အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်မှုအပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်

အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်မှုအပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်

မန္တလေး၊ ဧပြီ ၂၃ ။               ။ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်သည်ကို မကျေနပ်သည့် ဒေသခံ ၅ဝဝဦးကျော်က ဧပြီလ ၂၃ ရက်၊နံနက် ၉ နာရီက ငါန်းဇွန်မြို့၌ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည်။

 ဘုရားထူးကျေးရွာတွင် အုပ်စုအုပ်ချုပ်ရေးမှူးရုံးတည်ဆောက်မှုအပေါ် ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ ခေါင်းဆောင်အုပ်ချုပ်ရေးမှူးများ၊ ရွာမိ ရွာဖများနှင့် ညှိုနှိုင်းဆောင်ရွက်ခြင်းမရှိဘဲ တည်ဆောက် ခဲ့ခြင်းကို မကျေနပ်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။

ကန့်ကွက်ဆန္ဒဖော်ထုတ်သူများသည် အုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ရွာသစ်ကျေးရွာတွင်သာ တည်ဆောက်ရန် လိုလားကြသောကြောင့် လက်ရှိဘုရားထူးကျေးရွာတွင် တည်ဆောက်ထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ရွာသစ် ကျေးရွာသို့ ပြောင်းရွှေ့တည်ဆောက်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ကန့်ကွက် ဆန္ဒပြပွဲ ဦးဆောင်သူ ရွာသစ်ကျေးရွာမှ ဦးကိုလတ်ကဆိုသည်။

 ''ငါန်းဇွန်မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၄၈အုပ်စုရှိပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးရုံးတွေကို ကျေးရွာအုပ်စု နာမည်ပေါက်တဲ့ရွာမှာပဲ ထားတဲ့အစဉ်အလာရှိပါတယ်။ကျွန်တော်တို့ ရွာသစ်ကျေးရွာအုပ်စုတစ်ခုပဲ ကျေးရွာခွဲ ဖြစ်တဲ့ ဘုရားထူးရွာမှာ အုပ်ချုပ်ရေးမှုးရုံးတည်ဆောက်ခဲ့တာဖြစ်ပြီး ကျေးရွာခွဲအုပ်စုတွေရဲ့ သဘောထား ကိုလည်း တောင်းယူခဲ့ခြင်းမရှိတာကြောင့် အခုလိုဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်။"ဟု ဦးကိုလတ်က ပြောသည်။

 ဘုရားထူးကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခဲ့ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် ကွင်းဆင်းစစ်ဆေးပြီး ညှိုနှိုင်းမှုများလုပ်ဆောင်မပေးပါက ဆန္ဒဖော်ထုတ်ပွဲများ ဆက်လက်ပြုလုပ်၍ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ဦးကိုလတ်က ဆက်လက်ပြောသည်။

 ကန့်ကွက် ဆန္ဒဖော်ထုတ်ကြသူများသည် ပေါက်အိုင်ကုန်း ကျေးရွာလမ်းဆုံမှစတင်၍ ငါန်းဇွန်မြို့တွင်း လှည့် လည်ကာ ဘက်လိုက်မှုမကင်းသောရွာသစ်အုပ်စု၊ဘုရားထူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်ခြင်း ( ချက် ချင်းရပ် ၊ ချက်ချင်းရပ် ) ၊ဘက်လိုက်၍တရားမျှတမှုမရှိသော ရွာသစ်အုပ်စု စာရေးအား လဲလှယ်ပေးရေး ( ဒို့ အရေး ၊ ဒို့အရေး)၊ အများဆန္ဒနှင့် မညီသောဘုရားထူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်ခြင်း အမြန် ရပ်ဆိုင်းရေး ( ဒို့အရေး ၊ ဒို့အရေး ) ၊ပြောင်းလဲချိန်တန်ပြီ စကားနှင့်အညီ ဘက်လိုက်မှု ကင်းရှင်းပြီး တရား မျှတသောအုပ်ချုပ်ရေးမှူးရုံးနေရာသစ်အား အမြန်သတ်မှတ်ပေးရေး ( ဒို့ အရေး ၊ ဒို့အရေး )၊တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ပေးရေး ( ဒို့အရေး ၊ ဒို့အရေး )ကြွေးကြော်ခဲ့ကြသည်။

 "လူကြီးတွေက ဘုရားထူးရွာမှာ ရုံးချပေးမယ့် မြေစာရင်း မြေပုံစံတွေ ချပေးတာကို ရွာသစ်က လူတွေသိသွားတော့မှ သူတို့ရွာမှာပဲ ရုံးဆောက်ချင်တယ်။မြေနေရာလှူမယ့် လူလည်း ရှိတယ်လို့ တင်ပြကြတယ်။ဒါပေမယ့် ၂၀၁၇ ကတည်းက ရုံးဆောက်ဖို့မြေနေရာချထားပြီး ဖြစ်နေတာမို့ နောက်တစ်နေရာ ချပေးလို့ မရတော့တဲ့ အတွက် ဘုရားထူးမှာပဲ ရုံးဆောက်ပေးလိုက်တယ်။အဲဒီဆုံးဖြတ်ချက်ကို ငါန်းဇွန်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး အစည်းအဝေးဆုံး ဖြတ်ချက်နဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ဘုရားထူးရွာမှာ ရုံးတည်ဆောက်တဲ့လုပ်ငန်း စဉ်ဆောင်ရွက်ခဲ့တာ ၂နှစ်ရှိပြီဖြစ်ပေမယ့် အခုမှ ဘာလို့ ကန့်ကွက် ဆန္ဒပြတယ်ဆိုတာတော့ မသိပါဘူး။ဒီနေ့ ကန့် ကွက်ဆန္ဒပြမှုတွေကို အထက်လူကြီးတွေဆီ တင်ပြပေးသွားမှာဖြစ်ပြီး သူတို့ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"ဟု ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူကပြောသည်။

 အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်မည့် မြေနေရာကို အုပ်ချုပ်ရေးမှူးမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရွာသစ်ကျေးရွာမှတင်ပြခဲ့သောနေရာသည် ကျေးရွာနှင့်အလှမ်းဝေးနေခြင်းကြောင့် ဘုရားထူးကျေးရွာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly