်အပျက်တွေကိုကြည့်ပါ။ သတင်းအချက်အလက်ရယူဖို့ အလွန်ခက်ခဲတဲ့ အခြေအနေမှာ တိုင်းရင်းသား မီဒီယာတွေဟာ လှမ်းကြည့်စရာ ပြတင်းပေါက်ကလေးတခု ဖြစ်နေတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် တိုင်းရင်းသားနဲ့ဒေသတွင်း မီဒီယာတွေအတွက် အလှူရှင်အပေါ် မှီခိုနေရတာကြောင့် သူတို့အတွက် ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ လက်ငင်းပေါ်ပေါက်နေတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။ ဒီမီဒီယာတွေဟာ မကြာခဏ နိုင်ငံတကာ အလှူရှင်တွေအပေါ် မှီခိုရလေ့ရှိပါတယ်။ ဒီအချက်တွေကြောင့် သူတို့လဲ ပင်မရေစီးမြန်မာမီဒီယာတွေနဲ့ ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ တိုင်းရင်းသားမီဒီယာအုပ်စုတွေ မှတ်မှတ်သားသား ရှိတာတခုက သူတို့ဟာ အစိုးရဆီက လုံလောက်တဲ့ အထောက်အပံ့မရဘူးဆိုတာဘဲ။

ဒီအချက်က အစိုးရဆီက အထောက်အပံ့ရရေးဟာ အရေးပါတယ်ဆိုတာ ထင်ရှားလာတာဖြစ်တယ်။ ဒါဟာ တိုင်းရင်းသားနဲ့ဒေသတွင်း မီဒီယာတွေအတွက်သာမဟုတ် ပင်မရေစီး မီဒီယာအတွက်လဲ အတူတူဘဲအရေးပါ တာဖြစ်တယ်။ ရိုးရိုးလေးပြောရရင် မီဒီယာတိုက် တော်တော်များများအတွက် အခြေအနေကမကောင်းဘူး။ သူတို့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ စပြီဆိုကတည်းက ခြေကုပ်ရအောင် ကြိုးစားလာခဲ့ကြသူ တွေဖြစ်ပါတယ်။ ဒီအထဲမှာ အသံလွှင့်မီဒီယာကလည်း ခြွင်းချက်မဟုတ်ပါဘူး သူလဲပါတာပါဘဲ။ ပြည်တွင်းမီဒီယာ သတင်းခန်းတွေအတွက် သုံးစွဲရတဲ့ ဘတ်ဂျက်ဟာ လက်ရှိရနေတဲ့ ဝင်ငွေနဲ့ မကာမိပါဘူး။ ဒီအချက်ကလည်း အခွင့်အလမ်းတူညီစွာ၊ မျှတစွာ ယှဉ်ပြိုင်ခွင့်ရရေး လိုအပ်ပုံကို နောက်ထပ်ဖော်ပြနေပါတယ်။

ပြည်သူလူထုအတွက် အသုံးကျပြီး ယုံကြည်ကိုးစားလောက်တဲ ့သတင်းတွေတင်ဆက်ပေးနေတဲ့ သတင်းစာတိုက်တွေကို နိုင်ငံတော်က ထောက်ပံ့သင့်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမီဒီယာတွေကို သတင်းစီးဆင်းမှုနဲ့ ယုံကြည်ကိုးစားလောက်တဲ့ သတင်းတွေဖော်ပြလာအောင် အားပေးအားမြှောက် ပြုသင့်ပါတယ်။ ကျနော် အလေးပေးပြီးပြောချင်တဲ့ သင်ခန်းစာကတော့ ခင်ဗျားဟာ ပြည်တွင်းရေးရာ သတင်းတွေကို လုံလုံလောက်လောက် တင်ဆက်စေချင်တယ်ဆိုရင် ခင်ဗျားမှာ အင်အားကြီးမားတဲ့ ပြည်တွင်းမီဒီယာ၊ လွတ်လပ်တဲ့မီဒီယာ ရှိဖို့လိုပါတယ်။

မြန်မာ့မီဒီယာဥပဒေသစ်မှာ ပြင်ဆင်စရာတခုလဲရှိပါသေးတယ်။ အဲဒါကတော့ အစိုးရကြော်ငြာတွေကို ပုဂ္ဂလိက မီဒီယာတွေမှာလည်း ထည့်သွင်းစေဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးရင် အခက်အခဲကြုံနေရတဲ့ ပုဂ္ဂလိကမီဒီယာတွေ အတွက်ဝင်ငွေတိုးလာစေမှာဖြစ်ပါတယ်။

သို့သော် ဒီလိုအသံလွှင့်မီဒီယာကဏ္ဍမှာ နိုင်ငံတော်ရဲ့ထောက်ပံ့မှု လိုအပ််တာနဲ့ ဒီလိုထောက်ပံ့တာကို ကြိုဆိုပါတယ်လို့ ပြောနေစဉ်မှာဘဲ မီဒီယာလောကအတွင်း မိမိဘာသာ ထိန်းချုပ်မှုတွေ လုပ်တာကိုလည်း ခွင့်ပြုရမှာဖြစ်ပါတယ်။ ကျနော်ပြောတဲ့ မိမိဘာသာထိန်းချုပ်မှုဆိုတာ အမူအကျင့်ဆိုင်ရာ သင့်တင့်လျောက်ပတ်တဲ့ စည်းမျဉ်းတစုံကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လိုအပ်ပြီး ဒီနည်းနဲ့ မီဒီယာလောက သားတွေကို စောင့်ကြည့်နိုင်ပြီး တာဝန်ခံမှုရှိစေမှာဖြစ်ပါတယ်။

မိမိဘာသာ ထိန်းချုပ်မှုထားရှိစေခြင်းဖြင့် မီဒီယာတွေရဲ့လွတ်လပ်မှုကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး ပါတီစွဲရှိတဲ့ အစိုးရတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကလည်း အကာအကွယ် ပေးနိုင်မှာဖြစ်ပါတယ်။ မီဒီယာတွေဟာ အစိုးရတွေထက် သူတို့လောကအကြောင်း ပိုမိုနားလည်တာဖြစ်တဲ့အတွက် ဒီလို မိမိဖာသာထိန်းချုပ်မှု ဟာပိုပြီးထိရောက်ပါတယ်။

ဒါ့အပြင် မီဒီယာလောက ကကုန်ကျစရိတ်တွေကို မိမိဘာသာ ကျခံရမှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့လည်း အကုန်အကျ သက်သာစေမှာဖြစ်ပါတယ်။ ပြီးတော့ အစိုးရ ထိန်းချုပ်မှုထက်လည်း ပိုပြီးပြောင်းလွယ်ပြင်လွယ် ဖြစ်နိုင်ပါတယ်။ မီဒီယာလောကသား အချင်းချင်း ထိန်းချုပ်တာဖြစ်တဲ့အတွက် မီဒီယာလောကသားတွေအဖို့ ပိုပြီးလိုက်နာလိုစိတ် ဖြစ်ပေါ်စေပါတယ်။ သူတို့ရဲ့အမူအကျင့်ဆိုင်ရာ စံချိန်တွေကိုလည်း ပိုမိုဖွံ့ဖြိုးလာစေဦးမှာဖြစ်ပြီး သက်ဆိုင်ရာ မီဒီယာ အဖွဲ့အစည်းတွေအနေနဲ့လည်း ပရော်ဖက်ရှင်နယ် စံချိန်စံညွှန်းတွေကို ပိုမိုမြင့်မြင့်မားမား သတ်မှတ်လာစေမှာဖြစ်ပါတယ်။ မီဒီယာတွေအတွက်ဘယ်ဟာက ကျင့်ဝတ်တန်ဖိုးတွေနဲ့ ပရော်ဖက်ရှင်နယ် ပီသမှုရဲ့အရေးပါမှုကို ဖြစ်ပေါ်စေမလဲ၊ စဉ်းစားကြည့်ပါ။

ဒီတန်ဖိုးတွေရဲ့ ရှေ့ဆုံးတန်းမှာရှိနေတာက မှန်ကန်မှု၊ တိကျမှု၊ ဓမ္မဓိဌာန်ကျမှု၊ ဘက်မလိုက်မှု၊ မျှတမှု ဆိုတဲ့ မူတွေဖြစ်ပါတယ်။ ဒီနေရာမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို အသိစိတ်ရှိရှိ ချိန််ဆမှုလည်းရှိပါတယ်။ မီဒီယာတွေဟာ အစိုးရတွေရဲ့ ထိန်းချုပ်မှုကကင်းလွတ်ပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်တာကို အသိအမှတ်ပြုသလို ဒီလွတ် လပ်မှုကို ကျင့်သုံးရာမှာလည်း တာဝန်ယူမှု ဒွန်တွဲတည်ရှိဖို့လိုပါတယ်။

တိကျမှု၊ မျှတမှု၊ ဘက်မလိုက်မှု၊ သီးသန့်အနှောင့်အယှက်ကင်းစွာ နေထိုင်နိုင်မှု၊ အန္တရာယ်မှရှောင်ရှားနိုင်မှု၊ ရွေးကောက်ပွဲကာလအတွင်း မီဒီယာတွေရဲ့ တာဝန်ရှိမှု၊ ပဋိပက္ခ ဘာသာရေး ရာဇဝတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာလို အကဲဆတ်တဲ့ ကိစ္စရပ်ကြီးကို သတင်းလိုက်ရာတွေမှာ လိုအပ်တဲ့ အသေးစိတ်လမ်းညွှန်မှုတွေ ရှိဖို့လည်းလိုပါတယ်။

သတင်းသမားတွေရဲ့ ကျင့်ဝတ်လိုပဲ နောက်ထပ်လိုတာက သတင်းစာတိုက်ပိုင်ရှင် စီးပါွးရေးသမားတွေရဲ့ အကျိုးစီးပွါးနဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်က ကင်းလွတ်ပြီး သတင်းစာတိုက်ရဲ့ မူဝါဒလွတ်လပ်မှုရှိဖို့ အတွက်လည်း အာမခံချက်ရှိဖို့လိုပါတယ်။ သတင်းစာတိုက် မူဝါဒလွတ်လပ်ခွင့်ဆိုတာ ဘယ်သတင်းကိုဖော်ပြမယ်၊ ဘယ်လိုဖော်ပြမယ်၊ ဘယ်နေရာမှာ ဖော်ပြမယ်ဆိုတာကို သတင်းသမားတွေကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိဖို့ကို ပြောတာဖြစ်ပါတယ်။

ဒါ့အပြင် မီဒီယာဆုံမှတ် (Media Hub) တစ်ခုတည်ထောင်ခြင်းဖြင့် မီဒီယာလုပ်ငန်းတွေ တနိုင်ငံလုံး လုပ်ဆောင်ရာမှာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ အသံလွှင့်လုပ်ငန်းအပါအဝင် မီဒီယာတွေရဲ့ တာဝန်နဲ့ ကျင့်ဝတ်အတွက် စိတ်ချယုံကြည်ရတဲ့  စုစည်းရာ နေရာ (ဥပမာ - ရွေးကောက်ပွဲ လို နေ့မျိုးမှာ) ပြည်သူတွေအတွက် သတင်း ရင်းမြစ်တခုလည်းဖြစ်လာမှာဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံခြားပရိသတ်တွေနဲ့ ဆက်ဆံရာမှာလည်း တာဝန်ယူမှု ရှိစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖြစ်ရပ်တွေကို တိတိကျကျ တင်ဆက်နိုင်ရေးအတွက်လည်း ဒီမီဒီယာဆုံမှတ်က ကူညီနိုင်မှာဖြစ်ပါတယ်။ မီဒီယာတိုက်တွေအတွက်လည်း စတူဒီယို ၊ ရုံးခန်း ၊ ဝန်ထမ်းနေရာ စတာတွေအတွက် ကုန်ကျစရိတ် လျော့ကျသွားမှာဖြစ်ပါတယ်။

ဒါတင်မက အွန်လိုင်းနဲ့ဆိုရှယ်မီဒီယာတွေက ထွက်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာလည်း ဒီမီဒီယာဆုံမှတ်က ကူညီပေးနိုင်ပါလိမ့်မယ်။ ငယ်ရွယ်တဲ့မျိုးဆက်က အွန်လိုင်းမီဒီယာတွေပေါ်က မီဒီယာတွေကို ပိုပြီးကြည့်လာတာကြောင့် သမရိုးကျရုပ်သံလွှင့် လုပ်ငန်းတွေဟာ ပရိတ်သတ်ကို ထိန်းထားနိုင်ဖို့နဲ့ ပရိသတ်ဆီ အရောက်ပို့ဖို့ ချဉ်းကပ်နည်းအသစ်တွေကို ကြံဆပြီးလိုက်ပါ ပြောင်းလဲလာရပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ မီဒီယာရေစီးကြောင်းအကြောင်း လေ့လာမှုတရပ်အရ လူတွေဟာ တနေ့ကို ၅ နာရီလောက် အွန်လိုင်းမီဒီယာ၊ ပုံနှိပ်မီဒီယာ၊ ဂိမ်းစက်တွေ၊ သီချင်းထုတ်လွှင့်မှုတွေ၊ ရေဒီယိုအသံလွှင့်ချက်တွေကို ကူးပြောင်းကြည့်ရှု နားဆင်သုံးစွဲနေကြပြီး ၇ နာရီနီးပါးလောက်ဟာ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် နေ့စဉ်အချိန် ကုန်ဆုံးနေကြတယ်လို့ ဆိုပါတယ်။

စားသုံးသူရဲ့ အမူအကျင့်နဲ့ မျှော်လင့်ချက်တွေကို ထည့်သွင်းတွက်ချက် စဉ်းစားမယ်ဆိုရင် လက်ရှိသမရိုးကျ ရုပ်သံလိုင်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မြင်နိုင်ဖို့ မခက်လှဘူးဆိုတာ ထင်ရှားလှပါတယ်။ အွန်လိုင်း ရုပ်သံကတော့့ ဘယ်နေရာကဖြစ်ဖြစ် ဘယ်အချိန်ဖြစ်ဖြစ် ကြည့်နိုင်တာကြောင့် တကြောင်း ရုပ်သံအစီအစဉ် အများကြီးကို စာကြည့်တိုက်သဖွယ် တနေရာတည်းမှာ စုစည်းသိမ်းဆည်းထားနိုင်တာကြောင့် သိသိသာသာ တပန်းသာပါတယ်။ ဒါ့အပြင် ခုလိုလူတွေ တပြုံတခေါင်းကြီးရှိနေတဲ့ ဝန်းကျင်တရပ်မှာ သူတို့ရဲ့အာရုံစိုက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာလည်း ခက်ခဲလာနေပါတယ်။

ဒီအတောအတွင်း ဆိုရှယ်မီဒီယာကတော့ မြန်မာနိုင်ငံသားတွေအဖို့ သတင်းသိရှိဖို့ရာ သွားကိုသွားကြည့်ရမဲ့ နေရာတခုပိုလို့ဖြစ်လာနေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာအပေါ် အလွန်အကျူး မှီခိုနေခြင်းကြောင့် ပေါ်ထွက်လာတဲ့အန္တရာယ်တွေကိုတော့ ကျနော်တို့ ထပ်ခါတလဲလဲ ကိုယ်တွေ့ကြုံနေကြရပြီဖြစ်ပါတယ်။ ဆိုရှယ် မီဒီယာသတင်းဆိုတာ သတင်းတုတွေ ပျံ့နှံ့နိုင်တဲ့ခြိမ်းခြောက်မှုမျိုး ရှိသလို မစစ်ဆေးလိုက်နိုင်ဘဲ အလွယ်တကူ ပျံ့သွားမယ့် အန္တရာယ်လဲရှိနေပါတယ်။

ဒါဆိုရင် မြန်မာ့အသံလွှင့် မီဒီယာလုပ်ငန်းအနေနဲ့ အွန်လိုင်းနဲ့ဆိုရှယ်မီဒီယာတွေရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင် ဆိုင်တွန်းလှန်ကြမလဲ။ ဒါဟာကျနော်တို့အပေါ် မူတည်ပါတယ်။ ရေရှည်မှာ ကျနော်တို့ဟာ ဆက်လက်ဆီလျော် သက်ဆိုင်မြဲဖြစ်တယ်ဆိုတာကို သေချာအောင် လုပ်ပြရမှာဖြစ်ပါတယ်။

ဒီလို ဆီလျော်သက်ဆိုင်မြဲဖြစ်တယ်ဆိုတာကို သက်သေပြဖို့ ရုပ်သံအစီအစဉ် တင်ဆက်သူတွေက သူတို့မှာရှိတဲ့ အားသာချက်တခုကို ထောက်ပြကြပါတယ်။ အဲဒါက ရုပ်သံကြော်ငြာတွေမှာ သူတို့ရဲ့ အရည်အသွေးနဲ့ ပြိုင်ဘက်မရှိ ပရိသတ်ထံအရောက်သွားနိုင်မှုပဲ ဖြစ်ပါတယ်။ အထူးသဖြင့်စားသုံးသူတွေက အွန်လိုင်းကြော်ငြာတွေအပေါ် တိုးပြီးဇဝေဇဝါဖြစ်လာနေကြတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မီဒီယာတိုက်တခုချင်းအနေနဲ့ ခုလို အားသာချက်အပေါ် သူတို့ရဲ့ ရုပ်သံအစီအစဉ်တွေမှာ အထက်မှာဖော်ပြခဲ့တဲ့ အခွင့်အလမ်းညီမျှမှုနဲ့ မျှတတဲ့ ယှဉ်ပြိုင်မှုဆိုတဲ့ ဝန်းကျင်အခြေအနေ တရပ်သာရှိနေရင် အခွင့်ကောင်းယူနိုင်ကြမှာဖြစ်ပါတယ်။

ဒါပေမဲ့ အခွင့်အလမ်းညီမျှမှုနဲ့မျှတတဲ့ဝန်းကျင်၊ ရုပ်သံလွှင့်လုပ်ငန်း ရွေးချယ်စရာအမျိုးမျိုး၊ မီဒီယာလုပ်ငန်းမှာ ပရော်ဖက်ရှင်နယ်ကျကျ ကျင့်ဝတ်ရှိရှိ လုပ်ကိုင်နိုင်မယ်ဆိုရင် အကောင်းဆုံး ကျင့်ဝတ်လိုက်နာမှုစံတွေနဲ့ ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ကျနော်တို့ဟာ ရုပ်သံလွှင့်ကဏ္ဍကို အောင်မြင်အောင် လုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် သတင်းထုတ်လုပ်ရာနဲ့ ရုပ်သံအစီအစဉ်တွေကို ထူးထူးခြားခြားဖြစ်အောင် မြန်မာ့ရုပ်သံလွှင့်လုပ်ငန်းက လုပ်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ စိတ်ဝင်စားဖွယ်ဖြစ်အောင်နဲ့ ဆီလျော်သက်ဆိုင်မြဲဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူထုကဝေဖန်ထောက်ပြနိုင်ဖို့နဲ့ အပေးအယူ အလျော့အတင်းလုပ်နိုင်မဲ့ ဆွေးနွေးလို့ရနိုင်မယ့် ပုံစံတရပ်လည်းရှိရမှာဖြစ်ပါတယ်။

ဒါတွေသာ ကျနော်တို့လုပ်နိုင်ခဲ့မယ်ဆိုရင် အားလုံးပါဝင်တဲ့ သာယာဝပြောတဲ့ ပြည်ထောင်စုတရပ် ဖြစ်ပေါ်လာရေးမှာ ကျနော်တို့ရဲ့ အခန်းကဏ္ဍ၊ တာဝန်ယူမှုတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ခရီးရှည်ကြီးကို ကျနော်တို့ ကျော်ဖြတ်နိုင်ကြမှာဖြစ်ပါတယ်။

(စာရေးသူသည် Mizzima Media Group ၏ စီမံခန့်ခွဲမှုဒါရိုက်တာ နှင့် အယ်ဒီတာချုပ် ဖြစ်သည်)

Mizzima Weekly