“ ဝိရောဓိများနဲ့ သီတဂူ ဆရာတော်ရဲ့ သြဝါဒ ကထာ ”

“ ဝိရောဓိများနဲ့ သီတဂူ ဆရာတော်ရဲ့ သြဝါဒ ကထာ ”

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ အမျိုးစောင့် ဥပဒေအောင်ပွဲ အထိမ်းအမှတ် အခန်းအနား ကျင်းပပါတယ်။ အဲဒီ အခမ်းအနားကို တစ်နိုင်ငံလုံးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ ဦးဆောင် ဆရာတော်တွေ၊ သံဃာတော်တွေနဲ့ အဖွဲ့ဝင် သောင်းနဲ့ချီပြီး တက်ရောက်ကြပါတယ်။ ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေ စိတ်အဝင်စားဆုံး ကတော့ သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရရဲ့ သြဝါဒ ကထာပါ။ ဆရာတော်ကြီးရဲ့ သြဝါဒထဲမှာလည်း ဝိရောဓိဖြစ်စရာ ငြင်းခုံစရာ အချက်အလက်တွေ ပါဝင်နေ တာ တွေ့ရပါတယ်။ ဘယ်လို အချက်တွေများလဲဆိုတာ ဒီကနေ့ ဆွေးနွေး သုံးသပ် တင်ပြသွား ပါ့မယ်။

သြဝါဒကထာ တစ်နေရာမှာ ဆရာတော်ကြီးက ခုလို မိန့်ပါတယ်။ “နောက်တစ်ခု ဘုရား တပည့်တော် လျောက်ထားချင်တာက ဒီလို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ကြ တော့ သံဃာတော် အရှင်မြတ်တွေက နိုင်ငံရေး လုပ်ကြသလားလို့ မေးခွန်းတွေ မေးစရာ၊ တစ်ချို့ သံဃာတော် အရှင်မြတ်တွေကလဲ နည်းနည်း နယ်ကျွံတယ်နဲ့ တူပါတယ်။ ကိုယ့်နယ်ထဲ ကိုယ်မနေ ပဲနဲ့ သူတစ်ပါးနယ် ထဲရောက်ကုန်ကြတယ်” လို့ မိန့်ပြီး မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဘီလုံးငှက်နဲ့ စွန်ရဲ ဥပမာကို ပေးပါတယ်။ ကိုယ့်ထက် အကောင်သေးငယ်တဲ့ ဘီလုံးငှက်လေးပင် ဖြစ်လင့်ကစား ကိုယ့်နယ်မြေ မဟုတ်တဲ့ နေရာမှာ သွားပြီး ရင်ဆိုင်မိလို့ စွမ်းအားကြီးတဲ့ စွန်ရဲ ထယ်ခဲထိပြီး ရင်ကွဲ သေသွားတဲ့ ပုံပြင်ပါ။ ဒီပုံပြင်ကို ဥပမာပေးပြီး မဘသ သံဃာတွေကို “အားလုံး Over Speed မဖြစ် အောင် ထိန်းတော် မူကြပါ။ သံဃာတော်များဘုရား ကိုယ့်နယ်မြေမှာ ကိုယ် အင်အားရှိကြပါ။

နယ်မြေ မကျူးကျော်ဖို့ပဲ အရေးကြီးတယ်လို့ အဲဒီ ဇာတ်တော်ဖြင့် အရှင်ဘုရားများကို တပည့်တော် အားပေး တိုက်တွန်းပါတယ်။ ဒီတော့ ဒီလိုအလုပ်တွေ လုပ်နေတာဟာ သံဃာတော် အရှင်မြတ်တွေနိုင်ငံရေး လုပ်သလားလို့ မေးစရာ ရှိပါတယ်။ တပည့်တော် လျောက်ထားချင်တာကတော့ သာသနာရေးနဲ့ လူမှုရေးကို အင်တိုက်အားတိုက် ဆောင်ရွက်တော်မူကြပါ” ဆိုပြီး ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံရေးမှာသွားပြီး နယ်မကျော်နဲ့ သာသနာရေးနဲ့ လူမှုရေးကို လုပ်ဆိုပြီး မိန့်တာမျိုးပါ။

ဒါပေမယ့် တစ်နေရာမှာတော့ အီရန်နိုင်ငံအကြောင်းကို မိန့်ပါတယ်။ ဆရာတော်ဟာ အီရန် နိုင်ငံကို ရောက်ဖူးပြီး အီရန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အကြမ်းဖျဉ်းကိုလည်း ပြောပြပါတယ်။ အီရန်မှာ အစ္စလာမ် ဘာသာဟာ Offical religion ဖြစ်တဲ့အကြောင်း၊ ပါကစ္စတန် မလေးရှား အဲလိုပဲ ဖြစ်တဲ့အ ကြောင်း၊ မြန်မာနိုင်ငံမှာတော့ ၁၉၅၃-၅၄ မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်ခဲ့တဲ့ အကြောင်း၊ အုန်းအုန်းကြွက်ကြွက် ဝိုင်းကန့်ကွက်ကြလို့ ဒီကနေ့ မရှိတော့ဘူး ဆိုတဲ့အကြောင်း၊ “ အဲဒါကြောင့် ကြိုးစားကြပေမယ့်လည်း ထင်သလောက် မှန်းသလောက်တော့ ပေါက်မြောက်လိမ့်ဦး မယ် မဟုတ်သေးဘူးလို့ပဲ တပည့်တော် ဒီလိုပဲ သုံးသပ်မိပါတယ်” လို့ မိန့်ပါတယ်။

ဆရာတော်က ဆက်ပြီး အီရန်မှာဆိုရင် နိုင်ငံရဲ့ အမြင်ဆုံးမှာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘာသာရေး ခေါင်းဆောင် ဖြစ်ရမယ်လို့ ပြဌာန်းထားကြောင်း၊ အခြေခံ စည်းမျဉ်းမှာ နိုင်ငံရေး ခေါင်းဆောင်ရော၊ နိုင်ငံရဲ့ သမ္မတရော အကုန်လုံးက ဘာသာရေး ခေါင်းဆောင်က အကြီးဆုံး သူတို့တိုင်းပြည်မှာ ဖြစ်ရမယ်လို့ ဖော်ပြထားကြောင်း မိန့်ပါတယ်။ “ တပည့်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နိုင်ငံတော် သံဃာ့နာယက အဖွဲ့ကြီးက ဘယ်အခြေအနေမှာ ရှိတယ်ဆိုတာ ဆရာတော်များ အကုန်လုံး သိပါတယ်။ အီရန်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ထိပ်ဆုံးမှာ။ နိုင်ငံရေး မှာလည်းသူ အာဏာပိုင်ပဲ။ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးမှာလည်း သူတို့က အာဏာပိုင်ပဲ ဖြစ်မယ်။ အဲဒါကြောင့် မတူတာတွေ အဲလို ရှိတယ်ဆိုတာကို တပည့်တော်တို့ တိုင်းသူပြည်သားက ပြည်သူတွေ သံဃာတော်တွေ သိရရင် နောက်တက်စရာ အဆင့်တွေ အများကြီး ရှိနေဦးမယ်လို့ တပည့်တော် ဒီလိုပဲ ယူဆတယ်” လို့ မိန့်ပါတယ်။ ဆရာတော်ဘုရားကြီး အနေနဲ့ အေးမြငြိမ်း ချမ်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ အပါအဝင် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာ နိုင်ငံကို အီရန်နိုင်ငံနဲ့ ဥပမာပေး ခိုင်းနှိုင်းပြီး နောက်ထပ် အဆင့်တွေ ဆက်ပြီး လုပ်ရဦးမယ်လို့ မိန့်တယ် ဆိုရင်တော့ တိုင်းပြည် အနာဂတ်အတွက် ရင်လေးစရာပါပဲ။ မြန်မာနိုင်ငံအတွက် အီရန် လို နိုင်ငံဟာ စံနမူနာပြုစရာ မော်ဒယ်နိုင်ငံ တစ်ခု မဟုတ်ပါဘူး။

ဒါပေမယ့် ဆရာတော်က နိဂုံးပိုင်းမှာတော့ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာ တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားမယ် ဆိုပြီးလည်း မိန့်ခဲ့ပါတယ်။ ဆရာတော်က “ (၁) ကတော့ တပည့်တော်တို့ အချင်းချင်း အပြန်ပြန် အလှန်လှန် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုကို တည်ဆောက်ပြီးတော့ နေသွားကြပါစို့။ နံပါတ်(၂) ဘာသာရေး အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ရိုသေလေးစားစွာ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားစွာ ဆက်ဆံပြီးတော့ သွားကြပါစို့။ နံပါတ်(၃) ဘာသာရေး အဖွဲ့အစည်းတစ်ခုက အခြား ဘာသာရေး အဖွဲ့အစည်း တစ်ခုအတွင်းသို့ ဝင်ရောက် စွက်ဖက်ခြင်း မပြုပဲနဲ့ ငြိမ်းချမ်းစွာ နေထိုင် သွားကြပါစို့။ နံပါတ်(၄) ဆူပူသောင်းကျန်းခြင်းတို့ကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ လက်တွဲပြီးတော့ အတူ နေထိုင်သွားကြပါစို့။ နံပါတ်(၅) ကြီးကျယ်မြင့်မြတ်စွာ သည်းခံခြင်း တရားကို လက်ကိုင်ထား ပြီး မည်သည့် ဘာသာရေး အဖွဲ့အစည်းနဲ့မဆို ငြိမ်းချမ်းစွာ လက်တွဲပြီးတော့ အတူနေထိုင် သွားကြ ပါစို့လို့ ငြိမ်းချမ်းစွာ လက်တွဲ နေထိုင်ရေး မူငါးချက်ကို ဘုရားတပည့်တော် ဒီနေရာက တင်ပြလိုက် ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ဆရာတော်ကြီး မိန့်ကြားတဲ့ အခြား ရုရှားနဲ့ ဂျာမဏီ အပါအဝင် ဥရောပတိုက်က အကြောင်းချင်းရာတွေမှာလည်း သမိုင်းနဲ့ ကွဲလွဲချက်တွေ ကြားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သီတဂူ ဆရာတော်ဘုရားရဲ့ သြဝါဒ ကထာထဲမှာတော့ ဝိရောဓိ ဖြစ်စရာ အကြောင်းချင်းရာတွေ ပါဝင်နေကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required