အဖွဲ့အားလုံးမပါဘဲ အပစ်ရပ်လက်မှတ်ထိုးမည့် ကရင်ခေါင်းဆောင်တွေအတွက် စိုးရိမ်ဟု ကရင်အဖွဲ့အစည်းထုတ်ပြန်

အဖွဲ့အားလုံးမပါဘဲ အပစ်ရပ်လက်မှတ်ထိုးမည့် ကရင်ခေါင်းဆောင်တွေအတွက် စိုးရိမ်ဟု ကရင်အဖွဲ့အစည်းထုတ်ပြန်

ချင်းမိုင်၊ အောက်တိုဘာ ၅။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) ကို ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ အပါအဝင် လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့လက်မှတ်ရေးထိုးခြင်း လုပ်ဆောင်နေမှုအပေါ် ပြည်တွင်းပြည်ပ ကရင်လူမှု့အဖွဲ့အစည်များက သံသယဖြစ်ကြောင်း ကရင်လူမှုအဖွဲ့အစည်း ၄၁ဖွဲ့က စုပေါင်း သဘောထား ထုတ်ပြန်လိုက်သည်။

အန်စီအေဆိုင်ရာ ဆွေးနွေးမှုများသည် နိုင်ငံရေးဆွေးနွေးပွဲအတွက် လမ်းစဖြစ်သည်ဟု ၎င်းတို့အနေဖြင့် အယုံအကြည်မရှိကြောင်း အောက်တိုဘာ ၄ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက အန်စီအေကို လက်မှတ်ရေးထိုးခြင်းမရှိဘဲ ၇ ဖွဲ့သာ လက်မှတ်ရေးထိုးသဖြင့် ကရင်လူထုအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဟု ခေါ်ဆို၍ မရကြောင်း သြစတေးလျနိုင်ငံ ကရင်အဖွဲ့အစည်းမှ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတကာ ကရင်အဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူ မန်းအောင်လဲ(န်)ဒိုက မဇ္ဈိမကို ပြောသည်။

“တိုင်းရင်းသားတွေ ညီလာခံမှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်။ အခုက ၇ ဖွဲ့သာ ခွဲပြီး သွားထိုးမယ်။ ကျန်တဲ့အဖွဲ့တွေ မထိုးသေးဘူး ပြောနေတဲ့အပေါ်မှာ ပထမက အဆင်သင့် မဖြစ်သေးတဲ့အဖွဲ့တွေက မထိုးသေးရင် နေပါစေ၊ အဆင်သင့်ဖြစ်တဲ့ အခါကြရင် ကျန်တဲ့အဖွဲ့တွေ ထိုးတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာကြတော့ အားလုံး ပါဝင်မယ်လို့ ဦးအောင်မင်း ကိုယ်တိုင်ပြောခဲ့တယ်။ ဒါပေမဲ့ အခုလက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေက နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ လေ့လာသူ အဖြစ်ပဲ တက်ရမယ် ဆိုတဲ့ဟာမျိုးက အခုတမျိုး၊ နောက်တမျိုး အမျုးိမျိုးပြောနေခြင်းဟာ ယုံကြည်စရာလုံးဝမဖြစ်ဘူး။ သံသယ အများကြီးရှိလာတယ်”ဟု ၎င်းက ပြောသည်။
 
ထို့ပြင် တိုက်ပွဲများ လျော့နည်းသွားခြင်းမရှိဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပိုမိုပြင်းလာခြင်းကလည်း အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိတ်စေတနာ မှန်ကန်ရဲ့လားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဆိုသည်။

“အစိုးရက ပြီးခဲ့တဲ့ မြန်မာအစိုးရ ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ မီးစတဖက် ရေမှုတ်တဖက်ဆိုတဲ့ အဲဒီစနစ်ကိုပဲ ဆက်လက် သုံးနေတယ်လို့ ကျနော်တို့မြင်တယ်”ဟု သူက ဆက်ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ပူးပေါင်းရေးသားမှုဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီစာချုပ်သည် ပြည့်စုံမှုမရှိခဲ့သော်လည်း တည်တံ့ခိုင်မြဲသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ ဦးတည်ခေါ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့အခြေအနေတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရကြောင်း ကရင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း၊ အားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်မှုမရှိခြင်းနှင့် ကချင်နှင့် ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုများနှင့် အင်အားတိုးမြှင့် လှုပ်ရှားလာမှုများ မရပ်တန့်နိုင်သေးသည်ကိုလည်း ဝေဖန်ထောက်ပြထားသည်။

ထို့ပြင် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်များတွင် ပြုလုပ်ခဲ့သော တိုင်းရင်းသား ထိပ်သီးအစည်း အဝေးအပြီး ရလဒ်ကို ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်အချို့က (KNU) ဗဟိုကော်မတီအပြင် (KNLA) စစ်ဌာနချုပ်သို့ ချပြ၍ အများသဘောထားရယူရမည် ဖြစ်သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း မရှိဘဲ ရန်ကုန်မြို့သို့ သွားရောက်ခဲ့မှုအပေါ် ယုံကြည်မှု လျော့နည်းလာသည်ဟု မန်းအောင်လဲ(န်)ဒိုက ပြောသည်။

“ဒီခေါင်းဆောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ စိတ်ဆင်းရဲရတယ်။ ကျနော်တို့ ကရင်လူထုတွေရဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ကျနော်တို့ ဆွဲခေါ်သွားနိုင်မယ့် အလားအလာရှိတဲ့ ခေါင်းဆောင်ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ သံသယ ဖြစ်နေလို့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရတာ ဖြစ်ပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းတို့လုပ်ဆောင်မှုသည် ကေအန်ယူနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ချမှတ်ထားသည့် တရားဝင် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း၊KNU ခေါင်းဆောင်များအနေဖြင့် အလောတကြီး လုပ်ဆောင်ခြင်း မပြုဘဲ ကိုယ့်ကရင်လူထု၏ သဘောထားများ ရယူ၍ တဆင့်ချင်း လုပ်ဆောင်ရန်နှင့် ယခုတကြိမ် အပစ်အခတ် ရပ်စဲရေးသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား ပြဿနာကို အစိုးရ အဆက်ဆက်နှင့် ညှိနှိုင်းဆွေးနွေး၍ အဖြေရှင်သင့်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

NCA လက်မှတ်ရေးထိုးရန် အစိုးရနှင့် KNU အပါအဝင် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက် ရေး ပါတီ(ALP)တို့ ၇ ဖွဲ့မှ ကိုယ်စားလှယ်များ အောက်တိုဘာလ ၄ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly