ဘဝတံစက်မြိတ်တစ်ခုအောက်က မမျှမတ ဒဏ်ရာများ ( အိမ်ရှေ့မြောင်ရွာခရီးသွားဆောင်းပါး ၂)

ဘဝတံစက်မြိတ်တစ်ခုအောက်က မမျှမတ ဒဏ်ရာများ ( အိမ်ရှေ့မြောင်ရွာခရီးသွားဆောင်းပါး ၂)

ရထားလမ်းပေါ်ကတဆင့် ညာဘက်က ဇောက်ထိုးဆင်းချသွားတဲ့ မြေလမ်းကိုကြည့်ရင်း ကျနော်စဉ်းစားခဲ့ရတယ်။ ဆိုင်ကယ်နောက်က လိုက်စီးလို့ ဖြစ်နိုင်ပါ့မလားပေါ့။ ဆိုက်ကယ်မောင်းလာတဲ့ ကိုဖိုးသားလည်းပဲ ညာဘက်က မြေလမ်းထိပ်မှာ ဆိုင်ကယ်ကိုခဏရပ်ပြီး စဉ်းစားနေဟန်တူပါရဲ့။ တစ်ချက်တော့ ငြိမ်နေသေးတယ်။

ဖြစ်ပါ့မလားလို့ ကျနော်ကမေးတော့ သူလည်း ဒီလမ်းသစ်ကို ဆိုင်ကယ်နဲ့တစ်ခါမှမလာဘူးသေးလို့ စဉ်းစားနေတာလို့ဖြေပါတယ်။ ဖြစ်ပါတယ်။ မဖြစ်တော့လည်း ခဏဆင်းပေါ့ စီးလို့ရတဲ့နေရာဆိုရင် ပြန်တက်စီးပေါ့ဆိုပြီး သူက ဆိုင်ကယ်စက်ကို နှိုးပါတယ်။

ကျနော်က စပြီးဆင်းပါပြီဆိုကတည်းက ဆိုင်ကယ်ပေါ်က ပြန်ဆင်းပြီး ခြေလျင်လိုက်မှဖြစ်မယ်လို့ တွေးထားပြီးသားဆိုပေမယ့် ခဏရပ် အရှိန်လျှော့ပြီး ဆိုင်ကယ်ပေါ်ကပြန်ဆင်းဖို့နေရာတောင်မှ တော်တော်ခက်ခဲလှပါတယ်။ လမ်းက ကားတစ်စင်းမောင်းလို့ရလောက်အောင်ကျယ်ပေမယ့် ဇောက်ထိုးကျလုနီးပါးဖြစ်နေတာမို့ အတွေ့အကြုံသိတ်မရှိလှတဲ့ ကျနော့်မှာ ပြန်ဆင်းဖို့ကိုချည်း ပြောလာမိပါတယ်။ ဆိုင်ကယ်ဘီးတွေက ဘရိတ်ကိုလျှော့နင်းထားသည့်တိုင် အရှိန်နဲ့ မလိမ့်ဘဲ ဒီအတိုင်း ဒရွတ်ဆွဲဆွဲပြီး အောက်ကိုဆင်းနေတတ်ပြန်ပါတယ်။ နောက်ဆုံးတော့ ဆိုင်ကယ်ပေါ်က ပြန်ဆင်းပြီး တလမ်းလုံး ခြေလျင်ပဲ လိုက်ခဲ့ပါတယ်။

ကတ္တရာကားလမ်းဘေး အနိမ့်ပိုင်းကိုဆင်းတဲ့ ဒီမြေလမ်းက ဖေါက်ပြီးလို့မှ တစ်လကျော်ပဲရှိပါသေးတယ်။ အိမ်ရှေ့မြေ်ာင်ရွာသားတွေရဲ့ ကိုယ်ပိုင်လုပ်အား ငွေအားနဲ့ ဖေါက်ခဲ့ရတာပါ။ စနစ်တကျ နားလည်တတ်ကျွမ်းသူတွေနဲ့ ဖေါက်ခဲ့ရတာမဟုတ်တဲ့အပြင် လယ်ထွန်စက်နဲ့ပဲ တွန်းကာထိုးကာ ဖေါက်ခဲ့ရတာဖြစ်လို့ လမ်းက တော်တော်ကြီးကို မသေမသပ်ဖြစ်နေပါသေးတယ်။ လောလောဆယ်မှာတော့ ရွာထိပ်က ဘုရားစေတီတည်တဲ့နေရာအထိ အုပ်သည်တဲ့ကားတစ်စင်းလောက်ပဲ သွားထားလာထားတာရှိတယ်လို့ ဆိုပါတယ်။

ကျနော်တို့လူသိုက် အိမ်ရှေ့မြောင်ကိုရောက်တော့ ရွာက အခကြေးငွေပေးငှါးထားတဲ့ ကျောင်းဆရာက ကျောင်းပိတ်ချိန်မို့ သူ့ဇာတိဒေသ ပြန်သွားပြီဖြစ်ပါတယ်။ အဆင်ပြေချင်တော့ အဲဒီကျောင်းဆရာ နေထိုင်တဲ့ အိမ်သစ်ကလေးပေါ်မှာ ကျနော်တို့လူသိုက် ညအိပ်တည်းခွင့်ရကြပါတယ်။

နေပူရှိန်ပြင်းပြင်းအောက် ဇောက်ထိုးဆင်းလမ်းအတိုင်း တစ်နာရီလောက် ကြောပိုးအိတ်ထမ်း လမ်းလျှောက်လာရတာဖြစ်ပေမယ်လို့ ကျောင်းဆရာရဲ့အိမ်ကလေးပေါ်ရောက်တော့ လေကလေးကလည်းရ အိမ်ကလေးကလည်း တောင်ကမူထိပ်မှာဆိုတော့ အနားယူလို့ကောင်းလှပါတယ်။

ကျနော်တို့လူသိုက်အနက်က ဆရာလေးဖိုးလပြည့်နဲ့ ကဗျာဆရာလေး လွင်ကိုအောင်တို့ကတော့ ကားလမ်းနဲ့မြေနီလမ်းထိပ်မှာပဲ နောက်ကြောင်းပြန်လှည့်သွားကြပါတယ်။ သူတို့က လိုက်သာပို့ပေမယ့် ညအိပ်လို့မရအောင် နောက်ပိင်းမှာ အလပ်ကိုယ်စီနဲ့ နေ့ချင်းပဲ ပြန်သွားကြရတာပါ။ အခုတော့ ကျနော်တို့အဖွဲ့မှာ ကျနော်ရယ်၊ နေခြည်ချိုရယ်၊ ကိုမြတ်ထက်ထွန်းနဲ့ ကိုဖိုးသား၊ လေးယောက်ပဲ ရွာကိုရောက်လာတာပါ။ ကျွဲပွဲက ထွက်မလာခင်ကတည်းက ဖုန်းနဲ့ အသေအချာဆက်သွယ်ပြောဆိုထားတာဖြစ်လို့ ရွာက ရာအိမ်မှူးနဲ့ လူတချို့က လမ်းတဝက်က လာကြိုနှင့်ကြပါတယ်။

ရောက်ရောက်ချင်း ငှက်ပျောသီး၊ ငါးကြော်( ငါးကတော့ ဒီရွာမှာ အင်မတန်ပေါပါတယ်။)ပန်းကန်တွေချပြီး ကျနော်တို့ကို ဧည့်ခံပါတယ်။ ကျနော်တို့လုပ်မယ့် လုပ်ငန်းအစီစဉ်ကို တိုင်ပင်ညှိနှိုင်းကြပါတယ်။ ခရီးပင်ပမ်းတာရယယ် အချိိန်မရတာရယ်ကြောင့် ဒီကနေ့အဖို့ အနားယူရင်း တိုင်ပင်ဆွေးနွေးရင်း တစ်ညအိပ်ကြဖို့နဲ့ နောက်နေ့တွေကြမှ ရေလှောင်တမန်ကြီးထဲ စက်လှေနဲ့ ခရီးဆက်ကြဖို့ နောက်နေ့တွေမှာ လေ့လာစရာ ဗီဒီယိုရိုက်ကူးစရာတွေ ဆက်တိုက်လုပ်ကြဖို့ သဘောတူခဲ့ကြပါတယ်။

နောက်တော့ ကျနော်တို့လည်း အိမ်အောက်ကိုဆင်း အိမ်နောက််ဖေး တောင်ကုန်းအောက်က မြင်ကွင်းကိုထိုင်ကြည့်ကြရင်း စကားဆက်ကြပြန်ပါတယ်။ အနားယူစခန်းရောက်လာတဲ့ဧည့်သည်တွေလိုပဲ တကယ့်ကိုသာယာလှပတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ချက်ချင်းသတိပြုမိကြပါတယ်။

ကျနော်တို့ထိုင်နေတဲ့နေရာက အိမ်ကလေးရဲ့နောက်ဖက် နေရိပ်ကျတဲ့နေရာဖြစ်ပါတယ်။ ကျေးငှက်သံတွေ ဥသြသံတွေနဲ့ လေတိုးတဲ့အသံတွေကိုပဲ ခတ်သဲ့သဲ့ကြားရပါတယ်။ တိုက်ခတ်နေတဲ့လေကလည်း အင်မတန်လတ်ဆတ်ပါတယ်။ တောင်ကုန်းပေါ်ကတဆင့် ရေလှောင်တမန်ကြီးထဲ မြင်နေရတဲ့မြင်ကွင်းကလည်း လှပါတယ်။ ဘယ်နေရာကြည့်ကြည့် စိမ်းစိမ်းအုပ်အုပ်သစ်ပင်တောတန်းတွေပဲ မြင်နေရပါတယ်။
ညနေပိုင်းရောက်တော့ တခြားသူတွေက သူတို့အစီစဉ်နဲ့သူတို့ နောက်တနေ့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်နေတဲ့အချိန် ကျနော်က ငှားထားတဲ့စက်လှေဆရာလေးနဲ့အတူ ရေလှောင်တမန်ကြီးထဲ တစ်ပါတ်လောက် ပတတ်ကြည့်ပါတယ်။ နေဝင်တော့မှာဖြစ်လို့လည်း ကောင်းကင်ကြီးက ရောင်စုံကောင်းကင်ကြီးဖြစ်လာပြီး လှပလွန်းပါတယ်။

ကျနော်က ရသမျှအချိန်ကလေးမှာပဲ နေရာအခင်းအကျင်း ကြိုတင်မရှာဖွေနိုင်ပေမယ့် ရသမျှအချိန်နဲ့ ကြုံသမျှအခင်းအကျင်းထဲမှာပဲ ညနေဆည်းဆာကို ဓါတ်ပုံရိုက်ဖြစ်အောင် ရိုက်ပါတယ်။
အိမ်ရှေ့မြောင်ရွာကလေးဟာ အနေအထားဆင်းရဲပေမယ့် ညနေဆည်းဆာကတော့ လှချင်တိုင်းလှနေပါတော့တယ်။

 

 

Mizzima Weekly