ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရခဲ့သော မြန်မာ့လက်ရွေးစင် ယူ ၁၈ အသင်းကို ဂုဏ်ပြုကြိုဆို

ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရခဲ့သော မြန်မာ့လက်ရွေးစင် ယူ ၁၈ အသင်းကို ဂုဏ်ပြုကြိုဆို
 ဓာတ်ပုံ-ကိုသူရ

ဧပြီလ ၂၃ ။     ။ ချန်ပီယံဆုဖလားနဲ့အတူ ပြန်ရောက်လာတဲ့ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းကို ဧပြီ၂၃ ရက်၊ ညပိုင်းက ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နဲ့မိတ်ဆွေများ၊ အသင်းအဖွဲ့များက ကြိုဆိုဂုဏ်ပြု ပန်းစည်းများ၊ ပန်းကုံးများဖြင့် အောင်ပွဲရ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းသားများကို ကြိုဆိုခဲ့ကြပါတယ်။

မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းအနေဖြင့် ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ဟောင်ကောင် ယူ ၁၈ ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament 2019, Hong Kong ပြိုင်ပွဲ ပွဲစဉ် ၏ နောက်ဆုံးပွဲစဉ်ကို ဧပြီလ ၂၂ ရက်နေ့ တွင် စင်ကာပူအသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး  စင်ကာပူအသင်းကို သွင်းဂိုး ၂ ဂိုး (၂-၁) နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့ က မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲ အချိန်တွင် စတင် ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်း နဲ့ စင်ကာပူယူ ၁၈ တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ မြန်မာအသင်းက ပွဲကစားချိန် မိနစ် ၄၀ အရောက်တွင် ကွင်းလယ်ကစားသမား ဝေယံစိုးက တစ်ဂိုး၊ ပွဲကစားချိန် ၆၂ မိနစ်တွင် ကွင်းလယ်တိုက်စစ်ကစားသမား ပြည့်ဖြိုးအောင်တို့က မြန်မာအသင်းအတွက် တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အုပ်စု တတိယပွဲစဉ်အပြီးတွင် မြန်မာအသင်းအနေဖြင့် နှစ်ပွဲနိုင် ၊ တစ်ပွဲသရေ၊ ရဂိုး လေးဂိုး ၊ ရမှတ် ၇ မှတ် ရရှိထားပြီး ဗီယက်နမ်အသင်းက ရမှတ် ၅ မှတ်ရရှိခဲ့ကာ အိမ်ရှင်ဟောင်ကောင်အသင်းက ၄ မှတ် ၊ စင်ကာပူအသင်းက ပွဲစဉ် ၃ ပွဲ လုံးကို ရှုံးနိမ့်ထားပါတယ်။

ဗီယက်နမ်အသင်းနှင့် အိမ်ရှင် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required