နိုင်ငံရေး လုပ်သူများ စည်းကမ်းနှင့်အညီ လုပ်ရမည်ဟု ကာကွယ်ရေး ဦးစီးချုပ် ပြော

နိုင်ငံရေး လုပ်သူများ စည်းကမ်းနှင့်အညီ လုပ်ရမည်ဟု ကာကွယ်ရေး ဦးစီးချုပ် ပြော

ရန်ကုန်၊ အောက်တိုဘာ ၅။   ။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သည့် လိုအပ်ချက်တစ်ခုဟု တပ်မတော်ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုကာ နိုင်ငံရေးလုပ်ရာတွင် စည်းကမ်းနှင့်အညီ လုပ်ဆောင်ရမည်ဟု ပြောဆိုလိုက်သည်။

အစိမ်းနုရောင် ဝတ်စုံသစ်ကို ဝတ်ဆင်ထားသော ကာကွယ်ရေး ဦးစီးချုပ်သည် အောက်တိုဘာ ၅ ရက် မွန်ပြည်နယ် ပြည်နယ်ခန်းမတွင် ရောက်ရှိ မိန့်ခွန်းပြောစဉ် ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေး လုပ်ဆောင်သူများသည် စည်းကမ်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်တွင် လူတိုင်းသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ ပြောဆို လုပ်ကိုင်ခွင့် ရှိကြောင်း၊ ဥပဒေ ကျော်လွန်လုပ်ကိုင်ပါက ထိခိုက်နိုင်ပြီး ဥပဒေနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယင်းကို သိရှိနားလည် လုပ်ကိုင်ခြင်းဖြင့် နိုင်ငံရေး တည်ငြိမ်မှုကို အထောက်အကူ ရမည်ဖြစ်ကြောင်း” ဟု ပြောဆိုသည်။

ငြိမ်းချမ်းရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသည်ဆိုသော ကာကွယ်ရေးစီးချုပ်သည် တိုင်းရင်းသားလက်နက်ကို ပဋိပက္ခများကို အကြောင်းပြုလျက် တပ်မတော်သည် လက်နက်အင်အား တိုးချဲ့နေသည်ဟူသည့် စွပ်စွဲချက်များကို မိန့်ခွန်းအတွင်း ငြင်းဆိုခဲ့သည်။

တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူအများ လုပ်ကိုင်စားသောက်နိုင်ရန် ကာကွယ်ရေး စွမ်းအားကို တည်ဆောက်နေခြင်းဟု ဆိုကာ “နိုင်ငံတော် ကာကွယ်ရေးအတွက် သင်တင့်သည့် ကာကွယ်ရေး စွမ်းပကား ရှိရန် တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ အင်အားကြီးနိုင်ငံများ အထင်အမြင်သေးစွာ ပြုမူပြောဆိုခြင်း မခံရစေရေး တည်ဆောက်သွားရမည်” ဟုလည်း သူက ဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အနာဂတ်အတွက် ပညာရေးသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဟုဆိုကာ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်သူများ လက်တွဲညီညီဖြင့် ပူးပေါင်း လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခမ်းမတွင် ပြုလုပ်သည့် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် မိသားစုများမှ လှူဒါန်းသည့် ကွန်ပျူတာ ၁၀ လုံးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သိန်း ၃၀၀ တို့ကိုလည်း ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ထံ ပေးအပ်လှူဒါန်းခဲ့သည်။

Ref: Senior General Min Aung Hlaing - Facebook

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly