ပလတ်စတစ်စွန့်ပစ်ပစ္စည်းလက်ခံမှု တရုတ်တို့ ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစု အခက်တွေ့နေ

ပလတ်စတစ်စွန့်ပစ်ပစ္စည်းလက်ခံမှု တရုတ်တို့ ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစု အခက်တွေ့နေ

ဧပြီ ၂၃ ။                 ။ ကမ္ဘာ့နိုင်ငံအသီးသီးက အသုံးပြုပြီးသား ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ လက်ခံရယူပေးနေမှုကို တရုတ်နိုင်ငံက ရုတ်တရက် ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာတော့ လက်ရှိမှာ ကျန်နိုင်ငံအသီးသီးမှာ ယင်းပလတ်စတစ်ပစ္စည်းတွေ recycle လုပ်ခြင်းနဲ့ပတ်သက်လို့ အခက်တွေ့ အကျပ်ရိုက်နေကြရလျက်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်များစွာအတွင်း တရုတ်နိုင်ငံကတော့ ကမ္ဘာတစ်ဝှမ်းက စွန့်ပစ်ပလတ်စတစ် ပစ္စည်း အစုအပုံတွေကို အလုံးအရင်းနဲ့ စုပြုံလက်ခံရယူနေခဲ့တာဖြစ်ပါတယ်။ ယင်း ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ပိုမို အရည်အသွေးမြင့်တဲ့ ထုတ်ကုန်ပစ္စည်းတွေအဖြစ် ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်တွေ ပြန်အသုံးပြုလို့ရအောင် ပြန်ပြောင်းလဲထုတ်လုပ်ပေးနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၈  နှစ်စပိုင်းကစလို့ ယင်း ကမ္ဘာ့နိုင်ငံအသီးသီးကနေ တင်ပို့တဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအားလုံးနီးပါးကို လက်မခံတော့ဘဲ တရုတ်တို့ တံခါးပိတ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ယင်းနိုင်ငံရဲ့ ပြည်တွင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့၊ လေထုအရည်အသွေးကို ထိန်းသိ်မ်းဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်း ပိတ်ပင်ချက်ကြောင့်လည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ၎င်းတို့ရဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို စုပုံထားရှိနိုင်မယ့် နေရာတွေ ရှာတွေ့ဖို့ အခက်ကြုံခဲ့ကြရပါတယ်။

“ ခုဟာက ငလျင်တစ်ခု လှုပ်သလိုပါပဲ၊ တရုတ်က တကယ်တော့ recyclables တွေအတွက် အကြီးဆုံး စျေးကွက်ပါ၊ ခုလို ပိတ်လိုက်တော့ ကမ္ဘာ့စျေးကွက်အတွက်ကတော့ အကြီးစားရှော့တစ်ခုကို ရသွားစေခဲ့ပါတယ်” လို့ ဘရက်ဆဲလ် အခြေစိုက် Bureau of International Recycling က ညွန်ကြားရေးမှူးချုပ် Arnaud Brunet က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required