၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၃ ။         ။ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ သထုံခရိုင်ကော်မတီဥက္ကဋ္ဌဦးသောင်းရွှေက  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်တဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

မဲဆန္ဒရှင်ပြည်သူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး မိမိတို့ရဲ့လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေလို့ ဆန္ဒမွန်တောင်းလျက် နုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်က ၈၈ မျိုးဆက်ဒီမိုကရေစီပါတီမှ သထုံခရိုင်ကော်မတီဥက္ကဋ္ဌဦးသောင်းရွှေဖြစ်ပါတယ်။ ဒီကနေ့မြန်မာ့အသံရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်မှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများကို ကျွန်တော်တို့ ပါတီရဲ့ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်များကိုအကျဉ်းချုံးပြီး တင်ပြအစီရင်ခံသွားမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများကလည်း ပါတီရဲ့မူဝါဒ၊ သဘောထားနှင့်လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်၊သုံးသပ်၊ ဆုံးဖြတ်ပြီး လာမယ့်၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲကြီးမှာ ကျွန်တော်တို့ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီရဲ့လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များကိုယုံကြည်စွာနဲ့ ထောက်ခံမဲပေးကြဖို့ တိုက်တွန်းအပ် ပါတယ်။

လေးစားအပ်တဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျား၊ ကျွန်တော်တို့ပါတီဟာသမိုင်း တောင်းဆိုချက်အရဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

ဆက်လက်ပြီး တင်ပြရမှာက ပါတီရဲ့အလံတော်ပါ ရဲရင့်ခြင်းကို အဓိပူ္ပာယ် ဆောင်တဲ့ အနီရောင်ကိုနောက်ခံထားပြီး အလယ်မှာ ကျောင်းသား၊ အလုပ်သမား၊လယ်သမား၊ ရဟန်းရှင်လူပြည်သူများကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းအဝါရောင်ကိုတိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု ကိုယ်စားပြုသော အဖြူရောင်ကြယ်တစ်ဆယ့်လေးလုံးကို ဝိုင်းရံထားခြင်းဖြစ်ပါတယ်။ ပါတီရဲ့တံဆိပ်ဟာလည်း ပါတီအလံနှင့် ထပ်တူဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

ဆက်လက်ပြီးတော့ ပါတီရဲ့မူဝါဒများကို တင်ပြပါမယ်။

(၁) ပါတီဟာ နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ ကျေးဇူးသစ္စာကို အမြဲစောင့်သိရိုသေပြီး နိုင်ငံတော်အာဏာသည် အမြဲတမ်း၊ နိုင်ငံသားများထံမှ ဆင်းသက်စေရပါမည်။

(၂) ပါတီသည် နိုင်ငံတော်အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူမည်။

(၃) ပါတီသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်။

(၄) ပါတီသည် နိုင်ငံသူ၊ နိုင်ငံသားတို့အပေါ် အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊အသိအမှတ်ပြုမှု၊ တန်းတူညီမျှမှု၊ သဘောထားကြီးမှု၊ သစ္စာရှိမှု၊ အထွေထွေ နားလည်သဟဇာတဖြစ်မှုတို့ကို ဦးတည်သည်။

(၅) (က) နိုင်ငံတော်အား လက်နက်စွဲကိုင်တော်လှန်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခြင်း၊

(ခ) နိုင်ငံတော်က မတရားသဖြင့် ကြော်ငြာခံထားရသော အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးကူညီခြင်း၊

(ဂ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ(သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်းတစ်ခုခု(သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခု(သို့မဟုတ်)လူပုဂ္ဂိုလ်တစ်ဦးဦး၏ထံမှ ငွေကြေး၊ ပစ္စည်းနှင့် အခြားအထောက်ပံ့ တို့ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်းနှင့်

(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်းတို့ကို လုံးဝရှောင်ကြဉ်မည်။

(၆) နိုင်ငံတော်ကို အဂတိလိုက်စားမှု ကင်းစင်သည့် နိုင်ငံတော်အနေဖြင့် စနစ်တကျ ကြိုးပမ်းဆောင်ရွက်မည်ဆိုသော မူဝါဒများကို ချမှတ်ထားပါသည်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

ပါတီရဲ့လုပ်ငန်းစဉ်များကိုလည်း အောက်ဖော်ပြပါအတိုင်းချမှတ်ထားပါတယ်။

(၁) ပညာရေး

ပါတီသည် ဘက်စုံအတွေးခေါ် အယူအဆမှန်ကန်ပြီး အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးဖြစ်စေမည့်

(က) စာမတတ်သူ ကင်းစင်ရေး၊

(ခ) မသင်မနေရ အခမဲ့မူလတန်းအဆင့်မှ အလယ်တန်း၊ အထက်တန်းပညာရေးစနစ်ကို ဖော်ဆောင်ရေး၊

(ဂ) အသက်မွေးဝမ်းကျောင်းပညာရေး၊

(ဃ) ဘုန်းတော်ကြီးသင်ပညာရေး၊

(င) ကျောင်းသားတိုင်း စိတ်ကြိုက်ဘာသာရွေးချယ်သင်ကြားနိုင်သောပညာရေး၊

(စ) ပညာသင်ထောက်ပံ့ကြေးနှင့် သုတေသနရန်ပုံငွေစနစ်၊

(ဆ) လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ထိုက်သင့်သည့် ငွေပင်ငွေရင်းများ ထည့်ဝင်အားပေးမြှင့်တင်ဆောင်ရွက်မည်။

(၂) ကျန်းမာရေး

ပါတီသည် တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ပျော်ရွှင်ရေးကို ဦးတည်၍

(က) အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊

( ခ ) ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု၊

( ဂ ) ကျန်းမာရေး စောင့်ရှောက်မှုရန်ပုံငွေထူထောင်ခြင်း၊

(ဃ) ကျန်းမာရေးစောင့်ရှောက်မှု အာမခံထားရှိရေးလုပ်ငန်းများကိုဆောင်ရွက်မည်။

(၃) စီးပွားရေး

(က) ပါတီသည် နိုင်ငံတော်၏ စီးပွားရေးတစ်ရပ်လုံးကို ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် နိုင်ငံတော်ပိုင်၊ သမဝါယမပိုင်၊အများပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်နှင့် ရင်းနှီးမြှုပ်နှံမှုပိုင်ဟု စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကို လွတ်လပ်စွာ အပြိုင်အဆိုင်လုပ်ကိုင်ခွင့်ရရှိစေရန် ဆောင်ရွက်မည်။

(ခ) ပါတီသည် အထူးစီးပွားရေးရုံးများ ထူထောင်ပြီး ပြည်ပအတတ်ပညာနှင့်အရင်းအနှီးများကို ဖိတ်ခေါ်ဆွဲဆောင်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဆောင်ရွက်မည်။

(၄) လူမှုရေး

ပါတီသည်

(က) ရှိရင်းစွဲအမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်

ပြီးသော ရက္ခိတတရားများ ပိုမိုထွန်းကားပြန့်ပွားရေး၊

(ခ) အမျိုးဘာသာစာပေ၊ ဂီတအနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်အောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်မည်။

(၅) တောင်သူလယ်သမားအရေး

(က) ပါတီသည် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့် အကျိုးစီးပွားများကို မြှင့်တင်စောင့်ရှောက်ကာကွယ်ခြင်းတို့ကို ဆောင်ရွက်မည်။

(ခ) လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိစေရမည်။

(ဂ) ပြည်ပဈေးကွက်ရရှိစေရန်နှင့် လိုအပ်သောအရင်းအနှီးများစရိတ်စကများ၊ နည်းပညာနှင့်ကုန်ကြမ်းများပံ့ပိုးရရှိစေရေးနှင့် ချေးငွေပံ့ပိုးမှုရရှိစေရေး။

(ဃ) ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော သီးနှံအမျိုးအစားများကိုစိုက်ပျိုးနိုင်ရေးအတွက် သတင်းအရင်းအမြစ်များ စုဆောင်းဆက်သွယ်ပေးခြင်း။

(င) တောင်သူလယ်သမားများ၏ အခွင့်အရေးများမဆုံးရှုံးစေရန် တောင်သူလယ်သမားအဖွဲ့အစည်း၊ တောင်သူလယ်သမားသမဂူ္ဂများဖွဲ့စည်း ဆောင်ရွက်နိုင်ရန်နှင့် တောင်သူလယ်သမားကိုတောင်သူလယ်သမား စစ်စစ်များကိုယ်တိုင် ဦးဆောင်နိုင်ပြီး နိုင်ငံတကာ ခေတ်မီနည်းပညာများ၊စီမံခန့်ခွဲမှုများ ကိုယ်တိုင်လေ့လာစေရန် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ ထူထောင်လုပ်ကိုင် နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်မည်။

(၆) အလုပ်သမား

(၁) ပါတီသည် အလုပ်သမားများ၏ လုပ်ပိုင်ခွင့်နှင့် အလုပ်သမားများ၏နစ်နာ မှုများကိုကာကွယ်စောင့်ရှောက်ပေးမည်။ နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များအတိုင်း အလုပ်ချိန်နှင့် အချိန်ပိုလုပ်အားခလစာ စံနှုန်းများအတိုင်း ရရှိရေး၊ လုပ်ငန်းခွင်သာယာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုများနှင့် ပတ်သက်၍ ထိုက်သင့်မျှတသည့်နစ်နာကြေးနှင့် လျော်ကြေးခံစားခွင့် ရရှိရေး၊ အိုနာစာရန်ပုံငွေများ တည်ထောင်ထားရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်မည်။

(၂) ပါတီသည်လုပ်အားစေခိုင်းခြင်းနှင့် ပတ်သက်ပြီး

(က) အရွယ်မရောက်သေးသည့် ကလေးငယ်များအား လုပ်ကိုင်ဆောင်ရွက်စေခြင်းမျိုး၊

(ခ) အခကြေးငွေမပေးဘဲ အလုပ်စေခိုင်းခြင်း၊

(ဂ) အခကြေးငွေနှင့် မထိုက်တန်သော အလုပ်ကို စေခိုင်းခံရခြင်း၊

(ဃ) တာဝန်နှင့်မသက်ဆိုင်သောအလုပ်ကို ခိုင်းစေခံရခြင်း၊

(င) လုပ်အားနှင့် ထိုက်တန်မှုမရှိသော အခကြေးငွေဖြင့်ခိုင်းစေခံရခြင်း

 (စ) စိတ်ဆန္ဒမပါသော အလုပ်အကိုင်၊၊ အတင်း အကျပ် ခိုင်းစေခံရခြင်းများကို မဖြစ်ပေါ်စေရန် အလေးထား ဆောင်ရွက်မည်။

(၃) ပါတီသည် အလုပ်သမားများ၏

(က) လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိစေရန်လူမှုဖူလုံရေးစနစ်ထူထောင်ကျင့်သုံးရေးနှင့်

(ခ) လုပ်ငန်းနယ်ပယ်အလိုက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် အလုပ်လက်မဲ့ပြဿနာများဖြေရှင်းနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်မည်။

(၄) ပါတီသည် အလုပ်သမား၏ အခွင့်အရေးများ၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် အလုပ်သမားအစည်းအရုံး(သို့မဟုတ်)သမဂ္ဂများဖွဲ့စည်းတည်ဆောက်နိုင်ရေးနှင့် အလုပ်သမားများ ကိုယ်တိုင် ထိုအလုပ်သမား အစည်းအရုံးသမဂ္ဂများကို ဦးဆောင်နိုင်ရေးနှင့် ပြည်ပနိုင်ငံများသို့သွားရောက်၍ လုပ်ငန်းနှင့်သက်ဆိုင်သော ခေတ်မီနည်းပညာများကိုလေ့လာနိုင်ပြီး အလုပ်သမားများကိုယ်တိုင် ပူးပေါင်းပါဝင်သည့် စက်မှု၊ လက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် အလုပ်သမားများ၏ အလုပ်ပိတ်ရက်များနှင့်အကျိုးခံစားခွင့်များသည် အစိုးရအလုပ်သမား များ၏ အကျိုးးခံစားခွင့်အတိုင်းဖြစ်စေရမည်။

(၇) နိုင်ငံခြားရေး

ပါတီသည် နိုင်ငံတကာနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုလက်ခံကျင့်သုံးပြီး နိုင်ငံအတွင်း၌ မည်သည့်နိုင်ငံခြားတပ်ဖွဲ့များကိုမှ တပ်ချခွင့်မပြုရေးတို့ကိုဆောင်ရွက်မည်။

လေးစားအပ်တဲ့မဲဆန္ဒရှင်များခင်ဗျား-

ကျွန်တော်တို့ပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကိုအကျဉ်းချုံးပြီး တင်ပြသွားခြင်းဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေက လည်းတော်တော်များပါတယ်။ ပါတီတွေဆွေးနွေးတင်ပြချက်တွေလည်း နိုင်ငံတော်ဖွံ့ဖြိုးရေးတည်ဆောက်ရာမှာ အသုံးဝင်လှပြီးကောင်းမွန်တဲ့ အချက်အလက်တွေဖြစ်တာကို တွေ့ကြရမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

အထက်ကဆိုခဲ့သလို ပါတီတွေရဲ့မူဝါဒကောင်းကြပါတယ်။ သဘောထားတွေကောင်းကြပါတယ်။ လုပ်ငန်းစဉ်တွေလည်းကောင်းကြပါတယ်။ အဲဒီ အကောင်း တွေချည်းဖော်ပြထားတဲ့ပါတီတွေက ဝင်ရောက်ရွေးချယ်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေ ကောင်းကြဖို့လိုအပ်ပါတယ်။ အဓိကပြောလိုတာက လူကောင်းတွေလိုအပ်လှပါတယ်။

လူသာလျှင်အဓိကကျပါတယ်။ လူတွေမကောင်းကြလျှင် မူတွေဘယ်လောက်ကောင်းကောင်း တိုင်းပြည်ဟာမတိုးတက်နိုင်ပါဘူး၊ နိုင်ငံတော်မှာမှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ/နိုင်ငံသားတွေကလည်း ဆင်းရဲတွင်းက ဘယ်တော့မှ တက်လာနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်ချိန်မှာ လူကောင်းတွေလိုအပ်ပါတယ်။ နိုင်ငံတော်ကို ချစ်ခင်မြတ်နိုးတဲ့ လူတွေလိုအပ် ပါတယ်။

ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လူတွေလိုအပ်ပါတယ်။ သီလ၊ သိက္ခာ၊ သမာဓိရှိတဲ့လူတွေလိုအပ်ပါတယ်။ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ လူတွေလိုအပ်ပါတယ်။မခွဲခြားဘဲ ဆက်ဆံပြုမှုတတ်တဲ့ ခေါင်းဆောင်တွေလိုအပ်ပါတယ်။ တိုင်းပြည်ကောင်းအောင် တည်ဆောက်နိုင်မယ့် ခေါင်းဆောင်တွေ ရွေးချယ်ပေးဖို့လိုအပ်ပါတယ်။မိမိနိုင်ငံကို ကမ္ဘာ့နိုင်ငံများအလယ်မှာ ဂုဏ်သိက္ခာရှိသောနိုင်ငံတော်ကြီးအဖြစ်တည်ဆောက်ပေးနိုင်မည့် ခေါင်းဆောင်များကို ရွေးချယ်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာမဲဆန္ဒရှင်ပြည်သူများအနေနှင့် အရွေးမမှားဘဲ မိမိတို့ရဲ့အသည်းကြားက မဲတစ်ပြားကိုတန်ဖိုးရှိရှိနဲ့ အသုံးပြုနိုင်ကြပါစေလို့ မေတ္တာရပ်ခံလျက် ကျွန်တော်တို့ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီရဲ့တင်ပြချက်များကို ရပ်နားအပ်ပါသည်ခင်ဗျား -

အားလုံးကို ကျေးဇူးတင်ပါသည်ခင်ဗျား။

၈၈ မျိုးဆက်ဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  88 Generation Democracy Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၈.၇.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးစိုးမြင့်ပါ(၁၉)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစိုးမြင့်၊ ဦးမင်းဆွေ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၇.၄.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၀.၅.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၆.၆.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၇)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၃၃)၊ ငန်းတေးလမ်းမကြီး၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉- ၃၃၃ ၅၁၈၃၂ ( ဦးစိုးမြင့်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly