နေပူပူ သောင်ပေါ်ပက်တင်ခံရ ငါးများ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၄ )

နေပူပူ သောင်ပေါ်ပက်တင်ခံရ ငါးများ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၄ )

အမှန်တကယ်တော့လည်း ဘယ်မြို့ဘယ်ရွာမဆို သူ့သက်ဆိုင်နောက်ခံသမိုင်းကိုယ်စီတော့ ရှိတတ်ကြတာချည်းပါပဲ။ ကွာခြားတာတစ်ခုကတော့ အဲဒီနောက်ခံသမိုင်းတွေမှာ မတူတဲ့မူ နှစ်ခု ရှိတတ်တာတွေ့ကြရပါတယ်။ တစ်ခုက ယုံကြည်ရခက်ခဲလှတဲ့ ဒန္တာရီဆန်တဲ့ သမိုင်းနောက်ခံများဖြစ်ကြပြီး နောက်တစ်ခုကတော့ ယုံကြည်ထိုက်ပြီး တကယ်ခိုင်မာတဲ့ သမိုင်းနောက်ခံများရယ်လို့ ကွဲပြားနေတတ်ကြပါတယ်။

ဥပမာ မကွေးတိုင်းအတွင်းက စေတုတ္တရာမြို့ကလေးဆိုရင် မြို့တည်သက်တမ်း ၉၀၀ ကျော်ရှိပြီဖြစ်တာရယ် မြို့ကိုတည်ထောင်ခဲ့တဲ့ မင်းသားတစ်ပါးရဲ့အမည်နဲ့ အဲဒီမင်းသားရဲ့ဖခင် ကျန်စစ်သားမင်းဖြစ်တယ်ဆိုတာကအစ အတိအကျ သမိုင်းသက်သေများနဲ့ မှတ်တမ်းတင်ထားနိုင်တာတွေ့ခဲ့ရပါတယ်။ ပုဂံနဲ့ခေတ်ပြိုင် မင်းသားတစ်ပါး ပိုင်စားခဲ့တဲ့မြို့အဖြစ် သိခဲ့ရပါတယ်။
နောက်တစ်ခုက ကျိုက်ထီးရိုးဘုရားဆိုရင်လည်း သူ့မှာယုံကြည်ရခက်ခဲတဲ့သမိုင်းနောက်ခံ ရှိနေပြန်ပါတယ်။ ဥပမာ တောပျော်ရသေ့တစ်ပါးနဲ့ နဂါးမနဲ့ညားပြီး ဥကြီးနှစ်ဥကနေပေါက်ဖွားတဲ့ မင်းသားတစ်ပါးက ကျိုက်ထီးရိုးဘုရားတည်ခဲ့တဲ့အကြောင်းဆိုတဲ့ ဒန္တာရီဆန်တဲ့ သမိုင်းနောက်ခံပါပဲ။

အခု ကျနော်တို့ရောက်နေတဲ့ အိမ်ရှေ့မြောင်ရွာကလေးအကြောင်းဆိုရင်လည်း စိတ်ဝင်စားဖို့ကောင်းပေမယ့် သူ့သမိုင်းနောက်ခံက ယုံကြည်ရ ခက်ခဲလှပါတယ်။ ကျနော်က ကျနော်တို့ညအိပ်တည်းခိုခွင့်ရတဲ့အိမ်ကလေးပေါ်မှာ ရွာက လူမှုရေးခေါင်းဆောင်တချို့ စုစည်းမိပြီထင်လို့ အိမ်ရှေ့မြောင်ရွာနဲ့ပတ်သက်တဲ့ နောက်ခံအကြောင်းအရာတွေရှိရင် ပြောပြပေးပါလို့ မေတ္တာရပ်ခံတဲ့အခါ အသက် ၅၀ ကျော်အရွယ် လူတစ်ယောက်ကို ရွာသားတွေက ၀ိုင်းပြီး ရှင်းပြပေးဖို့ ပြောကြပါတယ်။ သူ့နာမည်က ကိုထွန်းခင်လို့သိရပါတယ်။ ရွာသားတွေက တညီတညွတ်တည်း ကိုထွန်းခင်ကို ၀ိုင်းပြီး တိုက်တွန်းတဲ့အခါ ပထမတော့ ကိုထွန်းခင်က ရှက်ရွံ့ရွံ့ဖြစ်နေပါသေးတယ်။ ကျနော်က ပြောသာပြောပါ၊ သိသလောက်ပေါ့၊ ကျနော်တို့လည်း ဗဟုသုတရတာပေါ့လို့ အားပေးမှပဲ သူက အိမ်ရှေ့မြောင်ရွာကလေးရဲ့ သမိုင်းနောက်ခံတချို့ကိုပြောပြခဲ့ပါတယ်။

တချိန်တုန်းက ကျန်စစ်မင်းသားရဲ့ သားတော်တစ်ပါးဟာ ဖခမည်းတော်နဲ့ မသင့်မတင့်ဖြစ်လို့ ဖခင်က သတ်မည်လုပ်တဲ့အခါ နောက်လိုက်နောက်ပါအခြွေအရံတချို့နဲ့အတူ နောင်တချိန် “အိမ််ရှေ့မြောင်”လို့ အမည်တွင်လာမယ့် ဒီနေရာကို ထွက်ပြေးရောက်ရှိလာခဲ့တဲ့အကြောင်း အဲဒီ အိမ်ရှေ့မင်းသားလေး ခိုအောင်းခဲ့တဲ့နေရာကို အဲဒီအချိန်ကတည်းက “အိမ်ရှေ့မြောင်” ရယ်လို့ အမည်တွင်ခဲ့ကြောင်း၊ အဲဒီ အိမ်ရှေ့မင်းသားရဲ့ သမီးတော်လေး အရွယ်ရောက်လာတဲ့အခါ ရေကစား ရေချိုးဖို့ ရေကန်တစ်ခုတူးထားပေးရာနေရာဟာ နောင်အခါ ချောင်းရေနဲ့ နီးကပ်သွားခဲ့လို့ ရေလမ်းကြောင်းအပေါက်ကလေးတစ်ခုလိုဖြစ်လာရာက အခုအထိ “မင်းသမီးပေါက်”အဖြစ် အမည်တွင်ခေါ်ဝေါ်လျက်ရှိနေကြောင်းနဲ့ မနက်ဖြန်မနက် ကျနော်တို့ကို သူကိုယ်တိုင် စက်လှေနဲ့ လိုက်လံပြသမယ့်အကြောင်း ပြောပြသွားခဲ့ပါတယ်။

ကိုထွန်းခင် ပြောပြနေပုံကို ထောက်ရှုရင် ဒီသမိုင်းနောက်ခံဟာ လက်ခံယုံကြည်ဖို့ရာ ခက်ခဲလှပါတယ်။ ကျန်စစ်သားမင်းခေတ်ဟာ အလှမ်းကွာဝေးလွန်းလှတဲ့အပြင် ဒီနေရာတဝိုက်ကို ရှေးမင်းသားမင်းသမီး တပါးပါးရဲ့ အခိုင်အမာသမိုင်းအကြောင်းများနဲ့လည်း ဘယ်လိုမှမဆက်စပ်ပဲရှိနေတာရယ်ကြောင့် ဒီသမိုင်းနောက်ခံဟာ စိတ်ဝင်စားဖို့ကောင်းတာထက်ပိုပြီး ဘာမှမထူးခြားနိုင်ဘူးလို့ပဲ ကျနော် ယူဆပါတယ်။ ဒါပေမယ့် ထူးခြားတယ်လို့ထင်ရတဲ့အချက်ကတော့ အိမ်ရှေ့မြောင် ဆိုတဲ့ရွာအမည်နဲ့ မင်းသမီးပေါက် ဆိုတဲ့နေရာဒေသအမည်တွေကတော့ ထူးခြားနေတာ အမှန်ပါပဲ။

ဥပမာ အိမ်ကလေး လေးအိမ်လောက်နဲ့စပြီး ရွာတည်ခဲ့ရတာမို့ နောင်အခါ လေးအိမ်စုရွာရယ်လို့ဖြစ်လာတာမျိုး၊ တချိန်တုန်းက ကျိန်ပင်တောကြီးထူထပ်စွာပေါက်ရောက်ခဲ့တဲ့နေရာမှာ ရွာတည်ခဲ့ရာက ကျိန်တောမြောင်ရွာရယ်လို့ဖြစ်လာတာမျိုးက ယုံကြည်ဖို့ မခက်ခဲလှပေမယ့် အိမ်လေး ငါးဆယ်ကျော်လောက်ပဲရှိတဲ့ အိမ်ရှေ့မြောင်ရွာကလေးရဲ့ သမိုင်းနောက်ခံကြတော့ အလွယ်တကူလက်ခံယုံကြည်ဖို့ရာ အခက်အခဲရှိပါတယ်။ ဒါပေမယ့်လည်း အိမ်ရှေ့မြောင်ဆိုတဲ့ရွာနာမည်နဲ့ မင်းသမီးပေါက်ဆိုတဲ့နေရာတွေကို ဒီဒေသတဝိုက်က ယုံကြည်လက်ခံပြီး သုံးစွဲခေါ်ဝေါ်နေကြတာကတော့ ထူးခြားတဲ့အချက်တစ်ချက်ပါပဲ။

အိမ်ရှေ့မြောင်ရွာဟာ အိမ်ခြေဦးရေ ၅၀ ကျော်ပဲရှိပါတယ်။ ရွာရဲ့အခင်းအကျင်းက မြေပြန့်မဟုတ်ပါဘူး။ တောင်ခြေဆင်ခြေလျော ကုန်းမြေခတ်ကျဉ်းကျဉ်းပေါ်မှာ တည်ထားတာပါ။ ရွာဝင်ကာစနေရာ ကိုက်ငါးဆယ်လောက်အကွာအထိပဲ  မြေလမ်းရှိပြီး ကျန်တဲ့နေရာတွေကတော့ လူသွားလမ်း သုံးခုလောက်ပဲ အတက်အဆင်းလမ်းတွေချည်းပါပဲ။ စာသင်ကျောင်းက ရွာအလည်လောက်က ကုန်းမြင့်ပေါ်မှာ ကိုယ်ထူကိုယ်ထ ဆောက်ထားကြတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျောင်းဆရာတစ်ယောက် ရွာက ၀ိုင်းစုငှားရမ်းပြီး ကိုယ်ထူကိုယ်ထစာသင်ကျောင်း ထူထောင်ခဲ့ပါတယ်။
အိမ်ရှေ့မြောင်ရွာမှာ ရေတွင်းရေကန်ရယ်လို့ မရှိပါဘူး။ ဆည်ရေကိုပဲ သောက်ရေကော သုံးရေအဖြစ်ပါ အသုံးပြုကြရပါတယ်။ အိမ်သာရယ်လို့ အနည်းငယ်ခိုင်ခိုင်မာမာ သုံးလေးခုသာရှိပြီး အပေါ့အလေးကို အဆင်ပြေသလိုပဲ သွားလာနေကြရဆဲပါ။ စိုက်ပျိုးမြေ ကျယ်ကျယ်ပြန့်ပြန့်မရှိလို့ ဟင်းသီးဟင်းရွက်လည်း ရှားပါးလှပါတယ်။ ဆည်ထဲက ရတဲ့ ငါးကိုပဲ အဓိက ဟင်းလျာအဖြစ် စားသုံးကြရပါတယ်။ အိမ်ဆိုင်လေး နှစ်ခုရှိပြီး အဲဒီ အိမ်ဆိုင်နှစ်ခုသည်ပင်လျင် ဒီရွာရဲ့ အဓိကမှီခိုအားထားရာ စျေးဆိုင်သဘောပါပဲ။

အိမ်ရှေ့မြောင်ရွာဟာ မြို့ပြနဲ့ မဝေးပါဘူး။ အုတ်တွင်းမြို့နဲ့ဆိုရင် တစ်နာရီလောက် ကားစီးရင်ရောက်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ကတ္တရာကားလမ်းလည်း ပေါက်ပါတယ်။ ဒါပေမယ့် ယခင် အိမ်ရှေ့မြောင် ရွာဟောင်းတုန်းကတော့ မြို့ကိုရောက်ဖို့ရာ ညအိပ်လာမှရတဲ့ရောဖြစ်ခဲ့ပါတယ်။ ခြေလျင်ခရီးကလွဲ တခြားလမ်းလည်း မရှိခဲ့ပါဘူး။ ဆည်ကြီးတည်ဆောက်လို့ ယခုလက်ရှိနေရာမှာ ရွာတည်ပြန်တော့လည်း အကွာအဝေးအားဖြင့် အုတ်တွင်းမြို့ကိုပေါက်တဲ့ ကတ္တရာကားလမ်းနဲ့ တစ်နာရီကျော် ခြေလျင်ခရီးသာဝေးပေမယ့် အဲဒီကတ္တရာကားလမ်းက မြင့်မားတဲ့ ပဲခူးရိုးမတောင်ကြောပေါ်မှာရှိပြီး အိမ်ရှေ့မြောင်ရွာကတော့ အဲဒီတောင်ကြောအောက် မတ်စောက်လှတဲ့ တောင်ကြောအတိုင်း ခြေလျင်ဆင်းမှရတဲ့ ခက်ခဲတဲ့လမ်းတစ်ခုသာ အားကိုးနေရပါတယ်။ အတိုချုုံးရရင် ဆက်သွယ်ရေးအခက်အခဲကြီးလှတဲ့ ရွာဖြစ်ခဲ့တာမို့ ပညာရေး ကျန်းမာရေးအခြေအနေတွေဟာ ဆိုးဝါးနိမ့်ကျခဲ့ရရှာပါတယ်။

ဒီလိုအခြေအနေကို သက်သေပြပါလို့ပြောရင် အိမ်ရှေ့မြောင်ရွာမှာ အခုထက်ထိ ရာအိမ်မှူးတစ်ဦးသာ စာတတ်သူဖြစ်ပြီး တရွာလုံး ဘယ်သူမှ စာတတ်သူမရှိကြဘူးဆိုတဲ့ အဖြစ်ဟာ အထင်ရှားဆုံးသက်သေပါပဲ။ ဒါတောင်မှ အဲဒီ စာတတ်ပါတယ်ဆိုတဲ့ ရာအိမ်မှူးဆိုတာကလည်း အတန်းပညာတတ်မဟုတ်ရှာပဲ ကျွဲပွဲမြို့ စိတ္တသုခဘုန်းတော်ကြီးကျောင်းမှာ ရဟန်းဘောင်တက်တဲ့အထိ နေထိုင်ခဲ့သူဖြစ်တာမို့ စာရေးစာဖတ်တတ်သူဖြစ်လာခဲ့တာပါ။

အိမ်ရှေ့မြောင်ရွာကလေးအကြောင်း ၀ိုင်းဝန်းပြန်ပြောခဲ့ကြတာကို နိဂုံးချုပ်ရရင် သူတို့ဘဝဟာ နေပူပူအောက် ပူပြင်းလှတဲ့သောင်ပြင်ပေါ် လှေပေါ်က ပစ်တင်ပက်တင်ခြင်းခံရတဲ့ ငါးတွေရဲ့အဖြစ်မျိုးပါပဲဗျာ လို့ဆိုတဲ့ ရွာသားတစ်ယောက်ရဲ့စကားက ကျနော့်နားထဲ စွဲနေခဲ့ပါတယ်။       ။

ဆက်လက်ဖတ်ရှုပါရန်….။

 

 

Mizzima Weekly