ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ် နောက် ၃၆ နာရီအတွင်း အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်မည်

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ် နောက် ၃၆ နာရီအတွင်း အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်မည်
ဓာတ်ပုံ -မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

ရန်ကုန် ၊ ဧပြီ ၂၇ ။                 ။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် နောက်ထပ် ၃၆ နာရီ အတွင်း အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ကူးပြောင်းရောက်ရှိနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းငယ်သည် လက်ရှိတွင် အားကောင်းသည့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနေပြီး နောက် (၁၂) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း နောက် (၃၆) နာရီ အတွင်း အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သို့လည်းကောင်း ကူးပြောင်းနိုင်သည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

မုန်တိုင်းသည် သီရိလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့ ၏  အရှေ့- အရှေ့တောင်ဘက် (၄၇၅) မိုင်ခန့် ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် (၆၈၅) မိုင်ခန့် အကွာ ရှိ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားမည်လည်း ဖြစ်သည်။

အဆိုပါ မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသောကြောင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အဝါရောင် အဆင့်သတ်မှတ်ထားသည်။

သို့သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းသည် မုန်တိုင်းစက်ကွင်းအတွင်း၌ ပါဝင်နေခြင်းကြောင့် မြန်မာ တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်သည်ဟု  မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေးထားသည်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းသည်လည်း မုန်တိုင်း၏စက်ကွင်းအတွင်း ကျရောက်နိုင်ပြီး၊ မြန်မာတစ်နိုင်ငံလုံး မိုးရွာဖွယ်ရာ ရှိနေပါတယ်။" ဟု ဧပြီ ၂၆ ရက် ည ၁၀ နာရီခွဲခန့်တွင် သူ့၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသား ပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် ပြည်တွင်းလေကြောင်းပျံသန်း‌ရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ ကြိုတင် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly