မိုင် ၄၀၀၀ ကျော် ခရီးရှည်သွား Snow to Sea အဖွဲ့ မြိတ်မြို့သို့ ရောက်ရှိ

မိုင် ၄၀၀၀ ကျော် ခရီးရှည်သွား Snow to Sea အဖွဲ့ မြိတ်မြို့သို့ ရောက်ရှိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီလ (၂၄) ။                 ။ မြန်မာပြည် မြောက်ဖျား ပူတာအို၊ နောင်မွန်မှ တောင်ဘက်စွန်း ကော့သောင်းမြို့ အထိ မိုင် ၄၀၀၀ ကျော် ခရီးရှည်သွား Snow to Sea အဖွဲ့သည်၊ ဧပြီလ ၂၃ ရက်နေ့က မြိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ခရီးရှည်သွား Snow to Sea အဖွဲ့သည် ဧပြီလ ၁၇ ရက်နေ့တွင် ပူတာအိုမှ စတင်ထွက်ခွာလာခဲ့ရာ ဧပြီ ၂၃ ရက်နေ့ ညပိုင်း၌ မြိတ်မြို့သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် မြိတ်မြို့တွင် ညအိပ်ရပ်နားကာ ဧပြီ ၂၄ ရက်နေ့ နံနက်ပိုင်း၌ ကော့သောင်းမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ယင်း အဖွဲ့တွင် GSM, MAG, MPC, MMSO, MOT, SSO,MORO, RBK စသည့် အဖွဲ့များ ပါဝင်ပြီး ဆိုင်ကယ်များနှင့် Off Road ကားများဖြင့် ခရီးရှည်ကို ပူးပေါင်းပါဝင်ကြောင်း သိရသည်။

 “Snow to Sea ဆိုတဲ့ အတိုင်း မြန်မာပြည်မြောက်ဖျား နှင်းတောင်ထဲက နေပြီးတော့ တောင်ဘက်ပိုင်းက ကော့သောင်းမြို့ ဘုရင့်နှောင် အငူ အထိ ခရီးရှည် သွားတဲ့ အဖွဲ့ဖြစ်ပါတယ်”ဟု Snow to Sea အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ကျော်ဇေယျာလှိုင်က ပြောသည်။

အဆိုပါ အဖွဲ့မှာ ၈ ရက်ကြာ ခရီးရှည်သွား အစီအစဉ်ဖြင့် ၀ါသနာတူ ကား ၈ စီးနှင့် အတူ MAG မှ ကား Service ၂ စီး အပါဝင် စုစုပေါင်း ၁၀ စီးဖြင့် ထွက်ခွာလာခြင်း ဖြစ်သည်။

“ဒီခရီးက ကျွန်တော်တို့ ၀ါသနာတူတွေပဲ စုပြီး သွားတာ ဖြစ်တဲ့ အတွက် မြန်မာပြည် တစ်နှံ့တလျားတွေ အထိ လမ်းခရီး တစ်လျှောက်က ဘယ်လောက် အထိ ကောင်းမွန်နေပြီလည်း ဆိုတာရယ်၊ လမ်းခရီး တစ်လျှောက်မှာ ဘယ်မြို့တွေက ဘယ်လို အနေအထားမျိုး ရှိနေပြီလည်း ဆိုတာကို သိချင်လို့ ကျွန်တော်တို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်တယ်”ဟု ဒေါက်တာ ကျော်ဇေယျာလှိုင်က ဆက်ပြောသည်။

Snow to Sea အဖွဲ့၏ ၈ ရက်ကြာ ခရီးရှည်သွားအစီအစဉ်၏ တောက်လျှောက် ခရီးစဉ်တွင် တနင်္သာရီတိုင်းသို့ ရောက်ရှိချိန်တွင် လမ်းများကောင်းမွန်ပြီး၊ ရေမြေသဘာဝ ကောင်းမွန်၍ ရှုခင်းပင်လယ်ပြင်တို့ဖြင့် သာယာ လှပနေကြောင်း၊ ခရီးသွားများအနေဖြင့် လာရောက် လည်ပတ်ရန် ကောင်မွန်သော ဒေသ တစ်ခု ဖြစ်ကြောင်း ယင်း အဖွဲ့မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။

ယခု ခရီးစဉ်နဲ့ ပတ်သက်၍ Snow to Sea အဖွဲ့ကို မြိတ်အခြေစိုက် Sky Max Travels & Tours မှ ညအိမ် တည်းခိုခြင်းနှင့် စားသောက်မှုအစီအစဉ်တို့ကို ကူညီထောက်ပံ့ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly