ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် မျှော်လင့်သလိုဖြစ်မလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် မျှော်လင့်သလိုဖြစ်မလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဗန်းမော်၊ အောက်တိုဘာ ၅ ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး မပါဘဲ ယခုလအတွင်း အပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးရန်ရှိနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည် မျှော်လင့်သလို ဖြစ်မလာခဲ့ဟု ကချင်ပြည်နယ်၊ ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ပြည်သူတွေလည်း ကြားပြီးပြီလို့ ထင်ပါတယ်။ ကျွန်မတို့ အစကမျှော်လင့်သလို လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်မှာမဟုတ်ပါဘူး။ တစ်ဝက်မပြည့်တစ်ပြည့်တော့ ပါဝင်မယ်လို့ နားလည်ပါတယ်။ အဲ့တော့ ဒီလုပ်ငန်းတွေကလည်း မပြီးပြတ်သေးဘူးလို့ ပြောရမှာပေါ့။ ဒါလည်း ပြီးစီးအောင်လုပ်ရမယ်။ ကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့် မန်စီမြို့နယ်နှင့် မြို့နယ်ချင်း ထိစပ်နေသော ဗန်းမော်မြို့၊ မဟာသိမ်တော်ကြီး ဘုန်းကြီးကျောင်းအတွင်း အောက်တိုဘာ ၅ရက်၊ ညနေပိုင်းက ပြုလုပ်သည့် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင် ၁၅ဖွဲ့ကို အစိုးရက ဖိတ်ခေါ်ထားသော်လည်း ၇ဖွဲ့ကသာ ယခုလ ၁၅ရက်တွင် နေပြည်တော၌ လက်မှတ်ရေးထိုးမည်ဖြစ်ပြီး အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ရန်လည်း ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် နည်းလမ်းနှစ်မျိုးဖြစ်သော နိုင်ငံရေးနည်းလမ်း၊ လူမှုရေးနည်းလမ်းတို့ဖြင့် လုပ်ဆောင်ရမည်ဟု ဆိုသည်။ နိုင်ငံရေးနည်းလမ်းကို အစိုးရက ဦးဆောင်ရမည်ဟု သူက ပြောသည်။

“အဲ့ဒါနဲ့ပတ်သက်လို့ ၂၀၁၂ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ မဝင်ခင်ကတည်းက ကျွန်မတို့ အစီအစဉ်တွေ ချမှတ်ခဲ့ပါတယ်။ ပထမဆုံး ပထမအဆင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ရယူရမယ်။ ဒုတိယအဆင့်က ငြိမ်းချမ်းရေးညီလာခံလုပ်ရမယ်။ တတိယအဆင့်က စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အာမခံမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ရေးဆွဲရမယ်။ ဒါက နိုင်ငံရေးနည်းလမ်းပါ။ အဲ့တော့ နိုင်ငံရေးနည်းလမ်းကတော့ တက်တဲ့အစိုးရကသာ လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ဗန်းမော်မြို့ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူမှုရေးနည်းလမ်းမှာမူ အစိုးရတစ်ခုတည်းက လုပ်ဆောင်၍ မရနိုင်ဘဲ ပြည်သူအချင်းချင်းက အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများဖြင့် ရင်းနှီးချစ်ကြည်မှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းရမည်ဟု ဆိုသည်။

သို့သော် “အချင်းချင်းကြားမှာ ယုံကြည်မှုအင်မတန်နည်းနေတာဟာ အဲ့ဒါက ပြဿနာ။ တစ်ယောက်က တစ်ယောက်ကို မယုံဘူး။ မယုံတဲ့အခါကျတော့ သံသယနဲ့ကြည့်တယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှုမရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ ဟောပြောပွဲတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပြင် ဒေသခံများမေးမြန်းသော လူမျိုးရေး၊ ဘာသာရေးနှင့်ပတ်သက်သည့် မေးခွန်းများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြာခဲ့သေးသည်။

နိုင်ငံသားမဟုတ်သူများ နိုင်ငံသားလက်မှတ်ကိုင်ဆောင်ပြီး မြန်မာနိုင်ငံတွင် နေထိုင်နေမှုများအပေါ် NLDပါတီ အစိုးရတက်လာပါက မည်ကဲ့သို့ ကိုင်တွယ်လုပ်ဆောင်မည်နည်းဟု ဒေသခံတစ်ဦး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင်နေရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဆင်မပြေလို့ရှိရင် အိမ်ပြောင်းသလို ပြောင်းသွားလို့မရဘူး။ ဒီမှာပဲ နေရမှာပဲ။ ဒီမှာပဲနေရမှာပဲဆိုတော့ အဆင်ပြေအောင် နေရမှာပဲ။ ဒါပေမယ့် ကျွန်မတို့နိုင်ငံ အချုပ်အခြာအာဏာပိုင်မှုနဲ့ ကျွန်မတို့ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးရေးနဲ့ ကျွန်မတို့ သေသေချာချာကာကွယ်ထားရမယ်လို့ ကျွန်မပြောချင်ပါတယ်” ဟု ပြန်ဖြေခဲ့သည်။

ထို့ပြင် ဒေသခံ သံဃာတော်တစ်ပါးကလည်း ပြီးခဲ့သည့်နှစ်များက လူမျိုးရေးပဋိများဖြစ်ပွားရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဟု ပုတ်ခတ်ပြောဆိုနေမှုအပေါ် မေးမြန်းခဲ့ရာ “တပည့်တော်မမှာ ဒီလောက်တောင်မှ ဩဇာတွေ၊ အာဏာတွေရှိရင် ဒီနိုင်ငံ ဒီလို မဆင်းရဲနေပါဘူး။ အဲ့လိုလုပ်နိုင်တဲ့ ဩဇာနဲ့အာဏာလည်း လုံးဝမရှိပါဘူး။ အဲ့ဒီလို ဩဇာရှိလာရင်လည်း အဲ့ဒီလိုပုံစံနဲ့မသုံးပါဘူးလို့ တပည့်တော်မအနေနဲ့ ရဲရဲကြီး ကတိပေးနိုင်ပါတယ်” ဟု ပြန်ဖြေခဲ့သည်။

ဒေသခံလူဦးရေ သောင်းချီတက်ရောက်သည့် ဗန်းမော်မြို့ဟောပြောပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ် ၄ရက်မြောက်ဖြစ်ပြီး အောက်တိုဘာ ၆ရက်တွင်မူ မိုးမောက်မြို့တွင်ဟောပြောပြီးနောက် သူ၏ ကချင်ပြည်နယ်ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly