ကျောက်စိမ်းလုပ်ကွက်အပေါ် နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးသူ ၅၄ ဦးအနက် ၆ ဦးပြန်တွေ့၊ ၃ ဦးသေ

ကျောက်စိမ်းလုပ်ကွက်အပေါ် နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးသူ ၅၄ ဦးအနက် ၆ ဦးပြန်တွေ့၊ ၃ ဦးသေ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဧပြီလ ၂၄ ။            ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်အပေါ် နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးနေသူ  ၅၄ ဦးရှိပြီး ယင်းအထဲမှ  ၆ ဦးကို ပြန်လည်တွေ့ထားကြောင်း ပြန်တွေ့သူများထဲတွင် ၃ ဦးမှာ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

 သေဆုံးလျက်တွေ့ရှိခဲ့သူ ၃ ဦးမှာ ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ဦးငွန်ဇာကမ်၊ မြန်မာသူရကုမ္ပဏီမှ အသက် ၃၈ နှစ်အရွယ် ဝင်းထွန်းဦး အပါအဝင် အမျိုးသား နှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 ထို့အပြင် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ အသက် ၂၁ နှစ်အရွယ် အောင်မိုးပါအဝင် ၂ ဦးကို နောက်ကျော၊ ဝဲလက် ပွန်းပဲ့ဒဏ်ရာ၊ မြန်မာသူရကုမ္ပဏီမှ အသက် ၁၉ နှစ်အရွယ် အောင်ကိုဦးကို ယာပေါင်ကျိုးဒဏ်ရာနှင့် ပြန်လည် တွေ့ရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံမှ တဆင့် မြစ်ကြီးနားဆေရုံသို့ ပို့ဆောင်ထားကြောင်း၊ သေဆုံးသူ ရုပ် အလောင်း ၃ လောင်းကို ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

 နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးနေသူ ၅၄ ဦးအပြင် မြေသယ်ယာဉ် ၁၅ စီး၊ ဘတ်ဟိုး ၁၉ စီး၊ ကျောက် ဖောက်စက် ၅ စီး နစ်မြုပ်ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်ရှိတွင် မြေသယ်ယာဉ် ၁ စီးကိုလည်း ပြန်လည်တွေ့ရှိ ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 အဆိုပါ နွံကန်ပေါက်ကျမှုမှာ ဧပြီလ ၂၂ ရက်နေ့၊ ည  ၁၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးယွင်ရှီးဆိုသော  မန္တလေးမြို့နေသူပိုင် ရွှေနဂါးကိုးကောင်ကုမ္ပဏီနှင့် ဦးကျော်သူရ(စိစစ်ဆဲ)ပိုင် မြန်မာသူရကုမ္ပဏီများ၏ လုပ် ကွက်အလယ် ခန့်မှန်း (KJ -၃၀၆၃၆၂)ရှိ အကျယ် ၅ ဧက၊ အနက် ၁ဝဝ ပေခန့် နွံကန်မှာ ရွှေနဂါးကိုးကောင် ကုမ္ပဏီနှင့် မြန်မာသူရကုမ္ပဏီလုပ်ကွက်အတွင်းသို့ ပေါက်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 ထိုသို့ နွံကန်ပေါက်ကျမှုဖြစ်စဉ်ကြောင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ဦးထွန်းကျော်အပါအဝင် အလုပ်သမား အမျိုးသား  ၂၆ ဦး၊ မြေသယ်ယာဉ် ၅ စီး နှင့် ဘတ်ဟိုး ၉ စီးနှင့်  မြန်မာသူရကုမ္ပဏီမှ ဇေယျာဦးဆိုသူ အပါ အဝင် အလုပ်သမား အမျိုးသား  ၂၈ ဦး၊ မြေသယ်ယာဉ် ၁ဝ စီး၊ ဘတ်ဟိုး ၁ဝ စီးနှင့် ကျောက်ဖောက်စက် ၅ စီးတို့မှာ နွံနစ်ပျောက်ဆုံးနေခြင်းဖြစ်သည်။

 ဧပြီလ ၂၄ ရက်နေ့အထိ နွံကန်ပေါက်ကျမှုကြောင့် ပျောက်နေသည့် လူများနှင့် ယာဉ်များကို အပူတပြင်း တူးဖော်ရှာဖွေမှု များဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 သေဆုံးလျက်တွေ့ရှိခဲ့သည့် ဦးငွာန်ဇာကမ်ပါ အမျိုးသား ၃ ဦးသေဆုံးမှုကိုလည်း  ဖားကန့်မြို့မရဲစခန်းတွင် သေမှု သေခင်းအမှတ်စဉ်(၁ဝ/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly