နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့ သွားရောက်မည်
ဓာတ်ပုံ - သူရ

ဧပြီ ၂၁ ။     ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်မည် ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် အဆိုပါဖိုရမ်သို့ တက်ရောက်ရန် မကြာမီကာလအတွင်း သွားရောက်မည်ဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative - BRI) အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်တွင် ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်ခဲ့သေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက်အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ချို ဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက် သွားရောက်မည် ဖြစ်သည်ဟု သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဦးဆောင် အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ (၆၀) ကျော် ပါဝင်နေပြီး ၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် မဟာဗျူဟာကျသည့် နေရာ၌ တည်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly