ကချင်ပြည်နယ် စစ်ဘေးရှောင်များ မဲပေးနိုင်ရန် ဆောင်ရွက်မည်ဟု ကော်မရှင်ပြော

ကချင်ပြည်နယ် စစ်ဘေးရှောင်များ မဲပေးနိုင်ရန် ဆောင်ရွက်မည်ဟု ကော်မရှင်ပြော
ကချင်ပြည်နယ် မန်းဝိန်းကြီးမြို့နယ်ရှိ ကချင်ဒုုက္ခသည်စခန်းမှ စစ်ပြေးဒုုက္ခသည်များအား ဇူလိုုင်လ ၂၅ ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်၊ အောက်တိုဘာ ၅။        ။ ကချင်ပြည်နယ်အတွင်း စစ်ရှောင်စခန်း IDP Camp များရှိ စစ်ဘေးရှောင်ပြည်သူများ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက မဇ္ဈိမသို့ ပြောကြားသည်။

''ကချင်ပြည်နယ်အတွင်းမှာ Camp ပေါင်း ၉၁ ခု ရှိတယ်။ မဲထည့်နိုင်မယ့် လူဦးရေစာရင်း နှစ်သောင်း နီးပါး ကောက်ခံ ရရှိထားပါတယ်။ ပုံစံ (၃- က) နဲ့လျှောက်တာကို အောက်တိုဘာ ၁၀ ရက်နေ့ထိ လက်ခံထားတယ်။ မဲပေးတာ မပေးတာ ကတော့ သူတို့ဆန္ဒဘဲ'' ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း IDP Camp စစ်ဘေးရှောင် စခန်းမှ မဲဆန္ဒရှင်များ ကိုလည်း စခန်းရှိ လူဦးရေ စာရင်းအား မဲစာရင်းအဖြစ် ပြုစုပြီး ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် မဲပေးခွင့် ရရှိစေရန် ဆောင်ရွက်ပေးမည်ဟု အောက်တိုဘာ ၂ ရက်နေ့ ကချင်ပြည်နယ် အစိုးရအဖွဲ့  အစည်းအဝေး ခန်းမ၌ ပြောကြားခဲ့သည်။

ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ အမတ်လောင်းများနှင့် တွေ့ဆုံပြောကြားခြင်းဖြစ်သည်။

လုံခြုံရေးအရ မဲရုံမဖွင့်နိုင်သော မဲစာရင်းပြုစုရရှိပြီး မဲဆန္ဒရှင်များအား လုံခြုံသောနေရာတွင် မဲရုံဖွင့်လှစ်၍ ရွေးကောက်ပွဲပြု လုပ်ပေးနိုင်ကြောင်းလည်းပြောဆိုသည်။

ဗန်မော်ခရိုင်၊ မန်ဝိန်းကြီးဒေသရှိ KBC Camp မှ ဒေါ်နန်ထုကမူ ''မဲထည့်ဖို့တွေ၊ မဲစာရင်းကြည့်ဖို့တွေ လာပြီးပြောဆို စစ်ဆေးတာ ဘာမှမရှိသေးဘူး။ ဒီ Camp မှာ နေရပ် မပြန်နိုင်သေးတာ လူငါးရာလောက် ရှိသေးတယ်။ အရင်တုန်းက ကြံ့ခိုင်ရေးက လူတွေလာပြီး မဲဆွယ်ကြတယ်။ မဲစာရင်းကိစ္စတော့ မဟုတ်ဘူး။'' ဟုပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကမူ ရွေးကောက်ပွဲတွင် မဲစာရင်းသည် အလွန်အရေးကြီးသဖြင့် မှန်ကန်သော မဲစာရင်းရရှိရေး အခြေခံ မဲစာရင်းကောက်ခံပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ကြိုးစား ဆောင်ရွက်ခဲ့သည်ဟုပြောသည်။

ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေများပြဋ္ဌာန်း၍ တာဝန်များ အပ်နှင်းထားပြီး အဓိက တာဝန်များ၌ ရွေကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးခြင်း၊ သဘာဝဘေး အန္တရာယ်နှင့် လုံခြုံရေး အခြေအနေရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းတို့လည်း ပါဝင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly