နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တရုတ်က ယွမ်သန်း (၁၀၀၀) ကူညီမည့်ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေး

By CGTN/ State Counsellor Office
25 April 2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တရုတ်က ယွမ်သန်း (၁၀၀၀) ကူညီမည့်ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေး

ဧပြီ ၂၅ ။      ။ ပေကျင်းမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့ ဧပြီ ၂၄ ရက်က တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ တွေ့ဆုံစဉ် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရေး၊ အဆိုပါ အစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝများကို မြှင့်တင်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူအညီပေးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးနှင့် တရုတ်အစိုးရမှ အကူအညီပေးရေးကိစ္စရပ်များ၊  ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းပြန်ကြားရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်အစိုးရမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ် သန်း (၁၀၀၀) အကူအညီပေးမည့်ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်က ပံ့ပိုးကူညီသွားမယ်ဆိုပြီးတော့လည်း တရုတ်သမ္မတက ထုတ်ဖော်ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း တရုတ်သမ္မတက ချီးကျူးသွားပြီး ဆက်လက်ပြီးတော့လည်း နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနဲ့ အတူတကွလုပ်ဆောင်သွားဖို့ တရုတ်ဘက်က ဆန္ဒရှိတယ်လို့ ပြောသွားပါတယ်။

အဆိုပါ နယ်စပ် တည်ငြိမ်အေးချမ်းရေး ပူးပေါင်းထိန်းသိမ်းဖို့ တရုတ်နဲ့အတူတကွလုပ်ဆောင်သွားမယ်လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပြုသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တရုတ်ရဲ့ အားပေးပ့ံပိုးမှုများကို အသိအမှတ်ပြုပါကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအတွက် မြန်မာဘက်ကလည်း ထောက်ခံအားပေးပါကြောင်း၊ ဒီပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းသာမက တစ်ကမ္ဘာလုံးရဲ့ ကောင်းကျိုးအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly