နိုင်ငံရေး အာစရိများအား ပူဇော်ပါ၏

နိုင်ငံရေး အာစရိများအား ပူဇော်ပါ၏

အောက်တိုဘာ ၅ မှာ ကမ္ဘာ့ဆရာများနေ့ ဖြစ်သည်။ ၁၉၉၄ က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့သော ဆရာများနေ့ ရည်ရွယ်ချက်မှာ တိုင်းပြည်၏ အနာဂတ်ဟု ဆိုထိုက်သည့် ထူးချွန်ထက်မြက်မည့် လူငယ် မျိုးဆက်သစ်ကောင်းများကို ဆက်လက် မွေးထုတ်ပေးနိုင်ရန် ဆရာကောင်းများ ပေါ်ထွန်းရေး ကို အားပေးထောက်ပံ့နိုင်ရေး ဖြစ်သည်။

ကောင်းမွန် ပြည့်စုံသော ပညာရေးနှင့် ယင်းပညာများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်ကို တည်ဆောက်နိုင်ရန် ဆရာများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါသည်မှာ ငြင်းမရသည့် အမှန်တရား ဖြစ်သည်။ သု့ိဖြစ်ရာ ဆရာများ၏ ဂုဏ်ကျေးဇူးကို တသီးတသန့်ထား ဂုဏ်ပြုထိုက် ပါသည်။ မြန်မာနိုင်ငံကား ဆရာ့ကျေးဇူး သိတတ်သော နိုင်ငံများစာရင်းတွင် ထိပ်ဆုံးက ပါလေသည်။ နှစ်စဉ် ကျင်းပသော ဆရာကန်တော့ပွဲများမှာ ရာထောင်တိုင်လေသည်။

လူသားတစ်ဦးအတွက် ကန့်ကူလက်လှည့် ဆရာမှာ မိဘနှစ်ပါး သို့မဟုတ် အခြေခံပညာ ကျောင်း မသွားခင် အုပ်ထိန်းသူများ ဖြစ်ပြီး၊ မူကြိုနှင့် အခြေခံပညာကျောင်း စတက်သည်နှင့် ပြင်ပ ဆရာများ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါလာပါသည်။ ကလေးတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးချိန် မှ စတင်ပြီး လေ့လာသင်ယူ၊ အတုခိုးနေသည်ဖြစ်ရာ မိဘ၊ အုပ်ထိန်းသူများ အပါအဝင် လက်ဦးဆရာ၏ အခန်းကဏ္ဍမှာ အထူး အရေးပါပေသည်။

“ဆရာမပြ နည်းမကျ” ဆိုသည့် စကားမှာ အမှုကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ဆရာ၏ သွန်သင် ညွှန်ပြချက်သည် နည်းလမ်းကျရေးနှင့် အချိန်တိုအတွင်း ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတွင် အရေးကြီးကြောင်း ထင်ရှားစေခြင်းပင် ဖြစ်သည်။ သို့သော် အခြားတစ်ဖက် တွင် “ဆရာများ သားသေ” ဟူသော စကားကလည်း ရှိနေသေးရာ ဆရာများ၏ တစ်ယောက်တစ်မျိုး သင်ကြားချက်များ အားလုံးကို တစ်ချိန်တည်းတွင် ခံယူကျင့်သုံးပါက ထိုသူအတွက် အကျိုးနည်းနိုင် ကြောင်း မှတ်သား အပ်ပြန်သည်။

ယခုအခါ မြန်မာနိုင်ငံအတွက် ခေတ်ပြောင်း ခေတ်လွဲချိန် ရောက်နေပြီဟု နိုင်ငံရေးသမား အချို့က သုံးသပ်ကြသည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရ အဆက်ဆက်အောက် ပိပြားငြိမ်ဝပ်ကာ ဖိနှိပ်မှုအောက် တွင် နေထိုင်ရှင်သန်ခဲ့ရသော ပြည်သူများသည် နိုင်ငံသား တစ်ဦးအနေနှင့် ရသင့်ရ ထိုက်သော နိုင်ငံသား အခွင့်အရေးများကို ပြည့်ပြည့်ဝဝ ရရှိရန် အချိန်တန်ပြီ ဖြစ်သည်။ သို့သော် လက်ရှိ တိုင်းပြည်ခေါင်းဆောင်များနှင့် လူထုခေါင်းဆောင်များ၏ အမြော်အမြင်နှင့် ဆုံးဖြတ်ချက်သည် ဤတွင် အခရာ ကျနေပါသည်။

နိုင်ငံရေးသမားများသည် နိုင်ငံ တည်ဆောက်ရေးနှင့် တိုင်းပြည် ကောင်းစားရေးအတွက် မိမိ ကိုယ်ကျိုးကို ဖိနှိပ်ချိုးဖျောက်ပြီး ဆောင်ရွက်ကြမည်ဟု သန္နိဋ္ဌာန် ပြုထားသူများ ဖြစ်ပါသည်။ နိုင်ငံရေးသမား သည် အမြော်အမြင် ကြီးသင့်ပြီး၊ တိုင်းသူပြည်သား အကျိုးကို စိတ်ကောင်းစေတနာဖြင့် ကြိုးစား ဆောင်ရွက်သင့်ပါသည်။ ဆရာသည် တပည့်ကောင်းကျိုးကို အပင်ပန်းခံ၊ အနစ်နာခံ၊ အပြောခံ အဆိုခံ၊ အဝေဖန်ခံပြီး ဆောင်ရွက်ကြသကဲ့သို့ နိုင်ငံရေး သမားများသည်လည်း မိမိကို မုန်းမည် ချစ်မည်ကို မစိုးရိမ်ဘဲ တိုင်းပြည်နှင့် လူထုကောင်းစားရေးကို ဦးတည်ချက်ထား ဆောင်ရွက်သင့်ပါ သည်။

ဆရာကန်တော့ပွဲများတွင် ငယ်ဆရာကန်တော့ပွဲများထက် ကြီးဆရာ ကန်တော့ပွဲများကို သတင်း မီဒီယာများတွင် အတွေ့ရ များလေသည်။ အလုပ်အကိုင်နှင့် အဆင့်အတန်းတစ်ခုသို့ ရောက်ပြီးမှ တက်ရောက်ကြသော သင်တန်းကျောင်းထွက် တပည့်များ၏ ကြီးဆရာကန်တော့ပွဲများ မြိုင်ဆိုင်ကြသလို ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဝလုံးဝိုင်းအောင် အရေးသင်ခဲ့သည့် ငယ်ဆရာ ကန်တော့ပွဲများသည်လည်း ယခုထက် ပိုမို များပြားသင့်သည်။

မြန်မာ့နိုင်ငံရေး လောကတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ထောင်ကျတန်းကျနှင့် အသက် စွန့် အနစ်နာခံကာ တိုင်းပြည်နှင့်လူထု ကောင်းစားရေး ဆောင်ရွက်ခဲ့ကြသော အရိုးခံသက်သက် နိုင်ငံရေး သမားများ ရှိသကဲ့သို့ ပညာတတ်၊ ခေတ်မီ၊ အသိကြွယ်၊ နည်းစုံသုံး နိုင်ငံရေးသမား ကြီး၊ ငယ်၊ လတ် စသည့် နိုင်ငံရေးသမား လတ်လတ်ဆတ်ဆတ် နုသစ်သီများကိုလည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နီးချိန်တွင် တွေ့လာရသည်။

နိုင်ငံရေးသမား ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ နုသည်ဖြစ်စေ ရင့်သည်ဖြစ်စေ၊ ဂူအောင်း ဖြစ်စေ မိုးကျရွှေကိုယ် ဖြစ်စေ၊ တိုင်းပြည်တည်ဆောက်ရေးနှင့် လူထုကောင်းစားရေးအတွက်ခေတ်ပြောင်းခေတ်လွဲကာလဟု ဆိုထိုက်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာသုံးနာကို လက်ကိုင်ထားကာ မိမိကိုယ်ကျိုးကို ချိုးနှိမ်ပြီး တိုင်းပြည်နှင့် လူထုကို မျက်မှောက်ပြု၍ ဒီတစ်ကြိမ်တွင် အပြည့်အ၀ အားကုန်ထုတ် ကြိုးပမ်းသင့်ပေသည်။ ထိုသို့ သော ကြိုးစားမှုနှင့် ရိုးဂုဏ်ပြည့် နိုင်ငံရေးအာစရိများအား မဇ္ဈိမသည် ပူဇော်၏။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required