ဘဝနေထိုင်မှုပုံစံများ ပြောင်းလဲသွားရခြင်း ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၅ )

ဘဝနေထိုင်မှုပုံစံများ ပြောင်းလဲသွားရခြင်း ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၅ )

အိမ်ရှေ့မြောင်ရွာ ညနေဆည်းဆာဟာ အိမ်ရှေ့မြောင်ရွာကလေးရဲ့ဘဝနဲ့ ဘယ်လိုမှ မလိုက်ဖက်နိုင်လောက်အောင် လှပလွန်းပါတယ်။

ရွာကလေးရဲ့ အမြင့်ဆုံးကုန်းမြင့်ပေါ်က စာသင်ကျောင်းကလေးကလေးရှေ့မှာ ဘော်လီဘောတစ်ကွင်းစာမရှိတရှိ မြေကွက်လပ်ရှိပါတယ်။ ကျနော်တို့ကို လာရောက်ဝိုင်းဖွဲ့စကားပြောကြတဲ့ ရွာသားတချို့ အိမ်ပြန်သွားကြတဲ့အခါ ကျနော်တစ်ယောက်တည်း အဲဒီ စာသင်ကျောင်းကုန်းမြင့်ပေါ်တက်လာခဲ့ပါတယ်။

ကုန်းမြင့်ပေါ်ကကြည့်ရင် ခပေါင်းရေလှောင်တမန်ကြီးကို အပေါ်စီးက ကြည့်သလိုမြင်ရပါတယ်။ ရေလှောင်တမန်ကြီးရဲ့ ဟိုဘက်အစပ်မှာ တစ်ခုနဲ့တစ်ခု ခတ်လှမ်းလှမ်းစီ နေရာယူထားတဲ့ ဖေါင်ပေါ်အိမ်တချို့ကို မြင်နေရပါတယ်။ ဟိုဘက်ကမ်း ကုန်းမြင့်ကြောတစ်ခုလုံး သစ်ပင်စိမ်းစိမ်းတွေ အနားကွပ်ထားသလိုဖြစ်နေပြီး ညနေဆည်းဆာ နေရောင်ခြည်တွေက ရေပြင်ကြီးပေါ် အနီရောင်တွေ ဖြန့်ကျက်ထားပါတယ်။ ဆည်ဆာနေရောင်က အိမ်ရှေ့မြောင်ရွာကလေးပေါ် တစောင်းကျရောက်လျက်ရှိပြီး ဖရိုဖရဲ ဆောက်ထားတဲ့ တဲအိမ်တချို့ကို အမှောင်တခြမ်း အလင်းတခြမ်းဖြစ်နေစေပါတယ်။

စကားဝိုင်းမပြီးခင်က လက်ရှိ အိမ်ရှေ့မြောင်ရွာရဲ့ ပင်မစီးပွားရေးအလုပ်က ဘာလဲလို့ ကျနော်ကမေးတော့ ပြန်ဖြေတဲ့သူတွေက ရုတ်တရက်တော့ တသံတည်းမဖြေနိုင်ကြပါဘူး။ သူတို့အချင်းချင်းလည်း အနည်းငယ် အပြန်အလှန် ငြင်းခုန်ကြရပါသေးတယ်။ နောက်တော့မှ ရွာသားအများစုကတော့ ငါးလုပ်ငန်းကိုလုပ်ကိုင်ကြပြီး ကျန်တဲ့သူတွေကတော့ ၀ါးခုတ်၊ မီးသွေးဖုတ်ကြတဲ့အကြောင်း ပြောလာကြပါတယ်။

အမှန်အားဖြင့် ငါးဖမ်းလုပ်ငန်းဆိုတာကလည်း စနစ်တကျ ခေတ်မှီမှီ ငါးဖမ်းလုပ်ငန်းမဟုတ်ပဲ တစ်ယောက်ချင်း တမိသားစုချင်း ငါးထောင်၊ ကွန်ပစ်ပြီး ငါးဖမ်းတဲ့အလုပ်သာဖြစ်တဲ့အကြောင်း၊ တခြားဘာအလုပ်မှမလုပ်ဘဲလည်း ဒီငါးဖမ်းအလုပ်တစ်ခုတည်းအပေါ် အားကိုးလို့မရတဲ့အကြောင်း ၀ိုင်းပြောကြပါတယ်။ ငါးထောင်ကွန်ပစ်ဖို့ကြပြန်တော့ ပိုက်ဖိုးက မတတ်နိုင်ကြ၊ လှေတွေ စက်လှေတွေကလည်း လိုအပ်တာမို့ အိမ်တိုင်း ငါးလုပ်ငန်းကို လုပ်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အကြောင်း ငါးကလည်း တနေ့မှ သုံးပိဿာတောင်မှအနိုင်နိုင်ဖြစ်တဲ့အကြောင်း တစ်ခါတလေကျမှသာ ငါးပိဿာ ဆယ်ပိဿာလောက်အထိရတတ်ပေမယ့် အများအားဖြင့် ငါးပိဿာတောင်မှရဖို့ခက်တယ်လို့ ပြောကြပါတယ်။
သူတို့ ထောင်လို့ ဖမ်းလို့ရတဲ့ငါးကို နေ့တိုင်း မြို့က ငါးလာကောက်တဲ့ ငါးဒိုင်ဆီမှာ ရောင်းတဲ့အခါ ငါးတစ်ပိဿာကို တစ်ထောင်ကျပ်သာ ရတဲ့အကြောင်း၊ ဒီကြားထဲ အဲဒီ ငါးဆင်းကောက်သူဆီမှာ မြို့စျေးကိုမှာရတဲ့ ခရမ်းချဉ်သီးဖိုး၊ ကြက်ဥဖိုး၊ ငရုတ်ကြက်သွန်ဖိုး၊ ခေါင်းကိုက်ဖျားနာဆေးဖိုး နှုတ်တဲ့အကြောင်းနဲ့ ငါးဒိုင်က ကြိုတင်ယူထားတဲ့ ချေးငွေကိုလည်း ပြန်ဖဲ့ဆပ်ရတဲ့အကြောင်း ၀ိုင်းပြောကြပါတယ်။

ကျနော်က တခြား စိုက်ပျိုးရေးအလုပ်တွေ မလုပ်ကိုင်ကြဘူးလား အရင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားခဲ့ကြတာ စိုက်ပျိုးရေးပဲမဟုတ်လားလို့ ပြောတော့၊ အခု ရွာတည်တဲ့နေရာမှာ မြေပြန့်မရှိကြောင်း၊ ရှိသည့်တိုင်အောင်လည်း ခုတ်ထွင်တောတိုး စိုက်ပျိုးခွင့်မရတဲ့ သစ်တောကြိုးဝိုင်းမြေဖြစ်တဲ့အကြောင်း ဒါကြောင့်မို့ ငါးဖမ်းအလုပ်နဲ့ တခြား ကျဘမ်းအလုပ်တွေပဲ လုပ်ကိုင်ကြရကြောင်း သိရပါတယ်။

ငါးဖမ်းအလုပ်ဟာ အိမ်ရှေ့မြောင်ရွာရဲ့ ယခင့်ယခင်ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်ခဲ့ကြတဲ့ လယ်ယာကိုင်းကျွန်းအလုပ်မဟုတ်တာကြောင့် ငါးဖမ်းတဲ့အလုပ်ဟာ အလုပ်သစ်ဖြစ်တဲ့အကြောင်း ဒါကြောင့်မို့ ငါးဖမ်းအလုပ်ကို သိတ်ပြီးမလုပ်ချင်ကြတဲ့အပြင် ဖေါင်ပေါ်မိသားစုတွေဆီကပဲ ငါးဖမ်းအလုပ်ကို သင်ယူခဲ့ကြရတာမို့ အခုထက်ထိ ကျွမ်းကျင်မှုနည်းပါးနေသေးကြောင်း ပြောပြကြပါတယ်။

တကယ်တော့ တစ်သက်လုံး လုပ်ကိုင်လာကြတဲ့ လယ်ယာကိုင်းကျွန်းအလုပ်ကို ဆက်လက်လုပ်ကိုင်ချင်ကြပေမယ့် သူတို့ရဲ့ လယ်တွေယာတွေက  ရေအောက်ရောက်သွားခဲ့ကြပြီဖြစ်လို့ သူတို့မှာ ရွာနေရာပြောင်းခဲ့ရသလို ဘဝတွေလည်း ပြောင်းလဲလာခဲ့ရကြောင်း ၀ိုင်းဖွဲ့စကားပြောရင်းကပဲ ကျနော်တို့ သိလာခဲ့ရပါတယ်။

လူတွေရဲ့ အသိအညာဏ််အနေအထားဟာ သူတို့ နေထိုင်ကျင်လည်ကျက်စားရာ ပုံစံအပေါ်မှာပဲ အဓိကအခြေတည်တာမို့ လယ်သမားဘဝကနေပြီး တံငါသည်တွေဘဝ ပြောင်းကြရတဲ့အခါ သူတို့ရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးအနေအထားတွေကအစ သူတို့ လက်ရှိနေထိုင်ဖြတ်သန်းရတဲ့ဘဝအနေအထားအပေါ်မူတည်ပြီး ပြောင်းလဲခဲ့ကြရပါတယ်။ စာသင်ကျောင်းလေး စုပေါင်းဆောက်ရပါတယ်။ ဘုန်းတော်ကြီးကျောင်း ဆောက်ရပါတယ်။ လူသွားလမ်းကအစ အသစ်ဖေါက်ရပါတယ်။ အိမ်ကုန်းမြေတွေ ညှိကြရပါတယ်။ အိုးသစ်အိမ်သစ် ထူထောင်ကြရပါတယ်။ သူတို့မှာ စားရေးကလွဲပြီး တခြားအရေးကိစ္စအားလုံးနီးပါး နောက်တန်းကိုပို့ထားလိုက်ကြရပြီး ရွာတည်တဲ့အလုပ်နဲ့ စားစရာရှာဖွေရေးအလုပ်တွေနဲ့ပဲ အချိန်ကုန်ကြရပါတယ်။

သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားဝိုင်းဖွဲ့ပြောနေခဲ့ကြစဉ်က အိမ်ရှေ့မြောင်ရွာကလေးမှာ အိမ်အရေအတွက် နည်းနည်းလေးပဲရှိတာမို့ တစ်အိမ်ချင်းလိုက်ပြီး စီးပွားရေးစစ်တမ်း ကောက်ယူမယ်ဆိုရင် ကောင်းမလားလို့လည်း တွေးနေခဲ့မိပါတယ်။ အိမ်ခြေ ငါးဆယ််ကျော်မို့ တစ်လအတွင်း ကောက်ယူရင် ကောင်းကောင်းရမယ်လို့လည်း တွေးမိပါတယ်။ တစ်အိမ်ချင်းစစ်တမ်းမှာ တနေ့ချင်းဝင်ငွေနဲ့ တနေ့ချင်းထွက်ငွေကို အဓိကထားကောက်ယူပြီး သေသေချာချာ စဉ်းစားတွက်ချက်မယ်ဆိုရင် ဒီရွာကလေးရဲ့ ငွေကြေးလည်ပတ်မှု၊ ငွေကြေးစုစည်းမှုအခြေအနေကို အနီးစပ်ဆုံး သိရှိလာနိုင်တယ်လို့လည်း ကျနော်တွေးမိပါတယ်။

ဒိီအချက်အလက်တွေအပေါ်မှာ မူတည်ပြီး အိမ်ရှေ့မြောင်ရွာကလေးရဲ့ ဆက်လက်လုပ်ကိုင်သင့်တဲ့လိုအပ်ချက်များ၊ ဆောင်ရန်ရှောင်ရန်များကိုလည်း စဉ်းစားလို့ရနိုင်မယ်လို့ထင်ကြောင်း ကျနော်တွေးခဲ့မိပါတယ်။

စာသင်ကျောင်း တောင်ကုန်းလေးပေါ်မှာတော့ နေရောင်ခြည်တွေ အားပျော့သွားခဲ့ပါပြီ။ ခပေါင်းဆည်ကြီးထဲမှာတော့ အနီရောင်နေရောင်ခြည်တွေ ထုနဲ့ထည်နဲ့ ကျနေပါပြီ။ အဲဒီ လှပလွန်းတဲ့ အနီရောင်နေရောင်ခြည်ကျရောက်ရာရေပြင်ကြီးပေါ် လှေကလေးတစ်စီးဖြတ်တဲ့အခါ ကျနော်က အလျင်အမြန်ပဲ ဓါတ်ပုံရိုက်ယူထားလိုက်ပါတယ်။   ။

ဆက်လက်ဖတ်ရှုပါရန်….။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly