အထူးဆောင်ရန် ဦးမောင်မှန်

အထူးဆောင်ရန် ဦးမောင်မှန်

ထန်းပင်တက် လက်မှတ်ရဲ့ ဇာတ်လမ်းကို အများသိထားကြတာ ခုလိုဖြစ်မှာပါ။ ဂျပန်တွေ လာတော့ ရွားသားက ထန်းပင်တက် ပေးရတယ်။ ဂျပန်တပ်က သဘောကျတာနဲ့ ဘာမှန်းမသိတဲ့ ဘူးသီး ငါးပေါင်းကြော် စာတွေရေးထားတဲ့ စာရွက်ကို ပေးခဲ့တယ်။ ရွာသားက ဝမ်းသာပျော်ရွင်စွာ ယူထားပြီး နောက်ထပ်နောက်ထပ် ဂျပန်တပ်တွေ ရွာကို လာတိုင်းအဲ ဒီစာရွက် ထုတ်ပြတယ်။ ဒီမှာ တင် ရွာသားခင်ဗျာ ထန်းပင်ကို လက်မလည်အောင် တက်ရတော့တာပဲ။ ဂျပန်စာက ဒီလူထန်းပင်တက် အင်မတန် ကောင်းတယ်လို့ ရေးထားတာကိုး၊ ဟုတ်ပါတယ်နော်။ စာဖတ်ပရိသတ်များ သိကြတဲ့ ဇာတ်ဟာ ဒီအတိုင်းမို့လား။

မောင်မှန်အဖို့ကမူ နည်းနည်းလေး ကွဲတယ်။ အဖိုးဟာ ထန်းတက်သမား မဟုတ်တဲ့ သူကြီးပါ။ ဒါပေမဲ့ ဂျပန်ခေတ်မှာ ကိုယ်တိုင်ထန်းပင် ဝင်တက်ပြီး နိပွန်မာစတာကို အလုပ်အကျွေး ပြုပါတယ်။ အိမ်က ကြက်ရိုက်နှက်ပြီး ကြော်လှော် တည်ခင်းပါတယ်။ ထန်းပင်တက် လက်မှတ်ကိုလည်း ဂျပန်က ရေးပေးတာ မဟုတ်ဘဲ သူက အတင်းတောင်းခံတာပါ။ ဘယ်ဂျပန်က လာကျေးဇူး ဆပ်ချင်လွန်းလို့ ထန်းတက်ပေးပါရစေ ပေ့ါလေ။ ဒီတော့လည်း နိပွန်မာစတာတွေက ရေးပေးရတော့တာပေ့ါ။ ထန်းပင် တက် လက်မှတ်က ကြက်ကြော်လက်မှတ်ပါ ရေးပေးသွားပါတယ် ခင်ဗျာ။

တစ်ခါ ဂျပန်တွေကို BIA က ပြန်ချ မောင်းထုတ်တော့လည်းပဲ မောင်မှန်အဖိုး ပါတာပါပဲ။ အမျိုး သားရေး ဆိုလို့ကတော့ ဘယ်တော့မှ လက်မနှေးဘူးမှတ်၊ ထွက်ပြေးတဲ့ ဂျပန်ကို နောက်ကနေ လိုက်ပြီး တံတွေးနဲ့ ထွေးတဲ့အခန်းမှာ မောင်မှန်နဲ့ အဖိုးဟာ ရှေ့တန်းကပါ။ ဒါမျိုးများတော့ လာထားပဲ။ လွတ်လပ်ရေးခေတ် ကျပြန်တော့လည်း အဖိုးဟာ ဖဆပလထဲကို ဝင်ပြီး အမတ်ဖြစ်အောင် ကြိုးပမ်းပါ တယ်။ သိပ်အခဲအခက် မရှိပါဘူး။ အောင်အောင်မြင်မြင်ဘဲ ပါလီမန်ထဲ ရောက်သွားပါတယ်။ ပါလီမန် အမတ် အဖိုးဟာ ခေတ်အဆက်ဆက် ဥပဒေအမျိုးမျိုးကို လိုက်နာခဲ့ခြင်းရဲ့ အကျိုးဆက်အဖြစ် ကိုယ်တိုင် ဥပဒေပြုသူတောင် ဖြစ်နေပါကော ခင်ဗျာ။ အဖိုးဟာ ပါလီမန် အမတ်ဘဝနဲ့ပဲ အသက်ထက် ဆုံး အရိုးထုတ်သွား ခဲ့ပါတယ်။ ဂဠုန်တပ်သားတွေ ဖမ်းပေးလို့ အကျိုးပေးတဲ့အနေနဲ့ မြို့ပိုင်မဖြစ်သော် လည်း အမတ်လောင်းတော့ ဖြစ်သွားတဲ့ သဘောပါ။

အဖိုးပြီးတော့ အဖေ့အကြောင်းကို နာဆင်တော် မူကြပါဦး။ အဖေကလည်း အဖိုးခြေရာကို ထပ်တူ မီအောင် လိုက်နိုင်ပါတယ်။ အဖေ့ခေတ်က အဖိုးခေတ်လောက် မရှုပ်ထွေး၊ မပွေလီလေတော့ ပိုလို့ပိုလို့ အဆင်ပြေတာပေ့ါလေး။ အဖေအရွယ်ရောက်တော့ စစ်အာဏာရှင် စနစ်ကလည်း မြီးကောင်းပေါက် ဖြစ်နေပြီ။ အဖိုးခြေရာနင်းတဲ့ အဖေဆိုတော့ စစ်အာဏာရှင်စနစ်နဲ့ တစ်ခါတည်း တန်းညားတော့တာ ပဲပေါ့။ လမ်းစဉ် ဘူငယ်ဘဝကို တက်တက်ကြွကြွ ဖြတ်သန်း၊ မဆလအဖြစ် အားတက်သရော လျှောက်လှမ်း အရမ်းရမ်းကြီးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတာကြီးကို  အဖေ ယုံကြည်ခဲ့တာပေ့ါ။

ပြည်ထောင်စုနေ့ပွဲ၊ တောင်သူလယ်သမား နေ့ပွဲ စတဲ့ ပွဲတော်တွေမှာ တိုက်ပုံကြီး တကားကား၊ ဆွဲအိတ်ကြီး တလွှားလွှားနဲ့ ကြွားကြွားရွားရွားကြီး ကောင်းစားခဲ့တာပေ့ါ။ ၁၉၈၈ ရောက် လို့ ခေတ်လည်း ပျက်ကရော၊ အဖေလဲ တစ်ပင်လဲ တစ်ပင် ထူတော့တာပါပဲ။ မဆလ ပါတီဝင်တွေ တော်တော်များများ ပါတီဝင်အဖြစ်က နှုတ်ထွက်ပြီး ပါတီကဒ်ပြားတွေ ပြန်အပ် ကြပါရောလား။ အဲဒီအ ထဲမှာမောင်မှန် အဖေလည်း ပါတာပေ့ါ။ အင်မတန် ခိုင်မာမယ်ထင်တဲ့ အပင်ကို အဖေ ထပ်ထူတယ်။ ပါတီဝင်ကဒ် အသစ်ရတယ်။ ဒီမှာလည်း အဖေဟာ အဖိုးခြေရာ အတိုင်းပဲ။ ပါတီကြီးတစ်ခုရဲ့ အမတ်လောင်းဖြစ်လာ ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲ မရောက်ခဲ့ ပုံကိုတော့ မောင်မှန် ရှင်းပြစရာ လိုမယ် မထင်ပါဘူး။ သိကြပြီးသားပဲ။

ဒီလိုနဲ့ အတော်ကြာလာတော့ ဖိနှိပ်မှုက ပိုပို များလာပါတယ်။ ဒီတော့လည်း လွယ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက် လိုက်တော့တာပေ့ါ။ အဖေဟာ ဥပဒေမျက်နှာကလွဲပြီး ဘာကိုမှ မကြည့်ခဲ့သူပါ ခင်ဗျာ။ ၉၀ ကျော်ကာလတွေ အမျိုးသားရေးမှာ အသင်းကြီး ပေါ်ပေါက်လာ တော့ကာ အဖေမရှိ ရှာတော့ပါဘူး၊ ရှိများရှိသေးရင် အမျိုးသားရေး အသင်းကြီးနဲ့ အဖေဟာ သေချာ ပေါက် ပတ်သက်ဦးမှာပါ။

မောင်မှန် အခုပြောခဲ့တာတွေကတော့ မောင်မှန်မျိုးရိုးရဲ့ နိုင်ငံရေး အစဉ်အလာ ကြီးမားမှုပါ။ မောင်မှန် ဆက်လက် တင်ပြသွားမှာကတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း မောင်မှန်ရဲ့ အကြောင်းပါ။ စကတည်းက ယဉ်သကိုလို့ ဆိုရမယ်ခင်ဗျ။ မောင်မှန်ခင်ဗျာ တစ်သီးပုဂ္ဂလ အမတ် လောင်း ဖြစ်ရတာနဲ့ပဲ ပြဿနာက စပါတယ်။ မောင်မှန်တစ်သက်လုံး ယုံကြည်ကိုးစားခဲ့တဲ့ အမေ့ ပါတီ က စပြောတယ်။ တစ်သီးပုဂ္ဂလိကတွေကို မဲမပေးကြနဲ့တဲ့၊ တစ်သီးပုဂ္ဂလတွေက အစိုးရမအဖွဲ့နိုင်ဘူး တဲ့။ အစိုးရဖွဲ့နိုင်မှအပြောင်းအလဲ လုပ်နိုင်မှာတဲ့။ အမေ့ပါတီက ပြောတယ်ဆိုပေမဲ့ အမေကိုယ်တိုင်ပြောတာပါ။ မောင်မှန် စဂွမ်းပြီပေါ့၊ သားမှားပြီး၊ မှားပြီးမေမေရဲ့ ဆိုတဲ့ ဟင်္သတထွန်းရင်ရဲ့ စကားပြော သေ အသည်းနှလုံး သီချင်းကိုပဲ ဟစ်ဟစ် ဆိုလိုက်ချင်ပါတယ်။

အမေ သိပ်ရက်စက်တာပဲ။ မောင်မှန် က တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ဝင်ချင်လို့ဝင်ရတာမှ မဟုတ်ဘဲလို့၊ အမေ့ပါတီကြောင့်ပဲ ဝင်ခဲ့ ရတာ။ အမေ့ပါတီက တိုင်းပြည်ထဲမှာရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်အပေါင်းတို့၊ အမေ့ပါတီမှာ ကိုယ်စားလှယ်လောင်းစာရင်း ဝင်သွင်းကြပါ။ ဘာညာဆို ပြောဆိုကြေညာတုန်းက ကိုယ့်ကိုကိုယ် ပညာရှင်လို့ သတ်မှတ်ထားတဲ့ မောင်မှန်လည်း ဘယ်နေရာ တုံး၊အမြန် လျှောက်လွှာ သွားတင်တာ ပေ့ါ။ သစ်ခုတ်တဲ့ ကာလပြီးသွားပြီ၊ ပန်းပုထုရမယ့် အချိန်ဖြစ်နေပြီ၊ အမေက ဒီလိုဆိုသကိုး၊ ဆရာ မောင်သစ်သည် ဘာသာပြန်တဲ့ သစ်ခုတ်သမား နိုးကြားလော့ ဆိုတဲ့ ကဗျာရှည်ကို ပြေးသတိရမိ ပါတယ်။ အခုတော့ သစ်ခုတ်သမား ဂိုး (Go) သွားတော့ပေ့ါနော်။

မောင်မှန်က ပန်းပုဆရာပါ၊ သစ်ခုတ်သမား မဟုတ်ပါဘူး။ သူများတွေ သစ်ခုတ်တုန်းက မောင်မှန်က အိမ်မှာ မိန်းမနဲ့ ဖက်အိပ်နေတာပါ။ သူတို့ကိစ္စ သူတို့လုပ်ပေစေ့ပေ့ါ။ မိန်းမနဲ့ ဖက်အိပ်နေ တယ်ဆိုတာ နဲ့လောကီစည်းစိမ် ခံစားနေတယ် မထင်နဲ့ ခေါင်းက အလုပ်လုပ်နေရတာ၊ ပန်းပုဘယ်လို ထုရမလဲပေ့ါ။ ကြားဖူးတယ် မဟုတ်လား။ ဦးနှောက် အလုပ်လုပ်တဲ့ သူများဟာ ကြွက်သား အလုပ်မ လုပ်ဘူးတဲ့။

မောင်မှန်အဖိုးလည်း ဦးနှောက်သမား၊ အဖေလည်း ဦးနှောက်သမားဆိုတာ့ မောင်မှန်ဟာ လည်း ဦးနှောက်သမား အစစ်ကြီးပဲပေါ့။ ထားပါတော့၊ အမေ့ပါတီက သတင်းပြေးနေတာ အများသိကြ တဲ့အတိုင်း ဒီမိုကရေစီ အင်အားစုတွေ အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်မယ်ဆိုမို့လာ၊ မောင်မှန်လည်း အပိုင်ပဲပေါ့။ မောင်မှန် မဟုတ်ပါဘူး။ ကိုကိုပိုင်၊ မောင်မောင်ပိုင်၊ မမပိုင်တွေဆိုတာ များမှများ၊ ဘယ်နည်းလို့တုန်း၊ ဘယ်သူက ဘယ်မြို့၊ ဘယ်ဝါက ဘယ်နယ်၊ ကြိုတင်တောင် မဲဆွယ် ထားတော့မယ့် သဘော၊ နယ်မြေ အတိအကျနဲ့ကို သတင်းထွက်လာတာ၊ ကိုကိုပိုင်၊ မောင်မောင်ပိုင်၊ မမပိုင်တွေကလည်း ဝန်ခံသလိုလို၊ ငြင်းသလိုလို၊ ညှိနှိုင်း ဆဲလိုလိုနဲ့ ဟန်ဆောင်ကာ မူပိုင်ရင်းပဲ ပေးနေကြတာ ပေ့ါလေ။ နောက်တော့လည်း ပြောကြရတာပေ့ါ။ လျှောက်လွှာတွေ တင်ထားတယ်။ အမေ့ပါတီက စိစစ်နေတယ်ပေ့ါ။ ဒါကလည်း အလုပ်သဘောကိုး။ လုပ်ရမှာပေ့ါ။

တိုတို ဆိုကြပါစို့ဗျာ၊ နောက်ဆုံး ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်ခါနီး တစ်နည်းပြောရရင် အောင်စာရင်း ထွက်ခါနီးတစ်ရက်၊  နှစ်ရက်လောက်အလိုမှာ မောင်မှန်ကို ဆေးစစ် ထားဖို့ အသိပေးလာတယ်။ မောင်မှန်လည်း ဒါင့ါကို အောင်စာရင်း ကြိုထုတ်ပေးတာပဲဆိုပြီး အားရဝမ်း သာနဲ့ အပြေးအလွှား ဆေးသွားစစ်လိုက်တာ ရှစ်ပုလင်းလောက် မြောက်သွားတယ်။ ဒါပေမဲ့ ဒါဘာအ ကြောင်းလဲပေ့ါ။ ကိုယ်စားလှယ်လောင်း ဖြစ်ဖို့ပဲဟာပေ့ါ။ သို့သော် အောင်စာရင် ထွက်သောအခါ ပိုင်ပိုင်တို့လည်း မပါ။ မောင်မှန်လည်း မပါပါခင်ဗျာ၊ ထို့ကြောင့် မောင်မှန်ဟာ တစ်သီးပုဂ္ဂလ ဖြစ်ရ တာပါ ခင်ဗျာ၊ နောက်ထပ် ဆက်ပြောပါမယ်။ မောင်မှန်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required