လူမှုကွန်ရက်မှာ စော်ကားရေးသားခဲ့ခြင်းကြောင့် ဥရောပပွဲစဉ် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ နေမာ

လူမှုကွန်ရက်မှာ စော်ကားရေးသားခဲ့ခြင်းကြောင့် ဥရောပပွဲစဉ် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ နေမာ
Photos: EPA

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်အပြီး အင်စတာဂရမ် (Instagram) မှာ ဒိုင်လူကြီးကို စော်ကားဆဲဆိုတဲ့ စကားတွေ ဖော်ပြသွားခဲ့တာကြောင့် ယူအီးအက်ဖ်အေက ဥရောပပွဲစဉ် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဘရာဇီးကစားသမားက VAR စနစ်ကို သုံးပြီး ပင်နယ်တီအဖြစ် ဆုံးဖြတ်ချက်ချခဲ့တဲ့ ဒိုင်လူကြီး ဒါမီးလ် စကိုမီးနားကို ရည်ညွှန်းပြီး "ဂုဏ်သိက္ခာမရှိ"တဲ့ လုပ်ရပ်တစ်ခုလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။

ယူနိုက်တက်တို့ ၂-၀ ဂိုးနဲ့ ပထမအကျော့ရှုံးပွဲကနေ ပြန်လည်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာပြဿနာရှိနေတဲ့ နေမာက ပွဲကြည့်စဉ်ကနေ ကြည့်ရှုခဲ့ပါတယ်။

သူဟာ လာမယ့်ရာသီရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တစ်ဝက်လောက်ကို လွဲချော်သွားမှာဖြစ်ပါတယ်။

နေမာက ရပ်ရှ်ဖို့ဒ် သွင်းယူခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဟာ လက်ထိဘော မရှိခဲ့ပါဘူးလို့ ပြောပါတယ်။

ပြီးတော့ အသက် ၂၇ နှစ်အရွယ် နေမာက "ဒါဟာ ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ ဘောလုံးအကြောင်းနားမလည်တဲ့ လူ ၄ ယောက်က တီဗွီဖန်သားပြင်ရှေ့မှာ အနှေးပြကွက်နဲ့ ကြည့်ရှုခဲ့ပါတယ်။ သူ့ရဲ့နောက်ကလာတဲ့ ဘောလုံးဟာ ဘယ်လိုလုပ်ပြီး သူ့လက်နဲ့ ထိအောင်လုပ်နိုင်မလဲ။"လို့ ထည့်သွင်းရေးသားထားပါတယ်။

နေမာရဲ့ အဆိုပါလုပ်ရပ်တွေနဲ့ ပတ်သက်လို့ ယူအီးအက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒိုင်လူကြီးတွေကို ဆဲရေးစော်ကားခဲ့တဲ့ နေမာကို ဥရောပပွဲ ၃ ပွဲကို ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကင်ပမ်ဘေရဲ့ လက်မောင်းကို ဘောလုံးထိ၊ မထိကို ဒိုင်လူကြီးက VAR စနစ်နဲ့ ပြန်ကြည့်အပြီး နာကျင်အချိန်ပိုမှာ မန်ယူအသင်းကို ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ မန်ယူက ဒုတိယအကျော့ ၃-၁ ဂိုးနဲ့ အဝေးဂိုးစည်းမျဉ်းကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

နေမာဟာ ဒဏ်ရာကြောင့် ၃ လ အနားယူနေရာမှ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိုနာကို အနိုင်ရပြီး လီဂူ ၁ ချန်ပီယံအဖြစ် ပီအက်စ်ဂျီအသင်း အောင်ပွဲခံတဲ့ပွဲမှာ ဒုတိယပိုင်း လူစားဝင်ကစားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly