ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water

ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

ပိန်မှ လှတယ်လို့ ထင်ကြတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေအပြင် ယောက်ျားလေးတွေကပါ ပိန်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာလည်း ခေတ်ရဲ့ ရေစီးကြောင်းမှာ လိုက်ပါစီးမျောနေကြတဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အရာတွေထဲက တစ်ခုပါပဲ။

အလှအပအနေနဲ့ မကြည့်ပဲ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အဝလွန်ခြင်းဟာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ အလွယ်တကူဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ ဆီးချို၊ သွေးတိုးအပြင် ကင်ဆာရောဂါ တစ်ချို့ပါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ အလှအပရေးရာအတွက်ဆိုရင်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု နည်းလာနိုင်တယ်။ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်တယ်။

နောက်ပိုင်း ကိုယ်အလေးချိန် ကျလိုသူတွေကြားမှာ ရေပန်းစားလာတဲ့ အရာကတော့ Detox Water လို့ ခေါ်တဲ့ ရေတစ်မျိုးပါပဲ။ မိန်းကလေးတွေကတော့ ကိုယ်အလေးချိန်ကျဖို့ သက်သက်နဲ့ သောက်သုံးကြပေမယ့် တကယ်တမ်းမှာတော့ လူတွေ ထင်မထားမိတော့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ များစွာ ရှိနေတာကို သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။
Detox Water ဆိုတာ ဘာလဲ။

သဘာဝရေသန့်ကို လတ်လတ်ဆတ်ဆတ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ဆေးမြစ်တွေနဲ့ ရောပြီးစိမ်ထားတဲ့ ရေဖြစ်ပါတယ်။ သစ်သီးစိမ်ထားတဲ့ ရေ၊ သစ်သီးအရသာနဲ့ ရေလို့လည်း ခေါ်ကြပါတယ်။

အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ ရပြီး ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံ၊ ဟင်းသီးဟင်းရွက် မျိုးစုံနဲ့ ရောပြီး စိမ်ထားလို့ ရပါတယ်။ ပုံမှန် သစ်သီးဝလံကို ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်မျိုး မဟုတ်ပဲ စိမ်ထားတာ ဖြစ်တဲ့အတွက် ကယ်လိုရီ ပါဝင်မှု ပိုနည်းပြီး အဆိပ်အတောက်တွေ ပြေစေပါတယ်။

စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အအေး၊ အချိုရည်တွေအစား သစ်သီးစိမ်ထားတဲ့ Detox Water ကို အစားထိုးပြီး သောက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အာနိသင်ကို ရရှိနိုင်ပါတယ်။
Detox Water ကို ဘယ်လို လုပ်မလဲ။

အိမ်မှာ အလွယ်တကူ လုပ်လို့ ရပြီး ကိုယ်ကြိုက်နှစ်သက်ရာ သစ်သီးမျိုးစုံကို လှီးစိတ်ကာ ရေပူ သို့မဟုတ် ရေအေးထဲ ထည့်စိမ်ထားပါ။ ပါဝင်တဲ့ အမယ်ပစ္စည်းများလေ အရသာ ပိုရှိမှာ ဖြစ်ပါတယ်။

အေးအေးလေး သောက်ချင်ရင် ရေခဲသေတ္တာထဲမှာ ၁နာရီကနေ ၁၂နာရီထိ ထားပေးလို့ ရပြီး စိမ်ထားတဲ့ သစ်သီးနဲ့ ရေရဲ့ အရသာကို ပိုကောင်းစေနိုင်ပါတယ်။ ရေခဲသေတ္တာထဲက ထုတ်ပြီးသွားရင် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ဖယ်ထုတ်ပေးပါ။ ပျော့ပြီး အရည်ပျော်သွားနိုင်တာကြောင့်ပါ။

အချိန်သိပ်မပေးနိုင်ရင် သစ်သီးတွေကို အရင် ကြိတ်ချေပြီး ရေထဲ ထည့်စိမ်ပေးပါ။
Detox Water ထဲ အများဆုံး ထည့်စိမ်တတ်ကြတဲ့ သစ်သီးတွေက ဘာတွေလဲ။

၁။ သခွားသီး နှင့် ပူစီနံ

၂။ သံပရိုသီး နှင့် ချင်း

၃။ ဘလက်ဘယ်ရီသီး နှင့် လိမ္မော်သီး

၄။ ဖရဲသီး နှင့် ပူစီနံ

၅။ လိမ္မော်သီး နှင့် သံပရိုသီး

၆။ သံပရိုသီး နှင့် သံပရာသီး

၇။ စတော်ဘယ်ရီသီး နှင့် ပင်စိမ်း

၈။ ပန်းသီး နှင့် သစ်ကြံပိုးခေါက် တွေဟာ လူတွေ အများဆုံး တွဲဖက် စိမ်တတ်ကြတဲ့ သစ်သီးတွေပဲ ဖြစ်ပါတယ်။
Detox Water ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

၁။ ကိုယ်အလေးချိန်ကို ကျစေတယ်။

၂။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ပြေစေတယ်။

၃။ အစာခြေစနစ်ကို ကောင်းမွန်စေတယ်။

၄။ pH level ကို ထိန်းညှိပေးနိုင်တယ်။

၅။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

၆။ စိတ်ကြည်လင်လန်းဆန်းစေတယ်။

၇။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။

၈။ အသားအရေ ကြည်လင်ဝင်းပစေတယ်။

၉။ ရေဓာတ်မခမ်းခြောက်စေဖို့ ကူညီပေးတယ်။

Detox Water ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ရေဖြစ်ပေမယ့် ရေအစားထိုးအနေနဲ့တော့ မသောက်သုံးသင့်ပါဘူး။ တစ်နေ့ ပုံမှန် ရိုးရိုးရေသန့် အနည်းဆုံး ၂ လီတာခန့် သောက်ပေးဖို့တော့ လိုအပ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required