IS အဖွဲ့နှင့် ပတ်သက်၍ အထူးသတိထားလုပ်ဆောင်နေကြောင်း သမ္မတရုံးမှ ဦးဇော်ဌေးပြော

IS အဖွဲ့နှင့် ပတ်သက်၍ အထူးသတိထားလုပ်ဆောင်နေကြောင်း သမ္မတရုံးမှ ဦးဇော်ဌေးပြော
ဓာတ်ပုံ - EPA

ရန်ကုန်၊ ဧပြီလ ၂၇ ။         ။ အိုင်အက်စ် IS အကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ပစ်မှတ်ထားနေကြောင်း မလေးရှားရဲ ချုပ်က ယခုရက်ပိုင်းအတွင်း ပြောဆိုခဲ့မှုများရှိပြီး လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် အိုင်အက်စ် IS အဖွဲ့နှင့် ပတ်သက်၍ အထူးသတိထားလုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

အကြမ်းဖက်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တပ်မတော် အပါအဝင် အစိုးရပိုင်းမှ အထူးဦးစားပေးလုပ် ဆောင်နေပြီး အိုင်အက်စ် IS အကြမ်းဖက်အဖွဲ့၏ နည်းဗျူဟာ အခြေအနေများကို လေ့လာကာ ပြည်တွင်း၌ အထူးသတိထား လုပ်ဆောင်နေကြောင်း ဦးဇော်ဌေးက ဧပြီလ ၂၇ ရက်နေ့၊ နေပြည်တော်တွင် မီဒီယာ များမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"တစ်ချိန်တည်းမှာပဲ ပြည်ပကနေ ချိတ်ဆက်ပြီးတော့ ပြောဆိုဆက်သွယ်နေတာနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မပြတ်စောင့်ကြည့်ပါတယ်။ ဒီစောင့်ကြည့်မှုတွေလုပ်သလို မိတ်ဆွေနိုင်ငံတွေက နေပြီးတော့ သူ့နိုင်ငံမှာ အကြမ်းဖက်သမားပေါ့။ ဒီလိုလုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့သူတွေ ဖမ်းမိတဲ့အခါမှာ စစ်ကြောချက် တွေအရ ထွက်လာတဲ့ သတင်းအချက်အလက်တွေ ရပါတယ်။ ကျွန်တော်တို့ ပြောချင်တာကတော့ အစိုးရပိုင်း အနေနဲ့ နောက်တပ်မတော်လည်း ပါပါတယ်။ နောက် လုံခြုံရေးအဖွဲ့အစည်းတွေကတော့ ဒီအကြမ်းဖက် အန္တရာယ်ကို ကြိုတင်ကာကွယ်ရေးပေါ့နော်။ ဒါကိုတော့ အထူးဦးစားပေးပြီးလုပ်ပါတယ်" ဟု နိုင်ငံတော် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

အိုင်အက်စ် IS အကြမ်းဖက်အဖွဲ့မှာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် လက်ရှိတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်တို့ကို ပစ်မှတ်ထားနေပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နှင့် ဖိလစ်ပိုင်တောင်ပိုင်း ဒေသတို့ကို စစ်သွေးကြွဝင်ရောက်စေနိုင်ရန်အတွက် မလေးရှားနိုင်ငံ ဆာဘားပြည်နယ်မှ Tawau နှင့့် Sandakan ဒေသတို့ကို စုရပ်များအဖြစ် ရွေးချယ်သတ်မှတ်ထားကြောင်း မလေးရှားရဲချုပ် တန်ဆရီမိုးဟာ မက်ဖူဇီဟာရန် က ဧပြီလ ၂၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားထားခြင်းဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အကြောင်းပြုပြီး အကြမ်းဖက်များ၏  အာရုံစိုက်မှုမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ အထူးမြင့်မားလျက်ရှိနေပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားများ၏ ပစ်မှတ်တစ်ခုဖြစ် လာကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

" အိုင်အက်စ်လှုပ်ရှားမှုကဘာလဲဆိုတော့ ဟုမ်းဂရုန်းဆဲလ်တွေ သူတို့က မွေးတာဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ တော့ ပြည်တွင်းက အဓိကကျတယ်။ အပြင်ကနေဝင်လာတဲ့ အကြမ်းဖက်သမားတွေက ဒီပြည်တွင်းမှာရှိတဲ့ အစွန်းရောက်တွေနဲ့ ချိတ်ဆက်ပြီးတော့ လှုပ်ရှားတဲ့သဘောပေါ့။ သီရိလင်္ကာဖြစ်စဉ်ကို ကြည့်လိုက်ရင်လည်း အလားတူပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားသွားတဲ့ နိုင်ငံတွေကို ပြန်ကြည့်လိုက် ရင် သူတို့ကို အစွန်းရောက်စိတ်ပေါ့နော်။ ဒီလိုမျိုးအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာအောင် တွန်းအား ပေးတဲ့ဟာတွေ။ နောက် လိုအပ်တဲ့ နည်းပညာပိုင်း ဆိုင်ရာ စသဖြင့် အထောက်အကူတွေပေးတဲ့အခါမှာ ပြည်တွင်းက လူတွေနဲ့ ချိတ်ဆက်ပြီးတော့ အဓိက လုပ်သွားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြည်တွင်းကို အထူးဦးစားပေးရပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

"တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ အစွန်းရောက်အကြမ်းဖက်လိုစိတ် အဲဒါလေး နည်း ပါးသွားအောင်လို့လည်း လုပ်နေပါတယ်။ အဓိက အိုင်အက်စ်ရဲ့ နည်းဗျူဟာကို ပြန်ကြည့်လိုက်ရင် သက်ဆိုင်ရာနိုင်ငံကို သူ့အထဲမှာရှိတဲ့ ဆဲလ်ကိုမွေးပြီး ခြေကုပ်ယူပြီးတော့လုပ်တဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းမှာ တော်တော်လည်း သတိထားပြီးလုပ်နေပါတယ်လို့ ပြောချင်ပါတယ်"ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါ အိုင်အက်စ် အကြမ်းဖက်အဖွဲ့မှာ အီရတ်နှင့် ဆီးရီးယားတို့တွင် အကြီးအကျယ်ရှုံးနိမ့်နေခဲ့ပြီးနောက် လက်ရှိအချိန်တွင် အရှေ့တောင်အာရှဒေသကို ၎င်းတို့၏ လှုပ်ရှားဗဟိုဌာနအဖြစ် ဦးလှည့်လာလျက် ရှိကြောင်းလည်း မလေးရှားရဲချုပ်က ပြောဆိုထားမှုများရှိသည်။

အိုင်အက်စ်များ ဝင်ရောက်လာမည်ဟု မလေးရှား ရဲချုပ်ပြောဆိုထားသည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မြန်မာအစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ARSA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ယခုနှစ် ဧပြီလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်းလမ်းဆုံနှင့် လိပ်ရလမ်း ဆုံကြား၌ လုံခြုံရေးလိုက်ပါလာသော ရဲတပ်ဖွဲ့ပိုင်ယာဉ်တစ်စီးကို ARSA အဖွဲ့နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး  နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

ARSA အဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှ စတင်ပြီး လက်ရှိအချိန်ထိ တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required