မြန်မာနိုင်ငံ ဂုဏ်ဆောင်နိုင်ရန်အတွက် အပြင်းအထန်လေ့ကျင့်နေသည့် ပုညစိုင်း

မြန်မာနိုင်ငံ ဂုဏ်ဆောင်နိုင်ရန်အတွက် အပြင်းအထန်လေ့ကျင့်နေသည့် ပုညစိုင်း

ONE Warrior Series ပြိုင်ပွဲများ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် မွန်လူမျိုး ပုညစိုင်းသည် နောင်လာမည့် ပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်နိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ Bali MMA Gym တွင် အပြင်းအထန်လေ့ကျင့်လျက်ရှိသည်။

အသက်  ၁၉ နှစ်အရွယ်သာရှိသေးသည့် ပုညစိုင်းသည် ONE Warrior Series ပြိုင်ပွဲ ၂ပွဲ ဝင်ရောက်ယှဉ်ပြိုင်ထားပြီး နှစ်ပွဲစလုံးကို ပထမအချီတွင် အလဲထိုးအနိုင်ယူထားသည်။

ONE Warrior Series 2 တွင် ပုညစိုင်းသည် ၎င်း၏ ပထမဆုံး ပွဲဦးထွက်အဖြစ် ပြိုင်ဘက် ဉာဏ်လင်းစိုင်း ကို ပထမအချီ ၃ မိနစ် ၅၆ စက္ကန့်တွင် ပွဲသိမ်းတိုက်ကွက်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ONE Warrior Series 3 ပြိုင်ပွဲတွင် Krishna Lal Tamang ကို ပထမ အချီ၌ပင်် ဆက်လက်အနိုင်ယူနိုင်ခဲ့သည်။

“နောက်ပြိုင်ပွဲအတွက် ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်။ တစ်ပတ်ကို ၆ရက် လေ့ကျင့်နေပြီး တစ်ရက်ကို လေ့ကျင့်ခန်း ၂ကြိမ်မှ ၃ ကြိမ်အထိ ပြင်းပြင်းထန်ထန် လေ့ကျင်နေပါတယ်” ဟု ပုညစိုင်းက ပြောကြားခဲ့သည်။

“ကျွန်တော်နဲ့ ယှဉ်ပြိုင်မယ့် ဘယ်ပြိုင်ဘက်ကို မဆို ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော်က ကြိုးဝိုင်းထဲကို ရောက်သွားရင် ကျွန်တော်မှာရှိသမျှ အစွမ်းအကုန်ထုတ်ပြီး အသုံးချမှာပါ။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပုညစိုင်းသည် ပြီးခဲ့သည့် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ONE: Reign of Valor ပြိုင်ပွဲတွင် Bali MMA Gym အသင်းဖော် အန်တိုနီယာ၏ Corner Man အဖြစ်ပါဝင်လာပြီး မြန်မာပရိသတ်များ၏ အားပေးမှုကို ၎င်းကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပြီးနောက် သူ၏ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်ကစားချင်သည့်
 ဆန္ဒများ ပိုမိုပြင်းထန်လာခဲ့သည်။

“အမိမြေမှာ ယှဉ်ပြိုင်ချင်တဲ့ ကျွန်တော်ဆန္ဒကတော့ တစ်စက်လေးမှ လျော့မသွားသေးပါဘူး။ လက်ရှိအချိန်အထိ ကျွန်တော်ကို အားပေးနေကြတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမား အဖြစ် .ယှဉ်ပြိုင်နေရတာကိုလည်း ဂုဏ်ယူပါတယ်။” ဟု ပုညစိုင်းကဆိုသည်။

မွန်တိုင်းရင်းသား ပုညစိုင်းသည် လာမည့် ဧပြီလ ၂၅ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့်  ONE Warrior Series 5 ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန်
 ရည်မှန်းထားပြီး လေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly