နွေရာသီမှာ ရေဓာတ်ခန်းခြောက်မှု မဖြစ်စေဖို့ ကာကွယ်မယ်

နွေရာသီမှာ ရေဓာတ်ခန်းခြောက်မှု မဖြစ်စေဖို့ ကာကွယ်မယ်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

  

ခုရက်ပိုင်း ရာသီဥတုက အရမ်းပူတယ်နော်။ ဒီလိုမျိုး ရာသီဥတုပူပြီဆိုရင် လူတော်တော်များများ ခေါင်းမူးခေါင်းကိုက်တာ၊ မူးဝေပြီး အန်ချင်သလို၊ ခြေတွေလက်တွေ ညောင်းကိုက်ပြီး အလုပ်မလုပ်ချင်လောက်အောင် မောပန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သင့်မှာ ရေဓာတ်ခန်းခြောက်နေပြီဆိုတာကို ပြနေတာပါပဲ။
ဘာကြောင့် ရေဓာတ်ခန်းခြောက်မှု ဖြစ်ရတာလဲ။

အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား အပြင်က နေပူဒဏ်က ကိုယ်ခန္ဓာကို သက်ရောက်နေမှာပါ။ နေပူဒဏ်ကြောင့် အရေပြားကနေ ချွေးတွေ ထွက်လာပြီး ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးမှာပါ။ ဒါ့အပြင် ဒီလိုရာသီမျိုးမှာ မကြာခဏ ဖျားနာတတ်တော့ ကိုယ်ခန္ဓာက ရေဓာတ်တွေနည်းပြီး အားမရှိပျော့ခွေနေမှာပါ။ ကိုယ်က ရေသောက်လည်း နည်းတယ်၊ အာဟာရဖြစ်စေတဲ့ အစားအစာတွေ၊ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို မစားဘူး၊ အဲ့လို ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ကိုယ်က အစားထိုးပြန်မဖြည့်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ရေဓာတ်ခမ်းခြောက်မှု ပြဿနာတွေ ဖြစ်လာမှာပါ။
ရေဓာတ်ခန်းခြောက်ရင် ဘာတွေဖြစ်နိုင်လဲ။

အရင်ဆုံး ရေဓာတ်ခန်းခြောက်နေပြီဆိုတဲ့ အကြောင်းကို အသိပေးဖို့အတွက် ခန္ဓာကိုယ်က လက္ခဏာအမျိုးမျိုး ပြပြီး လှုံ့ဆော်ပါတယ်။ ဒီလက္ခဏာတွေကတော့

    ရေဆာတာ
    ပါးစပ်ထဲမှာ ခြောက်ပြီး စေးကပ်ကပ်ဖြစ်နေတာ
    ဆီးသွားနည်းတာ
    ဆီးအရောင်က ဝါကျင့်ကျင့်အရောင် ဖြစ်နေပြီး အနံ့ပြင်းနေမယ်
    အသားက မွဲခြောက်ခြောက်ဖြစ်လာတာ
    ကိုယ်လက်တွေ ကိုက်ခဲနေတာ
    ခေါင်းက မူးဝေနေတာ
    နှလုံးခုန်နှုန်း မြန်လာတာ
    အသက်ရှူသံ ပြင်းလာတာ
    မျက်တွင်းကျတာ
    အမြဲတမ်း လူကအိပ်ချင်နေသလို ဖြစ်နေမယ်
    အားမရှိ ပျော့ခွေနေတာ
    စိတ်ရှုပ်ထွေးပြီး အာရုံစူးစိုက်လို့ မရတာ
    နေရထိုင်ရ ခက်တာတွေ ဖြစ်လာပြီဆိုရင်တော့ ကိုယ်တွင်းမှာ ရေဓာတ်တော်တော်လေး ခန်းခြောက်နေပြီဆိုတာ သိနိုင်ပါပြီ။

ရေဓာတ်ခန်းခြောက်တာ ကြာလာလေ ပိုပြီးပြင်းထန်လာမယ်။ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အရေပြားနေလောင်တာ၊ အပူကြောင့် ကြွက်တက်တာ၊ ဦးနှောက်ရောင်ရမ်းတာ၊ ရုတ်တရက် တက်သွားတာ၊ သွေးပေါင်တအားတက်တာ သို့မဟုတ် အရမ်းကျသွားတာ၊ ကျောက်ကပ်ပျက်စီးတာ၊ ကိုမာ (Coma) ဝင်တာအပြင် သေဆုံးနိုင်သည်အထိ ပြင်းထန်လာတတ်ပါတယ်။
ဘယ်လိုလူတွေမှာ အများဆုံး ဖြစ်နိုင်လဲ။

အသက်အရွယ်မရွေး ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ငယ်လွန်းတဲ့ ကလေးတွေ၊ အသက်ကြီးပိုင်း လူကြီးမိဘ၊ ဘိုးဘိုးဘွားဘွားတွေ၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်သူတွေ၊ ဖျားနေတဲ့သူတွေနဲ့ အလုပ်အရမ်းများပြီး ရေသောက်ဖို့ကို မေ့နေတတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။
ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

၁။ ရေကို တစ်နေ့ ၃လီတာထက် မနည်းသောက်ပေးပါ။

၂။ မနက်အိပ်ရာနိုးတိုင်း ရေတစ်ခွက် အပြည့်သောက်ပါ။

၃။ ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။

၄။ အရည်ရွှမ်းပြီး အာဟာရဖြစ်စေတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။

၅။ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေအစား သဘာဝသစ်သီးကို ကြိတ်ပြီး သောက်တာ ပိုကောင်းပါတယ်။

၆။ အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဆုံးရှုံးစေလို့ တတ်နိုင်သလောက် လျှော့သောက်ပါ။

၇။ မနက် ၁ဝနာရီမှ နေ့လည် ၂နာရီကြားအချိန်တွေဟာ အပူဆုံးအချိန်ဖြစ်တဲ့အတွက် အဲ့ဒီအချိန်တွေမှာ အပြင်သွားတာ၊ အားကစားလုပ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၈။ ချွေးထွက်လေ ခန္ဓာကိုယ်က ရေဓာတ်နည်းလေ ဖြစ်တဲ့အတွက် အပြင်သွားတိုင်း ထီး၊ နေကာမျက်မှန်၊ ဦးထုပ် မဖြစ်မနေ ဆောင်းသွားပါ။

ဒီရက်ပိုင်း ရာသီဥတုပူလွန်းလို့ စိတ်ညစ်နေတဲ့သူတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလုပ်ကြည့်ပေးဖို့ အကြံပေးလိုက်တယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required