ကမ္ဘာ့ အဝဖြိုးဆုံးသော ရှားပါးကြက်တူရွေးမျိုးစိတ်ရဲ့ သားပေါက်မှုနှုန်း စံချိန်တင် မြင့်တက်လာ

ကမ္ဘာ့ အဝဖြိုးဆုံးသော ရှားပါးကြက်တူရွေးမျိုးစိတ်ရဲ့ သားပေါက်မှုနှုန်း စံချိန်တင် မြင့်တက်လာ

ဧပြီ ၂၁ ။     ။ မျိုးသုဉ်းအန္တရာယ် စိုးရိမ်နေရတဲ့ kakapo ခေါ် ကမ္ဘာ့အဝဖြိုးဆုံး ကြက်တူရွေးငှက်မျိုးစိတ်ကတော့ ယခုအခါ စံချိန်တင် သားပေါက်ရာသီတစ်ခုကို ပိုင်ဆိုင်ထားခဲ့ကြောင်း နယူးဇီလန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Kakapo ဆိုတာကတော့ ဇီးကွက်ကြက်တူရွေးလို့လည်း ခေါ်ကြပြီး ရှားပါးငှက်မျိုးစိတ်တစ်မျိုးဖြစ်ကာ နယူးဇီလန်မှာ နေထိုင်ကျက်စားပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့ ကြက်တူရွေးဆိုလို့ ဒီ kakapo တစ်မျိုးပဲ ရှိပါတယ်။

မူလက ကောင်ရေ အင်မတန် ရှားပါးနေခဲ့တဲ့ ယင်း ကြက်တူရွေးမျိုးစိတ်ကတော့ ခုလက်ရှိချိန်မှာ မျိုးပွားသားပေါက်မှုနှုန်း ကောင်းနေပြီး ဒါဟာ ရာသီဥတု ပြောင်းလဲခြင်းက ယင်းမျိုးစိတ်တွေရဲ့ ထူးခြားတဲ့ မျိုးပွားဇီးတင်မှု အခြေအနေကို ကူညီပေးနေဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ဒီ ဇီးကွက်ကြက်တူရွေးတွေ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီလို့တောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက ထင်မြင်ခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယခုနှစ်ထဲမှာတော့ ယင်းငှက်မျိုးစိတ်ရဲ့ ငှက်ပေါက်စ ၇၅ ကောင်ထက်  မနည်း ရှင်သန်ဖွယ် ရှိကြောင်း သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အန်ဒရူး ဒစ်ဘိုင်က ပြောပါတယ်။

ဒါ့အပြင် ယင်း kakapo ငှက်ဥ အနည်းဆုံး ၂၄၉ လုံးလောက်လည်း မကြာခင် အကောင်ပေါက်လာတော့မယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ပြန်လာပါတယ်။

ယင်းအတွက်ကြောင့် ယခုလက်ရှိ အရွယ်ရောက်ပြီး kakapo ကောင်ရေ ၁၄၇ ကောင်လောက် ရှိနေမှုကို လက်ရှိ အားကောင်းတဲ့ သားပေါက်မှုနှုန်းကြောင့် သိသိသာသာ ကောင်ရေ တိုးပွားလာစေဖို့ ရှိနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required