အစ္စလာမ္မစ်အစွန်းရောက် ပုန်းခိုရာကို သီရိလင်္ကာလုံခြုံရေးတပ်တွေ စီးနင်းမှုအတွင်း ကလေး ခြောက်ဦးအပါအဝင် လူ ၁၅ ဦး သေဆုံး

အစ္စလာမ္မစ်အစွန်းရောက် ပုန်းခိုရာကို သီရိလင်္ကာလုံခြုံရေးတပ်တွေ စီးနင်းမှုအတွင်း ကလေး ခြောက်ဦးအပါအဝင် လူ ၁၅ ဦး သေဆုံး

ကိုလံဘို၊  ဧပြီ ၂၇ ။        ။ သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲတော် တိုက်ခိုက်မှုအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေ ပုန်းခိုရာကို စစ်ဆင်ရေး ဆောင်ရွက်မှုမှာ ကလေး ခြောက်ဦးအပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

ချောင်ပိတ်မိနေတဲ့ အသေခံဗုံးခွဲသမား သုံးဦးက ကိုယ်ကိုကို ဖောက်ခွဲကြတာဖြစ်ပြီး ကျန်သူတွေကတော့ ပစ်ခတ်လို့ သေဆုံးတာလို့ ရဲက ဧပြီ ၂၇ ရက်က ပြောပါတယ်။

သောကြာနေ့ညက ကယ်မူနိုင်အရှေ့ပိုင်းမြို့အနားက ဂျီဟတ်ဝါဒီတွေ ပုန်းအောင်းရာလို့ ယူဆရတဲ့ နေအိမ်ထဲ စီးနင်းဝင်ရောက်ရာမှာ အသေခံဗုံးခွဲသမားသုံးဦးက ဗုံးဖောက်ခွဲ သေဆုံးတာဖြစ်ပြီး ကျန်သေဆုံးသူတွေက အမျိုးသမီး သုံးဦးနဲ့ ကလေး ခြောက်ဦး ဖြစ်ပါတယ်။

“ဒီ အမျိုးသား သုံးဦးဟာ အသေခံဗုံးခွဲသမားတွေလို့ ယူဆရတယ်။ သူတို့ အိမ်အပြင်ဖက်မှာ သေဆုံးနေကြတာကို တွေ့ရှိတာပဲ။”လို့ ရဲ ထုတ်ပြန်ချက်မှာ ဖော်ပြပြီး ရဲတပ်ဖွဲ့ကိုလည်း ပြန်လည်ပစ်ခတ်ခံရကြောင်း ဖြည့်စွက်ဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျောထောက်နောက်ခံပြုထားတဲ့ ရဲတပ်ဖွဲ့နဲ့ အဲဒီ အိမ်ထဲက အုပ်စုဟာ တစ်နာရီကျော် အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။ ပစ်ခတ်မှုအပြီး ရှာဖွေရေး လုပ်ဆောင်ရာမှာ စနေနေ့ နံနက်အစောပိိုင်းမှာ ရုပ်အလောင်းတွေကို တွေ့ရှိတာဖြစ်ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ငံအတွင်းမှာ အီစတာပွဲတော်နေ့က ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အိုင်အက်စ်အဖွဲ့က ၎င်းတို့ ကျူးလွန်တာလို့ ကြေညာထားတဲ့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်း အနည်းဆုံး ၂၅၃ ဦး သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုတွေအပြီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အစွန်းရောက်တွေကို ရှာဖွေရေး စစ်ဆင်ရေးကို ဆင်နွှဲနေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required