လေနှင်ရာ ဘဝမိုးတိမ်များ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၆ )

လေနှင်ရာ ဘဝမိုးတိမ်များ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၆ )

အိမ်ရှေ့မြောင်ရွာဆိုတာ တကယ်တော့ အုတ်တွင်းမို့နဲ့ တစ်နာရီခရီးသာဝေးတဲ့ ကျေးရွာပါပဲ။ အုတ်တွင်းမြို့နယ်အတွင်း ပဲခူးရိုးမကြော ခပေါင်းဆည်ကြီးအထက် ခါးလည်မရှိတရှိနေရာ ဆည်ကြီးဘေးမှာပဲ ရှိတာပါ။ ကျနော်တို့လူသိုက် ဆိုင်ကယ်နဲ့ အုတ်တွင်းမြို့ကထွက်လာခဲ့တာ တစ်နာရီသာသာလောက်မှာပဲ အိမ်ရှေ့မြောင်ရွာဆီခြေလျင်ဆင်းလျှောက်ရတဲ့ လမ်းခွဲကိုရောက်လာခဲ့ကြတာပါ။ အုတ်တွင်းကနေပြီး ကတ္တရာကားလမ်းအတိုင်း တစ်နာရီလောက်ကြာကြာ ဆိုင်ကယ်စီးပြီး ပဲခူးရိုးမကြောပေါ်တက်လာခဲ့ကြတာပါ။ တချိန်တုန်းကတော့ ဒီနေရာဒီခရီးဟာ ခြေလျင်ခရီးလောက်ပဲရှိတဲ့ တောကြီးမျက်မည်းနေရာကြီးပေါ့။

အိမ်ရှေ့မြောင်ရွာက ကတ္တရာကားလမ်းဘေး တောင်ဆင်ခြေလျောအတိုင်း နောက်ထပ်တစ်နာရီလောက် ခြေလျင်ဆင်းသွားရပါတယ်။ လွန်ခဲ့တဲ့ မိုးမကုန်ခင်အထိ ခြေလျင်ဆင်းလျှောက်ရတဲ့လမ်းပါ။ စီးလာတဲ့ မော်တော်ဆိုင်ကယ်တွေကို အဲဒီလမ်းခွဲမှာပဲ အိမ်ဆိုင်လေးလာဖွင့်ထားတဲ့ အိမ်ရှေ့မြောင်ရွာသားအိမ်ရှေ့မှာ အပ်ထားခဲ့ကြရတာပါ။ လူက ခြေလျင်ခရီးဆက်ရပါတယ်။
ဒီနှစ် ကျနော်တို့ရောက်သွားတော့ ကိုယ်ထူကိုယ်ထ ကြိုးပမ်းမှုနဲ့ ကားလမ်းအကြမ်းတော့ ဖေါက်ပြီးနေပါပြီ။ သစ်တင် အုတ်တင်ကားတစ်ီးသာသာ မြေလမ်း ဖေါက်ထားပြီးပါပြီ။ ဒါပေမယ့်လည်း အရပ်သားအသိလောက်နဲ့ အဆင်ပြေသလို ဖေါက်ထားရတဲ့လမ်းမို့ ပြေပြစ်ခြင်းတော့ မရှိပါဘူး။ နေရာအတော်များများက မတ်စေါက်လှပြီး ဆင်းရတက်ရတာ ခက်ခဲလှပါတယ်။ ပြီးတော့ သဲဆန်တဲ့ မြေလမ်းသစ်ဖြစ်တာမို့ မိုးတမလောက်ရွာရင် လူချည်းပဲတောင်မှ ဆင်းဖို့တက်ဖို့ ခက်ခဲတော့မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်ပြီးတစ်နှစ် လမ်းကို ကောင်းသထက်ကောင်းအောင်ပြင်လာရင် နောင်မှာ ဒီလမ်းကြမ်းဟာ လမ်းချောဖြစ်လာလိမ့်မယ်ဆိုတဲ့ခံယူချက်နဲ့ပဲ အိမ်ရှေ့မြောင်ရွာသားတွေ အားသွန်ခွန်ဆက် ဖေါက်ခဲ့ကြတာပါ။

ဆန်းကြယ်လှတဲ့အဖြစ်က အိမ်ရှေ့မြောင်ရွာဟာ ရွာသားတွေနဲ့ အနီးအနားဒေသအခေါ်အရသာ ရွာတစ်ရွာအဖြစ် ဖြစ်တည်ပေမယ့် မြေပုံအညွှန်းထဲမှာတော့ အိမ်ရှေ့မြောင်ရွာရယ်လို့ ရွာသပ်သပ် အမည်မပေါက်သေးဘူးလို့ ဆိုပါတယ်။ သူတို့နဲ့ အနီးဆုံးရွာဖြစ်တဲ့ ပေါက်တောကုန်းရွာအနေနဲ့ပဲ အမည်ပေါက်ပြီး ပေါက်တောကုန်းရွာအဖြစ်ပဲ တရားဝင်သတ်မှတ်ခံထားရဆဲရွာပါပဲ။

တချိန်တုန်းကတော့ အိမ်ရှေ့မြောင်ရွာဟာ မြို့ပြနဲ့ အဆက်အသွယ်ခက်ခဲလှတဲ့ ပဲခူးရိုးမကြောပေါ်က ချောင်ကလေးတနေရာမှာရှိခဲ့တဲ့ ရွာပါ။ သူပုန်သူကန်တွေဖြစ်တဲ့ ကွန်မြူနစ်လက်နက်ကိုင်များနဲ့သာ အများဆုံးဆက်ဆံရတဲ့ရွာဖြစ်တာမို့ တရားဝင်မြေစာရင်းမှာ အိမ်ရှေ့မြောင်ရွာရယ်လို့ အမည်မပေါက်တဲ့ ရွာပုန်းရွာရှောင်သဘော နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ နောက်တော့ ကားလမ်းတွေဖြစ်လာ၊ ကွန်မြူနစ်တွေလည်း ကင်းစင်၊ ခပေါင်းဆည်ကြီးတည်ဆောက်တော့မှ အိမ်ရှေ့မြောင်ရွာဟာ မြို့ပြနဲ့ မဖြစ်မနေ ဆက်ဆုံလာကြရတဲ့သဘောပါပဲ။

နောက်တော့ ခပေါင်းဆည်ရေဝပ်ဧရိယာနဲ့ မလွတ်လို့ဆိုပြီး အတင်းအဓမ္မ ရွာရွှေ့ပြောင်းခဲ့ကြရပြီး လက်ရှိရွာမြေနေရာကလည်း သစ်တောကြိုးဝိုင်းအတွင်းဖြစ်နေတာမို့ လက်ရှိအချိန်အထိ ကြိုးဝိုင်းနယ်မြေအဖြစ်ပဲ သတ်မှတ်ခံထားရဆဲဖြစ်လို့ တရာဝင်ရွာနေရာ သတ်မှတ်လို့မရသေးတဲ့သဘောပါပဲ။ ကိုယယ်ထူကိုယ်ထ ကားလမ်းကြမ်းဖေါက်တဲ့ကိစ္စနဲ့ ရွာလာတည်ရတဲ့ကိစ္စအားလုံးဟာ တရားဝင်ရွာတည် တရားဝင်လမ်းဖေါက်လို့ရတာမျိုးမဟုတ်ဘဲ သစ်တောဌာနတာဝန်ရှိသူများနဲ့ နားလည်မှုသဘော နေကြရ ဖေါက်ကြရတဲ့သဘောပါပဲ။ ဒီတော့ တကယ်တန်း ယခင်ရှိခဲ့တဲ့ စည်းကမ်းအရဆိုရင် အိမ်ရှေ့မြောင်ရွာဟာ အချိန်မရွေး နေရာဖယ်ပေးမရမယ့် သဘောရှိပါတယ်။ မြေစာရင်းဌာနနဲ့ သစ်တောဌာန ညှိနှိုင်းပြီး တရာဝင်ရွာနေရာ တရားဝင်ကားလမ်း ဖြစ်လာဖို့ဆိုတာကလည်း အိမ်ရှေ့မြောင်ရွာသားတွေအနေနဲ့ ထိရောက်ပေါက်မြောက်အောင် လိုက်လုပ်ဖို့ မလွယ်လှပါဘူး။ အိမ်ရှေ့မြောင်ရွာသားတွေအနေနဲ့ အဲသလောက်အထိ လက်တံမရှည်နိုင်ကြပါဘူး။ ဒီကြားထဲ တရွာလုံးစာတတ်သူမရှိဖြစ်နေတဲ့ အားနည်းချက်ကြီးကလည်း အခက်အခဲအဟန့်အတားကြီးတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒီတော့လည်း နောင်ခါလာနောင်ခါစျေး ဆိုသလို ဖြစ်လာမှပဲရင်ဆိုင်ရတော့မှာပဲဆိုတဲ့အတွေးနဲ့ ကိုယ့်ရွာမြေနေရာ ကိုယ့်ဖါသာရှာ ကိုယ့်ဖါသာသတ်မှတ်ပြီး ကိုယ့်အသိနဲ့ကိုယ်နေကြရတဲ့သဘောပါပဲ။

အိမ်ရှေ့မြောင်ရွာအမည်ပေါက်မဟုတ်လို့လည်း ကျေးရွာတစ်ရွာအနေနဲ့ သက်ဆိုင်ရာက စည်းကမ်းနည်းလမ်းအရ အကျိုးခံစားခွင့်တွေရှိလာရင်လည်း ရွာအမည်မပေါက်သေးတော့ အမြဲတန်း ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။ ပေါက်တောကုန်းရွာကနေပြီး ခွဲဝေပေးသမျှလောက်ပဲ ရခဲ့ကြတယ်လို့ဆိုပါတယ်။

အခုဆိုရင် အိမ်ရှေ့မြောင်ရွာသစ်အဖြစ် တည်လာတာ ငါးနှစ်ရှိလာပါပြီ။ အနီးဆုံးမြို့ဖြစ်တဲ့ အုတ်တွင်းမြို့နဲ့လည်း တနေ့တခြား ဆက်သွယ်မှုတွေများလာပြီး ပုံမှန်သဘောဆောင်စပြုပါပြီ။
ထွန်ယက်လုပ်ကိုင်စားစရာမြေ မရှိတော့တဲ့အတွက် နောက်ဆုံးမှာ မကြာခင်ကမှရောက်လာကြတဲ့ တနယ်တကျေးသား လူစိမ်းသူစိမ်း တံငါသည်တွေနဲ့ နီးကပ်စွာ ဆက်ဆုံနေထိုင်ကြရင်းက အလုပ်အကိုင်မရှိတဲ့ အိမ်ရှေ့မြောင်ရွာသားတွေလည်းပဲ တံငါနားနီးတံငါ ဆိုတဲ့စကားပုံအတိုင်း တံငါသည်တွေဘဝ ကူးပြောင်းလာကြရပါတယ်။

မိမိတို့ ကျေးရွာတွေ အကြိမ်ကြိမ်ပြောင်းရွှေ့ကြရ၊ ရွာသစ်တည်ကြရ၊ စားဝတ်နေရေးပုံစံ အသစ်တီထွင်ကြရ လမ်ဖေါက်ကြရဆိုတော့ကာ အိမ်ရှေ့မြောင်ရွာသားတွေ ရပ်တည်ရေး ဘယ်လောက်အထိ ခက်ခဲခဲ့ကြမလည်းဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်မောဖို့ ကောင်းလှပါတယ်။ ဒီကြားထဲ သူတို့ရွာတည်ထားတဲ့ ရွာနေရာသည်ပင်လျင် တရားဝင်မြေမဟုတ်လေတော့ သက်ဆိုင်ရာက လာရောက်ဖယ်ရှားခိုင်းရင်လည်း အချိန်မရွေး ဖယ်ပေးကြရမယ့်သဘောမို့ အိမ်ရှေ့မြောင်ရွာကလေးရဲ့အဖြစ်က တင်စားပြီးပြောရရင် လေနှင်ရာ ရွေ့ကြရမယ့် မိုးတိမ်များလိုပါပဲ။

ဧည့်သည်ဖြစ်သူ ကျနော်တို့ရောက်လာတဲ့ည ရွာသားတွေနဲ့ ဝိုင်းဖွဲ့စကားပြောကြ တိုင်ပင်ပြီးကြလို့ ရွာသားတွေအားလုံး အိမ်ပေါ်က ပြန်ဆင်းသွားကြတဲ့အခါ ကျနော်တို့လူသိုက်မှာ ရုတ်တရက် အိပ်မပျော်နိုင်ကြပဲ စိတ်မကောင်းဖြစ်နေခဲ့ရပြန်ပါတယ်။   ။

ဆက်လက်ဖတ်ရှုပါရန်…။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly