ကမ္ဘာ့ဆရာများနေ့ပွဲ ကိုယ်တိုင်အစီအစဉ်ဖြင့်ကျင်းပသည့် ဆရာ၊ ဆရာမများ ခွင့်မရဟုဆို

ကမ္ဘာ့ဆရာများနေ့ပွဲ ကိုယ်တိုင်အစီအစဉ်ဖြင့်ကျင်းပသည့် ဆရာ၊ ဆရာမများ ခွင့်မရဟုဆို

မန္တလေး၊ အောက်တိုဘာ ၅ ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်က ပြုလုပ်သော ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် တက်ရောက်လာသော မြန်မာတစ်နိုင်ငံတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများသည် ပညာရေးဌာနများတွင် တပ်မတော်က ဝင်ရောက်၍ နေရာယူနေခြင်းကို ကန့်ကွက်သည့်အနေဖြင့် အစိမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီတွင် ၂၆လမ်းနှင့်၂၇လမ်းကြား ၆၄ လမ်းပေါ်ရှိ Oriental House တွင်ပြုလုပ်ခဲ့သည်။

အဆိုပါအစိမ်းရောင်ဖဲကြိုးလှုပ်ရှားမှုအား ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသုတက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ အနေနဲ့ အခုလိုစစ်တပ်က မိုးကျရွှေကိုယ်တွေ နေရာဝင်ယူမှုကို ကန့်ကွက်တယ်။ ဒါကြောင့် ဒီနေ့လှုပ်ရှားမှုကို စတာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော်တို့အဖွဲ့ဝင်တွေ ဦးဆောင်ပြီး ကျောင်းတိုင်မှာ လှုပ်ရှားသွားပါမယ်။" ဟု ဦးသုတ ကပြောသည်။

အဆိုပါ ဖဲကြိုးစိမ်းလှုပ်ရှားမှုအား ဆရာ၊ ဆရာမများအဖွဲ့ချုပ် အဖွဲ့ဝင်များရှိသည့် ကျောင်းများတွင် လှုပ်ရှားသွားမည် ဟုဆိုသည်။

ထို့အပြင် ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ရန်ကုန်၊ မကွေး၊ မုံရွာ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပြည်၊ ရေနံချောင်းနှင့် မန္တလေးစသည်တို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမ ၁၀၀ ဦးကျော် တက်ရောက်သည်။

တက်ရောက်လာသော ရုက္ခဗေဒပါမောက္ခ ဒေါက်တာစိုးဝင်းက "ဆရာမရှိရင် ကမ္ဘာမရှိဘူး။ ဆရာဆိုတာပြုပြင်တဲ့သူ အဖျက်သမားမဟုတ်ဘူး။ ပညာရေးဌာနမှမဟုတ်ဘူး။ ဘယ်ဌာနမှ စစ်တပ်ကမဝင်သင့်ဘူး။"ဟု ပြောသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒေါက်တာ တင်နွှဲ့ရီကလည်း "ပညာရေးတိုးတက်ဖို့ တက်ညီလက်ညီ လုပ်ဖို့လိုတယ်။အခုအစိုးရသက်တမ်း ငါးနှစ် ကုန်တော့မယ်။ ပညာရေးအတွက် ဘာမှပြောင်းလဲမလာဘူး။ ဒါကြောင့် ပညာရေးကို ပြောင်းလဲပေးမယ့် အစိုးရကို အလိုရှိပါတယ်။"ဟု ပြောသည်။

ကချင်ပြည်နယ်မှ လာရောက်သည့် မူလတန်းကျောင်းအုပ် ဒေါ်စောနန္ဒာဦး ကလည်း "ပညာရေးက ကျွန်မတို့ အခြေခံပညာရေးက ပိုအရေးကြီးပါတယ်။ အခုကျွန်မတို့ဆီမှာဖြစ်နေတာက ကျက်တဲ့စနစ် (အလွတ်ကျက်မှတ်စနစ်)နဲ့ အတန်းတက်ရဖို့အတွက်ပဲ သင်နေရတယ်။ လွတ်လပ်စွာသင်ကြားခွင့်မရှိသလို ကလေးတွေကိုလည်း လွတ်လပ်စွာတွေးခေါ်ခွင့်မပေးဘူး။ အမိန့်ပေးစနစ်နဲ့ ပုံစံခွက်နဲ့သွားရတယ်။ ဒီလိုတွေဖြစ်တာဟာ စစ်တပ်က ပညာရေးအဖွဲ့တွေမှာ ပါဝင်နေလို့ပဲ။ ဒါကြောင့် အခုလို စစ်တပ်က ဝင်ပြီးနေရာယူတာကိုလက်မခံဘူး။"ဟု ပြောသည်။

ကမ္ဘာ့ဆရာများနေ့သို့ တက်ရောက်လာသော ဆရာ၊ဆရာမ အများစုသည် သက်ဆိုင်ရာကျောင်းများမှ ခွင့်မပေးခြင်းကြောင့် ခွင့်မဲ့ဖြင့်လာရောက်ကြသည်ဟုလည်း တက်ရောက်လာသူများကဆိုသည်။

မုံရွာမှလာရောသည့် ဆရာမ ဒေါ်ဆွေဇင်ဝင်းက "ဆရာများနေ့ကို သွားဖို့ခွင့်တင်တာမပေးဘူး။ ဆရာများနေ့ကို ဆရာတွေမတက်ရတော့ဘူးလား။ အခုလိုထိန်းချုပ်မှုတွေ မလုပ်သင့်ပါဘူး။"ဟုပြောသည်။

အဆိုပါပွဲသို့တက်ရောက်ကြသောဆရာများသည် ဆရာဆရာမအဖွဲ့ချုပ်ဝင်များဖြစ်နေခြင်းကြောင့် ခွင့်မပေးခြင်းဖြစိသည်ဟုလည်း တက်ရောက်သူများကသုံးသပ်ကြသည်။

မြန်မာနိုင်ငံဆရာဆရာမများအဖွဲ့ချုပ်မှ ကမ္ဘာ့ဆရာများနေ့တွင် ဆရာ၊ဆရာမများ၏ လူမှုဘဝနှင့်ပညာရပ်စွမ်းရည်များကို မြှင့်တင်ပေးရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဆရာ၊ကျောင်းသားနှင့် ပြည်သူတို့ လက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ဖမ်းဆီးခံခဲ့ရသော ကျောင်းသားနှင့်ပြည်သူတို့ကို အမျိုးသားရင်ကြားစေ့ရေး အလို့ဌာ အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အား တိုက်တွန်းလိုက်ပါကြောင်း အပါအဝင် အချက်ငါးချက်ကို ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် လာမည့် နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတစွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်မှ လေးလေးနက်နက် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly