ဂျာမန် အောက်တိုဘာပွဲတော်အား အောက်တိုဘာ ၉ တွင် ကျင်းပမည်

ဂျာမန် အောက်တိုဘာပွဲတော်အား အောက်တိုဘာ ၉ တွင် ကျင်းပမည်

အောက်တိုဘာ ၅ ရက်။        ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ စတင်ခဲ့သော အောက်တိုဘာပွဲတော်အား ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်တွင် အောက်တိုဘာ ၉-၁၀ နှစ်ရက် ကျင်းပမည်ဖြစ်သည်။

ဂျာမန်-မြန်မာ ချစ်ကြည်ရေးတိုးတက်စေရန်နှင့် နှစ်နိုင်ငံကြား ကွဲပြားသည့် ဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို သိရှိနိုင်ရန် ရည်ရွယ်ပြီး Hanns Seidel Foundation နှင့် Belmond Governor's Residence တို့ ပူးပေါင်း၍ ရန်ကုန်ဂျာမန်သံရုံး၏ ကူညီမှုဖြင့်ကျင်းပခြင်းဖြစ်သည်။

ပထမဆုံးအောက်တိုဘာပွဲကို ၂၀၁၂ ခုတွင် ပရိသတ် ၂၅၀ ဖြင့် ရန်ကုန်တွင်စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ညနေခင်း နှစ်ရက်အတွင်း လူပေါင်း ၂၅၀၀ တက်မည်ဟု မျှော်လင့်ထားကြောင်း ရန်ကုန်မြို့ ဂျာမန်သံရုံးက ထုတ်ပြန်ထားသည်။

အောက်တိုဘာပွဲကို ယမန်နှစ်ကဲ့သို့ပင် ဘူဘေးရီးယားပြည်နယ်မှ တော်ဝင်မင်းသား Luitpold သည် အထူးဧည့်သည် အနေဖြင့် တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာဂျာမန်သံအမတ် Christian-Ludwig Weber-Lortsch နှင့်အတူ ပွဲတော်ကိုဖွင့်လှစ်ပေးမည်ဖြစ်သည်။

ပွဲတော်တွင် ဘာဘေးရီးယန်းဘီယာနှင့် အခြားရိုးရာအဖျော်ယမကာများဖြင့် တည်ခင်းမည်ဖြစ်ပြီး ဂျာမန်ရိုးရာအကင်များ၊ ဝက်ကောင်လုံးကင်၊ ဂျာမန်ဝက်အူချောင်းများ၊ ဂျာမန် အသီးအရွက် အသုတ်မျိုးစုံ၊ ပေါင်မုန့်မျိုးစုံ၊ ဘာဘေးရီးယန်းဖက်ထုပ် တို့လည်း ပါဝင်မည်ဖြစ်သည်။

နှစ်စဉ် မြူးနစ်မြိုကတော်တွင် ဖျော်ဖြေလာသည့် အနုပညာရှင် ငါးဦးပါ 'Munchner Xindl' တီးဝိုင်းမှလည်း ဂျာမနီမှ လာရောက်ပြီး ရိုးရာဘာဘေးရီးယန်းတေးများ၊နိုင်ငံတကာတေး ဂီတများဖြင့် ဖျော်ဖြေမည်။

မြူးနစ်မြို့တော်၏ ခမ်းနားကြီးကျယ်သည့် အောက်တိုဘာပွဲတော် ရာဇဝင်သမိုင်းနှင့်အညီ ခံစားနိုင်စေရန် အစွမ်းကုန်ကြိုးစားထားသည်ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly