ကွယ်လွန်ပြီး ၅ နှစ်အကြာတွင် ဟံသာဝတီဦးဝင်းတင် ပုံစံတူနေအိမ်ကို ဖွင့်လှစ်နိုင်ခဲ့

ကွယ်လွန်ပြီး ၅ နှစ်အကြာတွင် ဟံသာဝတီဦးဝင်းတင် ပုံစံတူနေအိမ်ကို ဖွင့်လှစ်နိုင်ခဲ့
ဓာတ်ပုံ - သူရ

ရန်ကုန်၊ ဧပြီ ၂၁ ။     ။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နေအိမ် ( U Win Tin House) ကို  ဧပြီ ၂၁ ရက်နေ့က အရှေ့ဒဂုံ မြို့နယ်၊ ၁၁ ရပ်ကွက်၊  ဟိုင်ဆင်ဒူးဝါးလမ်းရှိ အိမ်အမှတ် ၄၄၈ တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ပြီး ၅ နှစ်တိတိပြည်ၿပီးသောအချိန်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး အသက် ရှင်စဉ်က နေထိုင်ခဲ့သည့် ပုံစံတူနေအိမ်အတိုင်း(သစ်သားကိုယ်ထည်အုတ်မြစ်) ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ယခင်က ပြတိုက်လုပ်မည်ဟု ဒီမိုကရေစီအင်အားစုများဘက်မှ ပြောဆိုနေကြသော်လည်း အကောင်အထည် မပေါ်ခဲ့ဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဦးဝင်းတင်နောက်ဆုံးနေထိုင်ခဲ့သော ကျောက်ကုန်းနေအိမ်ဝင်းရှိ အိမ်ငယ်ကို တဆင့်ဝယ်ယူခဲ့သူက အကြောင်းရင်း မသိရှိဘဲ ဖြိုချခဲ့ပြီးတဲ့နောက်  နေအိမ်တည်ဆောက်ရန် အစပြု ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

“ အခုက ပြတိုက်ဆိုတာထက် အဘ နေခဲ့တဲ့ နေအိမ်လေးပါ၊ နေအိမ်ကို ပုံစံတူ ပြန်ပြီးဆောက်လုပ်တာပါ၊ အဓိက ဘာကြောင့်ဖြစ်သွားလဲဆိုတော့ လွန်ခဲ့တဲ့ ၅ နှစ်က အဘ ကွယ်လွန်ခဲ့တုန်းက အဘ နဲ့ပတ်သက်ပြီး ၊ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ဒီမိုကရေစီအရေးအတွက် စွန့်လွှတ်ခဲ့သူတွေ၊ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့သူတွေ နဲ့ ပတ်သက်ပြီး အမှတ်တရ လုပ်မယ်ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ အဖွဲ့လေး ဖွဲ့ထားပါတယ်။ " ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်ဖြူဖြူသင်းက ပြောသည်။

အဆိုပါနေအိမ်ကို တစ်လခွဲကျော်တည်ဆောက်ခဲ့ပြီး မတ်လအတွင်းက စတင်တည်ဆောက်ခဲ့ကာ နေအိမ် ဟောင်းမှ ပစ္စည်းများကိုပါ ပြသထားသည်။

" အကုန်လုံးပေါ့ ၊ အားလုံးရဲ့စိတ်ထဲမှအဘ နေခဲ့တဲ့နေရာလေးကို မပျောက်ပျက်စေချင်ဘူး ၊ နောက်တစ်ခုက အဘနဲ့ပတ်သက်ပြီးတော့ မှတ်တမ်းတွေထားရဲမဲ့ဟာတွေက တော်တော်များပါတယ် ၊ စာအုပ်တွေ ရှိတယ်၊ အဘနဲ့ပတ်သက်တဲ့ပန်းချီကားတွေ ရှိတယ်၊ စတဲ့ အမှတ်တရတွေ အများကြီး ရှိပါတယ် ၊ ဒါကို ကျွန်မတို့ နောင်လာနောင်သားတွေကို လေ့လာသင့်တယ်၊ အဓိက ကျွန်မတို့ရဲ့ နိုင်ငံရဲ့ အပြောင်းအလဲကာလမှ နိုင်ငံကို ဒီမိုကရေစီအရေးအတွက် စွန့်လွှတ်ခဲ့တဲ့တစ်ယောက် အပါအဝင်ဖြစ်တဲ့ အဘကို ဘယ်လို နေရာမှာနေပြီးတော့ နိုင်ငံအတွက်ကို ဘယ်လို လုပ်ကိုင်ဆောင်ရွက်ခဲ့သလဲ၊ ဘယ်လိုစာတွေရေးခဲ့သလဲ ၊ ပြည်သူလူထုအတွက် ဘာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို နောင်တစ်ချိန် နောင်လာနောင်သားတွေ သိစေချင်ပါတယ် " ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဟံ သာဝတီ ဦးဝင်းတင် နေအိမ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်ပြီး ပြောသည်။

ဦးဝင်းတင်အိမ်( U Win Tin House)  နေအိမ်ဖွင့်ပွဲသို့ ၈၈ မျိုးဆက် ကျောင်းသောင်း လောင်း များ ၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တက်ရောက်ပြီး ဟံသာဝတီဦးဝင်းတင်နှင့် ပတ်သက်ပြီး အမှတ်တရစကားများ ပြောခဲ့ကြသည်။

၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ မွေးဖွားခဲ့သည့် ဦးဝင်းတင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲထူထောင်သူတစ်ယောက်ဖြစ်သည်။

အမှောင်ခေတ်ကို တော်လှန်ခဲ့သူဟု လူသိများသည့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့မှာတော့ ကျောက်ကပ်ရောဂါဖြင့် အသက် (၈၅) နှစ် အရွယ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly